ဖော်ပြချက်/အကြောင်းအရာ:
"၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာနိုင်ငံအခြေအနေ များနှင့် စပ်လျဉ်း၍ ဆက်လက်အလေးပေးအာရုံစိုက်မှုကို ကြိုဆိုပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် (၅၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပေါ် မိမိတို့အစိုးရ၏ သဘောထားကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
၂။ မြန်မာပြည်သူလူထု၏ တရားဝင်ကိုယ်စားပြုဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရသည် အာဆီယံနှင့် ဆက်လက်၍ အပြည့်အဝ ပူပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းရန်ကြိုးပမ်းမှုသည် အာဆီယံပဋိညာဉ်တွင် ပြဌာန်း ထားသည့် ဒီမိုကရေစီစနစ်၊ တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဆိုင်ရာ အာဆီယံ ၏အခြေခံမူများကို တိုက်ရိုက်စော်ကားလိုက်ခြင်း ဖြစ်ပါသည်။
၃။ အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း၊ အကြမ်းဖက်စစ်တပ်သည် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်အား အကောင်အထည်ဖော်ဆောင်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန် ဖောက်ဖျက်လျက်ရှိပါသည်။ ဤကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားမိတ်ဖက် များအနေဖြင့် နယ်မြေထိန်းချုပ်မှုများ သိသာထင်ရှားစွာ ရယူနိုင်ခဲ့ပြီး၊ ဝန်ဆောင်မှုနှင့် အုပ်ချုပ်မှုများကို လည်း ပိုမို၍ ပံ့ပိုးပေးလျက်ရှိပါသည်။ ယင်းအချက်က အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်း၏ တိုင်းရင်း သားနှင့် အရပ်ဘက်အဖွဲ့အစည်း မိတ်ဖက်များသည် အာဆီယံအတွက် တရားဝင်ဆွေးနွေးဖက်များ ဖြစ်ကြောင်း ဖော်ပြလျက်ရှိပါသည်။ ထို့ကြောင့် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ရန်၊ ပိုမိုအားကောင်းသော ချဉ်းကပ်မှုနည်းလမ်းတစ်ရပ် ရှာဖွေ ဖော်ထုတ်ရန်နှင့် အကြမ်းဖက်စစ်တပ်အား ၎င်း၏လုပ်ရပ်များအတွက် တာဝန်ခံမှုရှိစေရေး သံတမန်ရေး အရ ဖိအားပေးမှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် တောင်းဆိုအပ်ပါသည်။ အာဆီယံဆက်စပ်အစည်းအဝေး များတွင် အကြမ်းဖက်စစ်တပ်၏ အဖွဲ့ဝင်များနှင့် ၎င်းကခန့်အပ်ထားသူများကို ဆက်လက်ကိုယ်စားပြု ပါဝင်စေခြင်းသည် အကြမ်းဖက်စစ်တပ်၏ အကျိုးစီးပွားကိုသာ ထင်ဟပ်ပြီး၊ မြန်မာပြည်သူလူထု၏ စိတ်ဆန္ဒနှင့် ကောင်းကျိုးကို လုံးဝထင်ဟပ်ခြင်း မရှိပါ။
၄။ ထို့အပြင် စစ်အုပ်ချုပ်မှုကို တရားဝင်စေရန်ရည်ရွယ်သည့် စစ်အုပ်စုက ကျင်းပပြုလုပ်မည့် “အတု အယောင်ရွေးကောက်ပွဲ” သည် မြန်မာနိုင်ငံ၏ လက်ရှိပြဿနာများကို ပြေလည်စေမည် မဟုတ်ဘဲ၊ အခြေ အနေများ ပိုမိုရှုတ်ထွေးစေပြီး၊ ဒေသတွင်း မတည်ငြိမ်မှုနှင့် မလုံခြုံမှုများကိုသာ ပို၍ဖြစ်စေနိုင်ပါသည်။ မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရေးဆောင်ရွက်ရာတွင် ရေတိုဆေးမြီးတို ဖြေရှင်းနည်းထက် ပြဿနာ၏အရင်းအမြစ်ကို ကုစားသည့် ရေရှည်ခံမည့်ဖြေရှင်းနည်းများကို ဦးစားပေး ရှာဖွေရန်၊ ယင်း “အတုအယောင် ရွေးကောက်ပွဲ” လုပ်ငန်းစဉ်ကို လုံးဝငြင်းပယ်ရန်နှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အတွက် ကြိုးပမ်းတိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူလူထုကို အားပေးထောက်ခံရန် အာဆီယံအား တိုက်တွန်းပါသည်။
၅။ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံ အဖွဲ့ဝင် နိုင်ငံများထံသို့ အောက်ပါတို့အား တောင်းဆိုအပ်ပါသည် -
(က) အာဆီယံဘုံသဘောတူညီချက် (၅)ရပ်အား ပြန်လည်သုံးသပ်ခြင်းနှင့် အကောင်အထည် ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်အပါအဝင် ထိတွေ့ဆက်ဆံမှုများတွင် အမျိုးသားညီညွတ်ရေး အစိုးရနှင့် ၎င်း၏ တိုင်းရင်းသားနှင့် အရပ်ဘက်အဖွဲ့အစည်း မိတ်ဖက်များအား မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူလူထု၏ တရားဝင်ကိုယ်စားလှယ်များအဖြစ် တိုက်ရိုက်ထိတွေ့ဆက်ဆံ ရန်၊
(ခ) အကြမ်းဖက်စစ်တပ်အပေါ် ဖိအားများ တိုးမြှင့်ရန် - အရပ်သားပြည်သူများအား ခွဲခြားထား မှုမရှိသော လေကြောင်းတိုက်ခိုက်မှုများကိုတားဆီးရန်အတွက် ဂျက်လေယာဉ်လောင်စာ ဆီ ကန့်သတ်ချက်များအပါအဝင် အကြမ်းဖက်စစ်တပ် ခေါင်းဆောင်ပိုင်းနှင့် ၎င်းတို့နှင့် ဆက်စပ် အဖွဲ့အစည်းများအပေါ် ပစ်မှတ်ထားသော အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်၊
(ဂ) ဒုက္ခသည်များကို ကာကွယ်စောင့်ရှောက်ရန်- မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးခိုလှုံလာသူများအား လက်ခံပေးရန်၊ ကာကွယ် စောင့်ရှောက်ပေးရန်နှင့် ကူညီပေးရန်တို့အတွက် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများထံသို့ တိုက်တွန်းရန်၊
(ဃ) နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လွယ်ကူ ချောမွေ့စွာ ပို့ဆောင်ပေးရန်- တိုင်းရင်းသားနှင့် အရပ်ဘက်အဖွဲ့အစည်းများမှတဆင့် ဆောင်ရွက်သည့် နည်းလမ်းများအပါအဝင် အကြမ်းဖက်စစ်တပ်၏ အတားအဆီးများကို ကျော်လွှားကာ မရှိမဖြစ်လိုအပ်သောအကူအညီများအားလိုအပ်နေသူများထံသို့ တိုက်ရိုက် ပေးပို့နိုင်မည့် ယန္တရားများ ထူထောင်ရန်၊
(င) နိုင်ငံတကာအကူအညီများ တောင်းခံရန်- အာဆီယံအနေဖြင့် ပြင်ပမိတ်ဖက်များနှင့် နိုင်ငံ တကာ အသိုင်းအဝိုင်းထံမှ တောင်းခံမည့် အကူအညီအမျိုးအစားများကို သတ်မှတ်၍ (၂၀၂၃) ခုနှစ် အာဆီယံခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်(၅)ရပ်အား အကောင် အထည်ဖော်ဆောင်ခြင်းဆိုင်ရာ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် အပိုဒ်(၁၇) အား ဆက်လက် အကောင်အထည်ဖော်ဆောင်ရန်၊
၆။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဆီယံသည် မြန်မာနိုင်ငံ၏အကျပ်အတည်းကို ဖြေရှင်း ရာ၌ အရေးပါသော ဦးဆောင်မှုအခန်းကဏ္ဍတွင် ရှိနေကြောင်း ယုံကြည်ပါသည်။ ပဋိပက္ခများ၏ မူလ အရင်းခံအကြောင်းများကို ဖြေရှင်းနိုင်ပြီး၊ မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခများကို ဖယ်ရှားပေးနိုင်မည့် ထိရောက်သည့် ဆောင်ရွက်ချက်များကို လျင်မြန်စွာ ပြတ်ပြတ်သားသား လုပ်ဆောင်ရန်ကိုလည်း အလေး အနက် တိုက်တွန်းအပ်ပါသည်။
၇။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိတ်ဖက်များအနေဖြင့် ခိုင်မာသော အသွင်ကူးပြောင်းရေး အစီ အစဉ်ကိုရေးဆွဲချမှတ်ကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည် ဖော်ဆောင် နိုင်ရေးအတွက် ပြည့်စုံကျယ်ပြန်သည့် မဟာဗျူဟာကို အကောင်အထည် ဖော်ဆောင်လျက်ရှိပါသည်။ အကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး တရားမျှတသော အဖြေကို ရှာဖွေနိုင်ရန် အာဆီယံနှင့် အားလုံးသော သက်ဆိုင်သူများနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။ မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့ကို ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် အတူတကွ လုပ်ဆောင်နိုင်ကြမည်ဟု ခိုင်မာစွာ ယုံကြည်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ..."
ရင်းမြစ်:
Ministry of Foreign Affairs - Myanmar - NUG
Date of Publication:
2024-07-27
Date of entry:
2024-07-27
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
447.54 KB
Resource Type:
text
Text quality:
- Good
