"စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း"

Description: 

"မျှော်မှန်းချက် (Vision) ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာ (Identity) များကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ဦးတည်ချက် (Objectives) (က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် (ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန် (ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန် (ဃ) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန် (င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန် (စ) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန် ရပ်တည်ချက် (Position) (က) မြန်မာစစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုသည် တရားမ၀င်ကြောင်း ကြေညာပြီး အာဏာသိမ်းမှုကို အကြွင်းမဲ့ ဆန့်ကျင်ရှုတ်ချသည်။ (ခ) အာဏာသိမ်းမှုသည် မြန်မာစစ်တပ်ကိုယ်တိုင် တဖက်သတ် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်တော့ပါ။ (ဂ) ၂၀၂၀ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှု အတွက် အသုံးချရန် ဖြစ်သည်။ ထိုသို့အသုံးချခြင်းသည် စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားရေး နှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေကြသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အား ပြည်သူလူထု၏ မဲပေးရွေးချယ်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်သည်။ တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ် တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ် တည်ဆောက်သွားရန် ဖြစ်သည်။ (ဃ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည်မဟုတ်သည့်အပြင် အာဏာသိမ်းမှု တရားဝင်ဖြစ်စေပြီး မြန်မာစစ်တပ်ကို ကာလ အကန့်အသတ်မရှိ အုပ်ချုပ်ခွင့် ပေးခြင်းသာ ဖြစ်မည်။ (င) စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရှိစေရ။ (စ) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ရန် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်နှင့်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ် လိုအပ်သည်။ (ဆ) နိုင်ငံရေးအခွင့်ထူးခံများအချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည် မဟုတ်ပါ။ (ဇ) အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံဆိုင်ရာ အဖြေရှာမှု လုပ်ငန်းစဉ်များတွင် ညှိနှိုင်း ပူးပေါင်းပါဝင်သွားမည်။ (ဈ) ဒေသအတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဦးတည်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သွားမည်။ လုပ်ငန်းစဉ် အဆင့်ဆင့် (က) စစ်ကောင်စီ/မြန်မာစစ်တပ် အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း/ပြည်ပ) ဖိအားပေးခြင်း။ (ခ) မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း။ (ဂ) စစ်အာဏာသိမ်းမှု အဆုံးသတ်၍ စစ်ကောင်စီ (သို့) မြန်မာစစ်တပ်ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်ခြင်း။ (ဂ-၁) အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ ပါဝင်၍ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း။ (ဂ-၂) တော်လှန်ရေးအလွန်တွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်း ခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကိုဖွဲ့စည်းခြင်း။ (ဂ-၃) ဖက်ဒရယ်ယူနစ်အစိုးရများကို သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်အလိုက်လွတ်လပ်စွာ ဖွဲ့စည်းခြင်း။ (ဃ) သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖေါ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးချမှတ်ခြင်း။ (ဃ-၁)ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကိစ္စကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ အဓိက သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာညှိနှိုင်း ဆောင်ရွက်ခြင်း။ (င) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းခြင်း။ (စ) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက် အကောင်အထည်ဖေါ်ခြင်း။ ကျွန်ုပ်တို့သည် ဤ နိုင်ငံရေးမျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် မဟာဗျူဟာအရအရေးကြီးသည့် ကဏ္ဍစုံတွင် ပူးပေါင်းညှိနှိုင်းရေး ယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်သည့် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းညှိနှိုင်း၍ အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်သည်။ ဆက်သွယ်ရန်- ၁။ ဆလိုင်းထက်နီ (CNF) (+91 69097 51721)‬ ၂။ အောင်ဆန်းမြင့် (KNPP) (+66 307 49087) ၃။ ပဒိုစောတာဒိုမူး (KNU) (+66 646459113) ၄။ ဦးတင်ထွန်းနိုင် (NUG) (+1 9383007007)..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2024-01-31

Date of entry: 

2024-01-31

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

938.33 KB

Resource Type: 

text

Text quality: 

    • Good