ဖော်ပြချက်/အကြောင်းအရာ:
"ရဲဘော်တို့-
ဒီနေ့ဟာ မြန်မာသက္ကရာဇ်အားဖြင့် ၁၃၈၄ ခုနှစ်ကနေ ၁၃၈၅ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူးနေ့၊ နှစ်ဆန်း (၁) ရက်နေ့ဖြစ်တယ်။ မြန်မာနှစ်သစ်မှာ ရဲဘော်တို့အားလုံး ဘေးဘယာကင်းကွာ ကျန်းမာ၊ ချမ်းသာပြီး တိုင်းပြည်နဲ့လူထုတာဝန်ကို ဆက်လက်ထမ်းပိုး ရွက်ဆောင်နိုင်ကြပါစေလို့ နှစ်သစ်ကူးဆုမွန် တောင်းလိုက် ပါတယ်။
ရဲဘော်တို့-
အခုချိန်မှာ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေး စတဲ့အဖက်ဖက်မှာ အရေးမလှ၊ အကြပ်အတည်းဆိုက်နေတာကို တွေ့မြင်ရမှာဖြစ်တယ်။ စစ်ရေးအရ ကြည့်မယ်ဆိုရင် စစ်အုပ်စုအဖို့ ဒင်းတို့ စစ်စခန်း၊ ရဲစခန်းကနေ အပြင်ထွက်လိုက်တာနဲ့ပဲ “ရန်သူ့နယ်မြေ”၊ “ငါတို့ မလုံခြုံဘူး၊ အသက်အန္တရာယ်ရှိတယ်” ဆိုတဲ့ စိတ်ခံစားချက်ကို ရရှိနေမှာဖြစ်တယ်။ အခု ငါတို့ PDF တပ်မတော်ဟာ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်မှုနဲ့ ပြည်သူကို အခြေခံတဲ့ “ပြည်သူ့စစ်မဟာဗျူဟာ” ကို စနစ်တကျ စွဲကိုင်၊ ချမှတ်ဆောင်ရွက်နေတာဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စုဟာ တနိုင်ငံလုံး နိုင်ငံ့မြောက်ဖျား ပူတာအိုလိုနေရာကနေ ဟိုးတောင်ဖျား မြိတ်၊ ထားဝယ်အထိမှာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေနဲ့ စစ်မျက်နှာဖွင့် ရင်ဆိုင်နေရတာဖြစ်တယ်။ အားလုံးရဲ့ စုပေါင်းတိုက်ပွဲဝင် ကြိုးပမ်းမှုကြောင့် အခုဆိုရင် မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ အများအပြားကို ငါတို့ရဲ့ စိုးမိုးနယ်မြေအဖြစ် ဖော်ဆောင်နိုင်ပြီဖြစ်တယ်။ ဒါ့အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာလည်း မြို့ပြပျောက်ကြားလှုပ်ရှားမှုတွေက စစ်အုပ်စုကို စဉ်ဆက်မပျက် ခြိမ်းခြောက်၊ ဒုက္ခပေးနေတာဖြစ်တယ်။ သေချာတာကတော့ အကြမ်းဖက် စစ်အုပ်စုဟာ ငါတို့ပြည်သူ့တော်လှန်ရေးကို အနိုင်ယူ၊ ဖြိုဖျက်နိုင်ဖို့ဆိုတာ ရုပ်ဝတ္ထုအင်အားအရကော စိတ်ဓာတ်အင်အားအရ လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတာပဲ။ စစ်အာဏာသိမ်းပြီးနောက် လက်နက်စွဲကိုင် ခုခံတော်လှန်ရေး အချိန် (၂) နှစ်မပြည့်ခင်မှာ ဒီလောက်ထိ အခြေအနေမျိုး ရောက်အောင် ဝိုင်းဝန်းကြိုးပမ်း တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတရပ်လုံးနဲ့အတူ PDF တပ်မတော်သားအားလုံးကို အထူးဂုဏ်ပြုကြောင်းလည်း ပြောကြားချင်တယ်။
ရဲဘော်တို့-
တဖက်မှာလည်း အဖက်ဖက်က အကြပ်အတည်းဆိုက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ တော်လှန်ရေးကို တတ်နိုင်သမျှ ဟန့်တားနှောက်ယှက်ဖို့ ပုံစံမျိုးစုံနဲ့ အားထုတ်ကြိုးပမ်းနေတယ်ဆိုတာကို သတိချပ်ကြဖို့လိုတယ်။ အထူးသဖြင့်၊ ကြွက်မနိုင် ကျီ မီးနဲ့ရှို့ဆိုတာလိုပဲ စစ်အုပ်စုဟာ ငါတို့ PDF တပ်မတော်ကို အနိုင်ယူဖို့ မဖြစ်တော့တဲ့အခါ သာမန်ပြည်သူတွေကို တမင်ဦးတည်ပြီး တိုက်ခိုက်တာတွေ၊ အကြမ်းဖက်တာတွေကို ပိုပြီးလုပ်လာတယ်။ နောက်၊ အခုချိန်မှာ သူတို့ရဲ့ ပဓာနအားသာချက်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ဘက်-အရပ်ဘက် ပစ်မှတ်မခွဲခြားဘဲ တောက်လျောက်လုပ်နေတယ်။ အရပ်သားပြည်သူ ကျေးရွာတွေကို ပိုပြီး မီးရှို့လာတယ်၊ ဖျက်ဆီးလာတယ်။ ဒါကပြောရရင် ဒင်းတို့ ဖက်ဆစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်သလို ငါတို့ PDF တပ်မတော်အနေနဲ့ကတော့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို ပိုပြီး ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်တယ်။
ရဲဘော်တို့-
အခုလို ငါတို့ပြည်သူ့တော်လှန်ရေးနဲ့ PDF တပ်မတော်တို့ အရှိန်တခု၊ အခြေအနေတခုကို ရောက်လာတဲ့ အချိန် ငါတို့တွေအားလုံး သတိပြု၊ သတိချပ်ရမယ့် အကြောင်းအရာတခုကိုလည်း ပြောချင်တယ်။ ဒါကတော့ ရန်သူက ငါတို့တော်လှန်ရေးကို ပုံဖျက်ဖို့၊ ငါတို့ PDF တပ်မတော်ရဲ့ ပုံရိပ်ကို ကျဆင်းစေဖို့နဲ့ သွေးခွဲဖြိုဖျက်နိုင်ဖို့ နည်းလမ်းမျိုးစုံက ကြိုးပမ်းလာတာပဲ။ ငါတို့ဟာ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ပွဲ ဝင်နေချိန်မှာ တဖက်ကလည်း ငါတို့ PDF တပ်မတော်ကို ကျားကုတ်ကျားခဲ တည်ဆောက်နေရတာလည်း ဖြစ်တယ်။ အမိန့်ပေးကွပ်ကဲမှုစနစ် မှန်ကန်၊ အားကောင်း၊ ခိုင်မာတဲ့ တပ်မတော်တရပ်ဖြစ်ဖို့၊ ကျင့်ဝတ် စည်းကမ်း ကောင်းမွန်တဲ့ တပ်မတော်တရပ်ဖြစ်ဖို့ ငါတို့အားလုံး ကြိုးပမ်း တည်ဆောက်နေတာ ဖြစ်တယ်။ ငါတို့ PDF တပ်မတော်ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်မှုဟာ ဒီတော်လှန်ရေးအောင်ပွဲနဲ့ တိုက်ရိုက် အချိုးကျနေတယ်ဆိုတာလည်း ရဲဘော်တို့ နားလည်ကြပြီးဖြစ်တယ်။
ရဲဘော်တို့-
ပြည်သူ့တော်လှန်ရေးကြီး အောင်ပွဲဝင်ဖို့အရေးမှာ ငါတို့ PDF တပ်မတော်ကြီး စုစည်းခိုင်မာ အားကောင်း ဖို့က အသက်တမျှ အရေးကြီးတယ်ဆိုတာကို အလေးအနက် ပြောချင်တယ်။ PDF တပ်မတော်ရဲ့ ဂုဏ်သတင်းကောင်းကို ဆက်လက်ထိန်းသိမ်း၊ မြှင့်တင်ကြဖို့ ရဲဘော်တို့ အားလုံးမှာ တာဝန်ကိုယ်စီ ရှိတယ်။ PDFတပ်မတော်ရဲ့ ဂုဏ်ကိုဆောင်နိုင်တာက ရဲဘော်တို့ဖြစ်သလို PDF ရဲ့ ဂုဏ်ကို ကျဆင်းစေနိုင်တာကလည်း ရဲဘော်တို့ပဲ ဖြစ်တယ်။ ဒါကို အားလုံးက အထူးသဘောပေါက် နားလည်ကြစေချင်တယ်။
ငါတို့ရဲ့ PDF တပ်မတော်ဟာ ပြည်သူက အားကိုးတဲ့၊ ပြည်သူက ချစ်မြတ်နိုးတဲ့ ပြည်သူ့အချစ်တော် PDF တပ်မတော်အဖြစ် အမြဲတမ်း ဆက်လက်ရပ်တည်နိုင်ရမှာ ဖြစ်တယ်။ တဖက်က အကြမ်းဖက် စစ်အုပ်စု ကတော့ အားလုံးသိကြတဲ့အတိုင်း ပြည်သူ့ချဉ်ဖတ်၊ပြည်သူ့အော့နှလုံးနာရတဲ့ လက်နက်ကိုင်လူသတ်ဂိုဏ်း၊ ဓားပြဂိုဏ်းအကြီးစားကြီးပဲ ဖြစ်တယ်။ တပ်မတော်ဆိုတဲ့ စကားလုံးနဲ့ အဲ့ဒီအကြမ်းဖက်အဖွဲ့နဲ့လုံးဝ မထိုက် တန်ဘူး။ အခုချိန်မှာ လက်နက်စွဲကိုင်ကြတာချင်း တူပေမယ့် ငါတို့ PDF တပ်မတော်ရဲ့ လက်နက်က ပြည်သူ ကို ကာကွယ်ဖို့၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ဖို့ ဖြစ်တယ်။ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုရဲ့ လက်နက်ကတော့ ငါတို့ ပြည်သူကို သတ်ဖို့၊ ဖြတ်ဖို့၊ နှိပ်စက် ဖို့ပဲဖြစ်တယ်။ ငါတို့ PDF တပ်မတော်နဲ့ ဒီအကြမ်းဖက်အုပ်စုဟာ လက်နက်ကိုင်ရခြင်း၊ တည်ရှိရခြင်း အဓိပ္ပာယ်နဲ့ အနှစ်သာရက မိုးနဲ့မြေလို၊ အဖြူနဲ့ အမည်းလို ကွာခြားတယ်၊ ကွာခြားမှလည်း ရမယ်ဆိုတာ ရဲဘော်တို့ သဘောပေါက် နားလည်ပြီးဖြစ်တယ်။
ရဲဘော်တို့-
အခု ကူးပြောင်းရောက်ရှိလာတဲ့ မြန်မာနှစ်သစ် ၁၃၈၅ ခုနှစ်ဟာ ငါတို့တော်လှန်ရေးအနေနဲ့ပြောမယ်ဆိုရင် ခုခံတွန်းလှန်စစ် ဒုတိယနှစ် ဖြစ်တယ်။ ဒီနှစ်မှာ ငါတို့တွေ အရင်ထပ်ပိုပြီး ရုန်းကြမယ်၊ ညီကြမယ်၊ တသံတည်းညီ တချီတည်းရုန်းကြဖို့ ဖြစ်တယ်။ ငါတို့တော်လှန်ရေးနဲ့ အရွေ့ဟာ ငါတို့ PDF တပ်မတော်ရဲ့ စုစည်း၊ ညီညွတ်၊ စွမ်းဆောင်နိုင်မှုအပေါ် မူတည်နေတာဖြစ်တယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချတည်ဆောက်နိုင်ရမည်။
ပြည်သူ့အရေးတော်ပုံ မုချအောင်ရမည်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2023-04-17
Date of entry:
2023-04-17
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
2.25 MB
Resource Type:
text
Text quality:
- Good
