ဖော်ပြချက်/အကြောင်းအရာ:
"၁။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ရန် ကြိုးစားနေသော တရားမဝင် အတုအယောင် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ “ဥပဒေအရပ်ရပ်ကို ချိုးဖောက်လျက် နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစား နေရုံသာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ် သတ်ဖြတ်၊ ညှဉ်းပန်း နှိပ်စက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာ လုံးဝမရှိပေ။ ၎င်းတို့က ကျင်းပမည် ဆိုသော "ရွေးကောက်ပွဲ" ဆိုသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း ပြဿနာ၏ ထွက်ပေါက်အဖြေ လုံးဝမဟုတ်ရုံသာမက ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ်ပုံဖျက်မှု (Deception) သာ ဖြစ်ပေသည်။” ဟု တော်လှန်ရေး အင်အားစုများအနေဖြင့် အတိအလင်း ကြေညာ ထားပြီးဖြစ်သည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရကလည်း အကြမ်းဖက်စစ်အုပ်စုက ပြဌာန်းသော ရွေးကောက်ပွဲ ဥပဒေသည် တရားဝင်မှုမရှိဘဲ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်ကြောင်းနှင့် စစ်အုပ်စုက ဖွဲ့စည်းတာဝန် ပေးအပ်သော ရွေးကောက်ပွဲ ကော်မရှင်သည်လည်း အကြမ်းဖက် လက်အောက်ခံ အဖွဲ့အစည်းအဖြစ် ကျရောက်လျက် ရှိကြောင်းကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက် က ထုတ်ပြန်ခဲ့သော ကြေညာချက်အမှတ် (၅/၂၀၂၃) တွင် အတိအလင်း ဖော်ပြထားသည်ကို တွေ့ရသည်။
၃။ အကြမ်းဖက်စစ်အုပ်စု၏ ပျက်ပြယ်ပြီးဖြစ်သော ရွေးကောက်ပွဲ ဥပဒေ နိဒါန်းတွင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန်” ဟု သုံးနှုန်းထားသောကြောင့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး မျှော်မှန်းထား သည့် ဖက်ဒရယ်ဒီမိုကရေစီ ရည်မှန်းချက် ပန်းတိုင်ကို ငြင်းပယ်ထားခြင်းဖြစ်သည်။ မှတ်ပုံတင်သော ပါတီများတင်သွင်းရမည့် ဝန်ခံချက် (ဂ) တွင်လည်း “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး” ဟူသည့် အချက်ပါဝင်သောကြောင့် ဖျက်သိမ်း ပျက်ပြယ်ပြီးဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်လည် ခေါင်းတိုးဝင်စေသည့် အခင်းအကျင်း ဖြစ်သည်ကိုလည်း သတိပြုကြရန် လိုအပ်ပါသည်။ နိုင်ငံရေးပါတီများ အနေဖြင့် မြန်မာနိုင်ငံ၏ အနှစ် (၇၀) ကျော်ခဲ့ပြီဖြစ်သော နိုင်ငံရေးပြဿနာ ကို အပြီးတိုင်ဖြေရှင်းရန်အတွက် စိတ်ပိုင်းဖြတ်ပြီးဖြစ်သည့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပြည်သူလူထုတရပ်လုံးနှင့် မိမိတို့ ဒေသအတွင်းရှိ တိုင်းရင်းသား ပြည်သူများ၏ သဘောထားဆန္ဒတို့ကို အခြေခံ၍ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြပါရန် အလေးအနက် သတိပေးတိုက်တွန်း အပ်ပါသည်။
၄။ အကြမ်းဖက်စစ်အုပ်စုက ဖွဲ့စည်းသော တရားမဝင် အဖွဲ့အစည်းဖြစ်သည့် ရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံမတင်ဘဲ အကြမ်းဖက်စစ်အုပ်စု ကျင်းပပြုလုပ်ရန် ကြိုးစားနေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား လက်မခံ မပူးပေါင်းကြောင်းကို စိန်ခေါ်မှုများ၊ အခက်အခဲများ များစွာရှိနေသည့်ကြားမှပင် ပြည်သူ့ဆန္ဒနှင့်အညီ ဆုံးဖြတ်ကြေညာခဲ့ကြသည့် နိုင်ငံရေးပါတီများအားလုံး၏ ရပ်တည်ချက်နှင့် သဘောထားများကို လေးစားဂုဏ်ယူစွာဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်။
၅။ ဒီမိုကရေစီနည်းလမ်းတကျဖွဲ့စည်းဖြစ်ပေါ်လာကြသည့် နိုင်ငံရေးပါတီများအား တရား၀င်အာဏာ မရှိသည့် အကြမ်းဖက်လက်အောက်ခံအဖွဲ့အစည်း UEC က ဖျက်သိမ်း ပိုင်ခွင့်မရှိပဲ ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းသည် ရှေ့လျှောက်တွင် တရားမဝင် အတုအယောင် ရွေးကောက်ပွဲများဖြင့် အာဏာရှင်စနစ်ကို တည်မြဲစေလျက် ပြည်သူလူထုကို အမြဲကြောက်ရွံ့ နေရမည့် ဘ၀အခြေအနေသို့ သက်ဆင်းစေမည့် အခင်းအကျင်းကို ထပ်မံဖန်တီးလိုက်ခြင်း ပင်ဖြစ်သည်။
၆။ လာမည့်အနာဂတ်တွင် မိမိတို့က စစ်မှန်သည့်ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပြုလုပ်လျက် ပြည်သူ့အာဏာ တည်ဆောက်ခြင်းဖြင့်သာလျင် ပြည်သူများ လိုအပ်မှု၊ ပြည်သူ့လုံခြုံမှုနှင့် ပြည်သူများ၏မျှော်လင့်ချက်ကို ဖြည့်ဆီးပေးနိုင်ပါမည်။ ယင်းသို့ဖြစ်ပေါ်ရရှိရန် တိုင်းရင်းသား ပြည်သူပြည်သားများအားလုံးက လက်ရေတပြင်တည်း ပူးပေါင်းပါ၀င်ကြရန် တိုက်တွန်းပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar, National Unity Consultative Council
Date of Publication:
2023-04-03
Date of entry:
2023-04-03
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
460.69 KB
Resource Type:
text
Text quality:
- Good
