(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့ကျရောက်သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အချိန်အခါ သမယတွင် တိုင်းရင်းသားများအားလုံးနှင့်တကွ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ရင်ဆိုင်ဆန့်ကျင်တော်လှန်နေရသည့် အာဏာရှင်စနစ်ဆိုးအား အသိ၊ သတိကြီးစွာဖြင့် ရင်ဆိုင်ရာ နွေဦးတော်လှန်ရေးကာလတွင် ခွန်အား ပြည့်ဝစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ကြပါ‌ေစကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ၂။ ကိုလိုနီနယ်ချဲ့လက်အောက်ခံဘဝ ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့) တွင် တက္ကသိုလ်ကျောင်းသားများက ရန်ကုန်တက္ကသိုလ် အက်ဥပဒေမူကြမ်းကို သပိတ်မှောက်ဆန္ဒပြခဲ့ကြရာမှအစပြုကာ အမျိုးသားအောင်ပွဲနေ့ ဟူသော သမိုင်းဝင်နေ့ထူးနေ့မြတ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်သည် တစ်နိုင်ငံလုံးသို့ပျံ့နှံ့သွားခဲ့ပြီး အမျိုးသားတော်လှန်ရေးကြီးအသွင် ပြောင်းလဲသွားကာ မြန်မာနိုင်ငံလွတ်လပ်ရေးရရန်အတွက် မျိုးချစ်စိတ်ဓာတ်များ၊ သူ့ကျွန်မခံလိုသည့်စိတ်များ သန္ဓေတည် မွေးဖွားပေးခဲ့သော တော်လှန်ရေးကြီးတစ်ရပ် ဖြစ်ခဲ့ပါသည်။ ၃။ ယခုအခါတွင်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ပြည်သူ့ဆန္ဒမဲဖြင့် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သည့် ပြည်သူ့ အစိုးရထံမှ စစ်တပ်က လက်နက်အားကိုးဖြင့် ဥပဒေမဲ့အာဏာသိမ်းယူခဲ့ခြင်းကြောင့် ရှင်သန် ထွန်းသစ်စ ဒီမိုကရေစီအသီးအပွင့်များသည် ဖျက်ဆီးခံခဲ့ရပြီးဖြစ်ပါသည်။ ၄။ ခေတ်အဆက်ဆက်မှစ၍ ယခု နွေဦးတော်လှန်ရေးခရီးတိုင် အာဏာရှင်များကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်တော်လှန်ရင်း တိုင်းပြည်၏ပြုပြင်ပြောင်းလဲမှုများကို လူငယ်များပီပီတက်ကြွပြီး လိမ္မာ ပါးနပ်စွာ ပါဝင်လျက်ရှိကြသည့် ကျောင်းသားလူငယ်များနှင့် တိုင်းပြည်အတွက် အသက်ပေးဆပ်သွား ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများအား ဤနေ့ထူးနေ့မြတ် အခါသမယတွင် ဂုဏ်ယူလေးစားစွာ ဂုဏ်ယူမှတ်တမ်းတင်အပ်ပါသည်။ ၅။ မြန်မာ့မြေပေါ်၌ စစ်အာဏာရှင်စနစ် အပြီးတိုင်ကွယ်ပျောက်ပြီး တိုင်းရင်းသား ပြည်သူများ က နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့သော်လည်း မပြည့်ဝသေးသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အိပ်မက်ကို လက်တွေ့ကျကျ ဖန်တီးပုံဖော်တည်ဆောက်နိုင်မည့်အခွင့်အလမ်းသည် ယနေ့ အချိန်အခါတွင် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ တိုင်းပြည်နှင့် လူမျိုး၏အကျိုးကို ထာဝရသယ်ပိုးလိုသည့် အမျိုးသာရေးစိတ်ဓာတ်များ အစဉ်ကိန်းအောင်းနေမည်ဆိုပါက မဝေးလှသော အနာဂတ်တွင် ပြည်သူလူထုအားလုံးက ရည်ရွယ်ကြိုးပမ်းနေကြသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် သည် ပေါ်ထွန်းလာမည်ဖြစ်ပါသည်။ ၆။ လူမဆန်သော အကြမ်းဖက်မှုများနှင့်ရာဇဝတ်မှုများကို ကျူးလွန်ထားသည့် အာဏာသိမ်း စစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲကျင်းပ၍ ဥပဒေမဲ့အာဏာသိမ်းမှုမှ ထွက်ပေါက် နည်းလမ်း အဖြစ် တရားဝင်မှုရှိသည့်အစိုးရအသွင်သဏ္ဍန်သို့ လှည့်ပြောင်းနိုင်ရန် စီစဉ်နေခြင်းကြောင့် အမျိုးသား အောင်ပွဲနေ့၏ စည်းလုံးညီညွတ်မှုအနှစ်သာရကိုအခြေခံကာ စစ်အာဏာရှင်များ၏ သွေးခွဲမှု၊ လှည့်စားမှုများကို ရင်ဆိုင်ကျော်လွှားကာ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဆက်လက်လက်တွဲ ကြိုးပမ်းသွားကြပါရန် လေးလေးနက်နက် တောင်းဆိုတိုက်တွန်းလိုပါသည်။ ၇။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် မဲဆန္ဒရှင်ပြည်သူများက ယုံကြည်စွာ အပ်နှင်းထားသည့် အခွင့်အာဏာကို တာဝန်သိစွာ ကျင့်သုံးလျက် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သောအနာဂတ်အား ဖန်တီးပုံဖော်ပေးရေး ဦးဆောင် ဆောင်ရွက်သွားရန် ကဏ္ဍ အသီးသီး၌ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး တော်လှန်ရေးအင်အားစုအားလုံး၏ စုပေါင်းအားဖြင့် ဘုံရန်သူဖြစ်သော စစ်အာဏာရှင်များကို အမျိုးသားရေး စိတ်ဓာတ်အပြည့်ဖြင့် အမြစ်ပြတ် တိုက်ထုတ် သွားမည်ဖြစ်ပါကြောင်း ကတိသစ္စာပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-11-17

Date of entry: 

2022-11-17

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

349.66 KB

Resource Type: 

text

Text quality: 

    • Good