Federal Democracy Charter Part - 2 Interim Constitutional Arrangemဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂) ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံ ၂၀၂၁ ခုနှစ်ents 2021 -

ဖော်ပြချက်/အကြောင်းအရာ: 

"၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမအကြိမ်ပြည်သူ့ညီလာခံတွင် ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် အတည်ပြုခဲ့သည်။ မာတိကာ နိဒါန်း အခန်း (၁) ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ၏ရည်ရွယ်ချက် အခန်း (၂) ပြည်သူ့ညီလာခံ အခန်း (၃) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အခန်း (၄) ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များ အခန်း (၅) ကြားကာလ ဥပဒေပြုရေး အခန်း (၆) ကြားကာလ အုပ်ချုပ်ရေး အခန်း (၇) ကြားကာလ တရားစီရင်ရေး အခန်း (၈) ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အခန်း (၉) အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြင်ဆင်မှုအစီအမံများ အခန်း (၁၀) ပဋိညာဉ်အား ပြင်ဆင်ဖြည့်စွက်ခြင်း အခန်း (၁၁) အထွေထွေပြဋ္ဌာန်းချက်များ (General Provisions) အခန်း (၁၂) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကတိပြုချက်များ နိဒါန်း ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးတို့၏ ခိုင်မာသည့် လိုလားတောင့်တချက်မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုတို့ကို အခြေခံသည့် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက် ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးပင်ဖြစ်သည်။ တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့၏ မွေးရာပါအခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာတို့ကို လေးစားတန်ဖိုးထားသော စံတန်ဖိုးများ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံရမည့် အခြေခံမူများ၊ လမ်းညွှန်အခြေခံမူများ၊ အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံတို့ကို ဤပဋိညာဉ်၏ အစိတ် အပိုင်း (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို စုပေါင်း အင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ကြမည့် သက်ဆိုင်ရာအင်အားစု အသီးသီးတို့ကလည်း သန္နိဋ္ဌာန်ချမှတ် ကတိ ပြုကြပြီးဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း (၁) တွင် ဖော်ပြထားသည့် ဦးတည်ချက်၊ ရည်ရွယ်ချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်နှင့် ရှေ့ဆက်သွားမည့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် ဆင့်အား လက်တွေ့အကောင်အထည်ဖော်ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင် ရန် အလို့ငှာ ကြားကာလတွင် အခြေခံရမည့် “ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံများ (Interim Constitutional Arrangements)” ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၏ အစိတ်အပိုင်း (၂) အဖြစ် အတည်ပြုပြဋ္ဌာန်းလိုက်သည်။ ဤကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံများ၏သက်တမ်းသည် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီး စတင်အသက်ဝင်သည့်အချိန်အထိ ဖြစ် သည်။ အခန်း (၁) ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ၏ ရည်ရွယ်ချက် ၁။ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးကို ဦးတည်သည့် လုပ်ငန်းစဉ်များနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်သည်အထိ လိုအပ် သည့် လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ၂။ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် ဘုံပန်းတိုင်တူ အင်အားစုအားလုံးပါဝင်သော ပြည်သူ့ညီလာခံတစ်ရပ်ကို စတင်ခေါ်ယူကျင်းပရန်၊ ၃။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၏အစိတ်အပိုင်း (၁) ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် နိုင်ငံရေးလမ်းပြ မြေပုံ အဆင့်ဆင့်တို့ကို ဦးဆောင်အကောင်အထည်ဖော်မည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီအား အတည်ပြုဖွဲ့စည်းရန်၊ ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ ညှိနှိုင်းသဘောတူညီချက်ဖြင့် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကာ ၎င်း၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပြဋ္ဌာန်းရန်၊ ၅။ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးကာလအတွက် လိုအပ်သောစုဖွဲ့မှုများကို ပြုလုပ်ရန်နှင့် ၎င်းတို့၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပြဋ္ဌာန်းရန်၊ ၆။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြင်ဆင်မှုအစီ အမံများ ရေးဆွဲရန်၊ အခန်း (၂) ပြည်သူ့ညီလာခံ ရည်ရွယ်ချက် ၇။ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ စုပေါင်း၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် အာဏာရှင် စနစ်တိုက်ဖျက်ရေးဆိုင်ရာ အခြေခံမူများ၊ မူဝါဒများ၊ မဟာဗျူဟာများနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ အစီအမံများ ညှိနှိုင်းဆွေးနွေး အတည်ပြုဆောင်ရွက်ရန် ဤပြည်သူ့ညီလာခံကို ကျင်းပခြင်း ဖြစ်သည်။ ညီလာခံဖွဲ့စည်းကျင်းပပုံ တာဝန်နှင့် လုပ်ငန်းစဉ် ၈။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီသည် ပြည်သူ့ညီလာခံကို ဦးဆောင်ကျင်းပရမည်။ ပြည်သူ့ ညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူ့ညီလာခံကျင်းပပုံ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရမည်။ ၉။ ပြည်သူ့ညီလာခံတွင် အောက်ပါနယ်ပယ်များမှ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို သဘောတူသော အစုအဖွဲ့များ၏ ကိုယ်စားလှယ်များ ပါဝင်မည်။ (က) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ (ခ) နိုင်ငံရေးပါတီများ (ဂ) သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ် ဘက်အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်နေကြသော နိုင်ငံ့ဝန်ထမ်း များ အပါအဝင် CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့ အစည်းများ (ဃ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (င) ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်ကိုယ်စားပြုနှင့် လူမျိုးအခြေပြု အဖွဲ့အစည်း/ ကောင်စီများ ၁၀။ ဤပြည်သူ့ညီလာခံတွင် ပါဝင်သည့် အဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများအား တရားဝင် ကိုယ်စားပြုသူများဖြစ်၍ ပြည်သူ့ညီလာခံ၏ ဆုံးဖြတ်ချက်များအတိုင်း ရပ်တည်၍ ပူးပေါင်း အကောင် အထည်ဖော်ဆောင်ရမည်။ လုပ်ပိုင်ခွင့်နှင့် တာဝန်များ ၁၁။ ပြည်သူ့ညီလာခံသည် အောက်ပါတာဝန်များနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် ရမည်။ (က) လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖွဲ့စည်းတည်ထောင်သွားရန်အတွက် လမ်းညွှန်မှုများ ပေးရန်၊ မိတ်ဖက်များအဖြစ် တာဝန်ခွဲဝေမှုများ ပြုလုပ်သွားရန်။ (ခ) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် အာဏာရှင်စနစ်တိုက်ဖျက်ရေးဆိုင်ရာ အခြေခံမူ များ မူဝါဒများ၊ မဟာဗျူဟာများကို ဆွေးနွေးအတည်ပြုရန်။ (ဂ) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (ယာယီ) မှ သဘောတူတင်သွင်းသော ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ကို ဆွေးနွေးအတည်ပြုရန်။ (ဃ) ပြည်သူ့ညီလာခံတက်ရောက်သည့် အင်အားစုအားလုံးမှ ကိုယ်စားပြုပါဝင်သော အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီအား ဖွဲ့စည်းရန်။ (င) အမျိုးသားညီညွတ်ရေးအစိုးရကို အတည်ပြုပေးရန်။ (စ) ပြည်သူ့ညီလာခံသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့၏ မူဝါဒများကို သုံးသပ်ပြီး ဆုံးဖြတ်အတည်ပြုပေးခြင်း၊ အဓိကလုပ်ဆောင် သွားမည့် လုပ်ငန်းနယ်ပယ်များကို ချမှတ်ပေးခြင်းနှင့် ၎င်းတို့၏ဆောင်ရွက်ချက်များကို သုံးသပ်ခြင်းတို့ကို ဆောင်ရွက်ရန်။ (ဆ) ပြည်သူ့ညီလာခံသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဖွဲ့စည်းသော ကော်မတီ၊ ကောင်စီ၊ ကော်မရှင်များကို အတည်ပြုပေးရန်။ (ဇ) အသွင်ကူးပြောင်းရေးဆိုင်ရာ အစီအမံများနှင့် အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းစဉ် များကို ဆွေးနွေးအတည်ပြုရန်။ (ဈ) အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရန်။ (ည) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုပ်ငန်းစဉ်များကို အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ချမှတ်ပြီး ပြည်သူ့ညီလာခံတွင် အတည်ပြုရန်။ ၁၂။ ညီလာခံကျင်းပခြင်း (က) ပြည်သူ့ညီလာခံအား (၆) လ တစ်ကြိမ် ကျင်းပရမည်။ (ခ) လိုအပ်ပါက အရေးပေါ်ညီလာခံအား ကျင်းပနိုင်သည်။ (ဂ) ညီလာခံကိုယ်စားလှယ်များ၏ ၆၀ ရာခိုင်နှုန်း တက်ရောက်မှသာလျှင် ညီလာခံ အထမြောက် သည်။ ပုံမှန်ညီလာခံများတွင် မမျှော်လင့်ထားသည့်အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာ သည့်အခြေအနေများနှင့် အရေးပေါ်ညီလာခံများတွင် ညီလာခံအထမြောက်မှုကို အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဆုံးဖြတ်နိုင်သည်။ ၁၃။ ညီလာခံတွင် ဆုံးဖြတ်ချက် ချမှတ်ခြင်း (က) လုံလောက်သော ဘုံသဘောတူညီမှု (Sufficient Consensus) ၆၅ ရာခိုင်နှုန်းကျော်ဖြင့် ဆုံးဖြတ်ချက် ချမှတ်ရမည်။ အခန်း (၃) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ရည်ရွယ်ချက် ၁၄။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။ (က) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် နိုင်ငံရေးလမ်းပြမြေပုံများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဦးဆောင်ရန်၊ (ခ) ပြည်သူ့ညီလာခံမှ ချမှတ်လိုက်သော မူဝါဒနှင့် မဟာဗျူဟာများကို တာဝန်ခံအကောင် အထည် ဖော်ရာတွင် ပြည်သူ့ညီလာခံ တစ်ခုနှင့် တစ်ခုအကြား ညှိနှိုင်းလုပ်ဆောင်ရန်နှင့် မူဝါဒရေးရာများအား စုပေါင်းခေါင်းဆောင်မှုဖြင့် ကြီးကြပ်မှုပေးရန်၊ (ဂ) စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံပန်းတိုင်တူသော အင်အားစုအားလုံးကို စုစည်းနိုင်ရန်နှင့် ဖက်ဒရယ်ပဋိညာဉ်နှင့်အညီ မဟာဗျူဟာလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရေးတွင် အင်အားစုအားလုံး ပါဝင်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးရန်၊ ဖွဲ့စည်းပုံ ၁၅။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီကို အောက်ပါအစုအဖွဲ့များမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။ (က) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ (ခ) နိုင်ငံရေးပါတီများ (ဂ) သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ် ဘက်အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်နေကြသော နိုင်ငံ့ဝန်ထမ်း များ အပါအဝင် CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့ အစည်းများ (ဃ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (င) ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်/ လူမျိုး ကိုယ်စားပြု အဖွဲ့အစည်း/ ကောင်စီများ ၁၆။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအတွင်း၌ သဘာပတိအဖွဲ့၊ နည်းပညာဆိုင်ရာ အတွင်းရေးမှူးအဖွဲ့တို့ကို သင့်လျော်သောလူဦးရေဖြင့် ဖွဲ့စည်းထားရှိရမည်။ လုပ်ပိုင်ခွင့်နှင့် တာဝန်များ ၁၇။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ (က) ပြည်သူ့ညီလာခံက အပြီးသတ်အတည်ပြုမည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ဦးဆောင် ရေးဆွဲရန်၊ (ခ) အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အတွက် ဘုံပန်းတိုင်တူ အင်အားစုများအားလုံး လက်တွေ့ပူးပေါင်းပါဝင်လာရေးအတွက် စည်းရုံးစုစည်းရန်နှင့် ပေါင်းစပ်ညှိနှိုင်းရန်၊ (ဂ) ပြည်သူ့ညီလာခံ တစ်ခုနှင့် တစ်ခုအကြား ကာလများတွင် ညီလာခံအား တာဝန်ခံ၍ မူဝါဒ ရေးရာကိစ္စရပ်များကို ဆွေးနွေးချမှတ်ရန်၊ (ဃ) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ဖက်ရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာ ရေးဆွဲချမှတ်ရန်၊ (င) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ ချမှတ်အတည်ပြုထားသော မဟာဗျူဟာလုပ်ငန်းစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ၂၀၀၈ အခြေခံဥပဒေ ပျက်ပြယ်ပြီးဖြစ် သည့် အခြေခံပေါ်မူတည်၍ မူဝါဒဆိုင်ရာ ဦးဆောင်မှုပေးရန်၊ ကြီးကြပ်ထိန်းကျောင်းရန်နှင့် ပေါင်းစပ်ညှိနှိုင်းရန်၊ (စ) အသွင်ကူးပြောင်းမှုဆိုင်ရာ အစီအမံများကို ဆွေးနွေးချမှတ်၍ ပြည်သူ့ညီလာခံသို့ တင်ပြကာ အတည်ပြုချက်ရယူရန်၊ (ဆ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်ကို ဦးဆောင်ရန်နှင့် အဆိုပါမူကြမ်းကို ပြည်သူ့ညီလာခံ၌ အတည်ပြုချက်ရယူရန်၊ (ဇ) ပြည်သူ့ညီလာခံသို့တင်ပြကာ အတည်ပြုချက်ရယူထားသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဦးဆောင်ရန်၊ (ဈ) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီသည် ပြည်သူ့ညီလာခံကို တာဝန်ခံရမည်။ (ည) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အစည်းအဝေးများတွင် ဆွေးနွေးမည့် အကြောင်း အရာအလိုက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးများကို ဖိတ်ကြားနိုင် သည်။ (ဋ) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီသည် လုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းပညာအထောက်အကူအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ကော်မတီ၊ ကော်မရှင်များနှင့် လုပ်ငန်းအဖွဲ့များ ၁၈။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်ရေးအတွက် လိုအပ်မည့်ကဏ္ဍအလိုက် ချိတ်ဆက် လုပ်ဆောင်နိုင်စေရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ အဖွဲ့ဝင် အဖွဲ့အစည်းများအပြင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။ ထိုသို့ဖွဲ့စည်းရာတွင် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့မှ အမည်စာရင်းတင်သွင်းသည့် သက်ဆိုင်ရာကဏ္ဍအလိုက်ကျွမ်းကျင်သူများပါဝင်သည့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီများ၊ ကော်မရှင် များနှင့် လုပ်ငန်းအဖွဲ့များ (Joint Coordination Committees, Commissions and Working Group) စသည်တို့ကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ၁၉။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ဖွဲ့စည်းလိုက်သည့်ကော်မတီ၊ ကော်မရှင်များနှင့် လုပ်ငန်းအဖွဲ့များသည် ၎င်းတို့၏လုပ်ငန်းတာဝန်များကို ရှင်းလင်းတိကျစွာ ရေးဆွဲပြီး အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီတွင် ဆွေးနွေးအတည်ပြုချက်ရယူရမည်။ ကော်မတီ၊ ကော်မရှင်များ သည် သက်ဆိုင်ရာနည်းပညာ အထောက်အကူပြုအဖွဲ့များကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်။ အခန်း (၄) ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းတာဝန်များ ၂၀။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် ဤပဋိညာဉ်ပါ နိုင်ငံရေးရည်ရွယ်ချက်များ၊ ဦးတည် ချက်များနှင့် နိုင်ငံရေးလမ်းပြမြေပုံကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ ၂၁။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရမည်။ ၂၂။ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ဦးဆောင်ရေးဆွဲထားသော မဟာဗျူဟာများနှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရက မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်၍ အကောင်အထည်ဖော် ဆောင် ရွက်ရမည်။ (က) ပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များ၊ နိုင်ငံရေးလမ်းပြမြေပုံတို့နှင့်အညီ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များကို ဝန်ကြီးဌာန အလိုက် ချမှတ်အကောင်အထည်ဖော်ရမည်။ (ခ) စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံခြားရေးနှင့် သံတမန်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး စသည့် နည်း လမ်းပေါင်းစုံဖြင့် ဆောင်ရွက်ရမည်။ ၂၃။ နိုင်ငံရေး (က) ပြည်သူလူထုကို အကြမ်းဖက်ဖိနှိပ်လျက်ရှိသည့် အာဏာသိမ်းစစ်အုပ်စု၏ စီမံအုပ်ချုပ်မှု ယန္တရားများကို ချိနဲ့ရပ်တန့်စေပြီး၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၎င်း၏ အကောင်အထည်ဖော်လုပ်ဆောင်မှုများ ခိုင်မာအားကောင်းစေရန် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်။ (ခ) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးအတွက် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၏ မူဝါဒရေးရာ ဦးဆောင်မှုနှင့်အညီ ဆောင်ရွက်ရမည်။ (ဂ) ပြည်သူလူထုတစ်ရပ်လုံးကို ဖိနှိပ်သော ဥပဒေများကို ပြင်ဆင်ပယ်ဖျက်နိုင်ရန်၊ အခြေခံ လူ့ အခွင့်အရေးများကို အကာအကွယ်ပေးနိုင်သော ဥပဒေကြမ်းများကို ရေးဆွဲအဆိုပြု၍ ကြား ကာလဥပဒေပြုရေး အခန်း (၅) နှင့်အညီ အတည်ပြုချက်ရယူပြီး ပြည်သူတို့၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ (ဃ) အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) အပါ အဝင် လူထုလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ဆက်လက်ဖြစ်ပေါ်နေစေရေးအတွက် လိုအပ် သည့် ကူညီပံ့ပိုးမှု၊ စည်းရုံးမှု၊ စုစည်းမှု၊ ညှိနှိုင်းမှု၊ စုပေါင်းခေါင်းဆောင်မှုများဖြင့် ဆက်လက် အကောင်အထည်ဖော်ရမည်။ (င) အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်ယန္တရားကို အထောက်အပံ့ဖြစ်စေသည့် စီးပွားရေးနှင့် ဘဏ္ဍာရေးအရင်းအမြစ်များကို လျော့ပါးချိနဲ့စေရန် ပြည်တွင်းပြည်ပ ဖက်ဒရယ်ဒီမိုကရေစီ အရေးလှုပ်ရှားမှုအား ထောက်ခံသောအဖွဲ့အစည်းများနှင့်အတူ ပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ရမည်။ (စ) ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်များကို အလျင် အမြန် ရောက်ရှိရန် ဆောင်ရွက်သော မဟာဗျူဟာလုပ်ငန်းစဉ်အတွက် လိုအပ်သော စီးပွား ရေးနှင့် ဘဏ္ဍာရေးလိုအပ်ချက်များကို ပြည်တွင်းပြည်မရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေး လှုပ်ရှားမှုအား ထောက်ခံသော လူပုဂ္ဂိုလ်များနှင့်အတူ ပြည်သူများနှင့် ပူးပေါင်း၍ ဖြည့်ဆည်း ဆောင်ရွက်ရမည်။ (ဆ) နိုင်ငံတကာဖိုရမ်များ၊ အစည်းအဝေးများအားလုံးတွင် စစ်အုပ်စုအား အသိအမှတ်မပြုရေးကို မြန်မာဖက်ဒရယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုအား ထောက်ခံသော အဖွဲ့အစည်းများအားလုံး နှင့် ပူးပေါင်းဆောင်ရွက်ရမည်။ ၂၄။ နိုင်ငံခြားရေး (က) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာအစိုးရများမှ အသိအမှတ်ပြုရေး၊ ထောက်ခံရေးနှင့် ပူးပေါင်းဆောင်ရွက်လာရေးအတွက် ဆောင်ရွက်သွား မည်။ (ခ) နိုင်ငံခြားရေးမူဝါဒအရ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအား နိုင်ငံ တကာအသိုက်အဝန်းက တရားဝင်အသိအမှတ်ပြုလာစေရေး ဆောင်ရွက်ရမည်။ (ဂ) နိုင်ငံတကာဥပဒေများနှင့်အညီ ပြည်ထောင်စုနှင့် ပြည်ထောင်စုအတွင်းရှိ ပြည်သူလူထုအား အကာအကွယ်ပေးနိုင်မည့် နိုင်ငံတကာစာချုပ်စာတမ်းများအား လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်ရမည်။ (ဃ) ဖက်ဒရယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုအား ထောက်ခံသော မိတ်ဖက်နိုင်ငံများနှင့် မဟာဗျူဟာ လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရမည်။ (င) အာဏာသိမ်းစစ်အုပ်စုအား နိုင်ငံတကာအသိုက်အဝန်းက ထိရောက်စွာ ပိတ်ဆို့အရေးယူနိုင် ရေးနှင့် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုအရေးယူနိုင်ရေးအတွက် သံတမန်နည်း လမ်းများဖြင့် ဆောင်ရွက်ရမည်။ ၂၅။ စီးပွားရေး (က) အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ငန်းများကို အထောက်အပံ့ဖြစ်စေသည့် စီးပွားရေးနှင့် ဘဏ္ဍာရေးအရင်းအမြစ်များကို လျော့ပါးချိနဲ့သွားစေရန် နိုင်ငံတကာ စံနှုန်းများကို လိုက်နာ၍ တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုရှိသော ပြည်တွင်းပြည်ပရှိအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။ (ခ) ပြည်သူလူထု၏ အခြေခံစီးပွားရေးကောင်းမွန်လာစေရန်၊ ငွေကြေးစီးဆင်းလည်ပတ် မှု အဆင်ပြေချောမွေ့စေရန်နှင့် ငွေကြေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ရမည်။ (ဂ) အာဏာသိမ်းစစ်အုပ်စု၏ လုပ်ရပ်များကြောင့် ပြည်သူလူထုအပေါ်တွင် ဖြစ်ပေါ်လာ မည့် စီးပွားရေးဝန်ထုပ်ဝန်ပိုးများကို အကာအကွယ်ပေးနိုင်ရေးနှင့် ဖြေလျှော့ပေးနိုင် ရေးတို့အတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်မည်။ (ဃ) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနှင့် ကိုက်ညီသည့် စီးပွားရေး မူဝါဒရေးဆွဲရန် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရမည်။ ၂၆။ လူမှုရေး (က) အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ခေတ်အဆက်ဆက်ပါဝင်လာခဲ့ခြင်း (သို့မဟုတ်) အာဏာရှင်စနစ်၏ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးအရ ဖိနှိပ်ရက်စက်ခြင်းတို့ကြောင့် နိုင်ငံ တကာတွင် ရွှေ့ပြောင်းနေထိုင်ရသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့အား မြန်မာနိုင်ငံသား အဖြစ် ပြန်လည်လျှောက်ထားလိုပါက အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးရမည်။ ထို့ပြင် မြန်မာနိုင်ငံတွင်း အမြဲနေထိုင်ခွင့်ဆိုင်ရာအစီအမံများကိုလည်း စီစဉ်ဆောင်ရွက်ပေး ရမည်။ (ခ) အာဏာသိမ်းစစ်အုပ်စု၏ ဖိနှိပ်အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာရသူများ၊ လူမှုစီးပွား နှင့် ဘဝရပ်တည်မှု ထိခိုက်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များ ပေးနိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မည်။ (ဂ) လက်လုပ်လက်စား အခြေခံလူတန်းစားများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တတ်နိုင်သမျှ ဆောင်ရွက်ရမည်။ (ဃ) နိုင်ငံတကာသို့ ရောက်ရှိနေကြသည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ နည်းပညာ ပံ့ပိုး မှုများအား ရယူနိုင်ရေး ဆောင်ရွက်ရမည်။ ၂၇။ လုံခြုံရေးနှင့် ကာကွယ်ရေး (က) ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ နှင့် ညှိနှိုင်း၍ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်ထောင်စုကာကွယ် ရေးတို့အတွက် အမျိုးသားအဆင့်ကာကွယ်ရေးအစီအမံများကို ရေးဆွဲအကောင်အထည်ဖော် ရမည်။ (ခ) ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ရေး ပြည်သူ့ကာကွယ်ရေးအစီအမံကို အမြန်ဆုံး ချမှတ် ဆောင်ရွက်ရမည်။ (ဂ) ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရသည် သက်ဆိုင်ရာပြည်နယ်အတွင်းရှိ ပြည်သူများ အား ကာကွယ်ရန် ပြည်သူ့ကာကွယ်ရေးအစီအမံကို ဆောင်ရွက်သည့်အခါ ပြည်နယ်အတွင်း အခြေစိုက်လှုပ်ရှားသည့် တိုင်းရင်းသားတော်လှန်‌ရေးအဖွဲ့အစည်းများ၏အခန်းကဏ္ဍကို အသိအမှတ်ပြုရင်း ညှိနှိုင်းဆောင်ရွက်ရမည်။ အခန်း (၅) ကြားကာလ ဥပဒေပြုရေး ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြုရေး ၂၈။ ကြားကာလအတွက် ဖက်ဒရယ်ပြည်ထောင်စု၏ ဥပဒေပြုရေးအာဏာသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ခံပြီး အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မပြုသော ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်များ၌ တည်သည်။ ၂၉။ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” ကို လက်ခံသဘောတူ၍ ပူးပေါင်းအကောင်အထည်ဖော်ရန် သဘောတူညီသော၊ အကြမ်းဖက် အာဏာ သိမ်းစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုသော ပြည်ထောင်စုအဆင့် ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၏ ပါဝင်မှုဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းရမည်။ ၃၀။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဖက်ဒရယ်ပြည်ထောင်စု၏ ကြားကာလ ဥပဒေ ပြုရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင် “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” ပါ ဦီးတည်ချက်၊ ရည်ရွယ်ချက်၊ နိုင်ငံရေးလမ်းပြမြေပုံတို့နှင့်အညီ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ချမှတ်ထားသော မူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းပေးရမည်။ ၃၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဥပဒေပြုရေးကိစ္စရပ်များကို ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်အရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ချမှတ်ရေးဆွဲထားသော မဟာဗျူဟာမူဘောင်များနှင့်အညီ မူဝါဒဆိုင်ရာ ဆွေးနွေးညှိနှိုင်းသဘောတူညီချက် ရယူ၍ ပြင်ဆင် ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ရမည်။ ၃၂။ ဤပဋိညာဉ်နှင့်အညီ နိုင်ငံရေးလမ်းပြမြေပုံနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရန်အတွက် လိုအပ်သော ဥပဒေပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ကို ခေါ်ယူကျင်းပနိုင်သည်။ ၃၃။ ပြည်သူလူထုတစ်ရပ်လုံးကို ဖိနှိပ်သောဥပဒေများအား ပြင်ဆင်၊ ပယ်ဖျက်၍ အခြေခံလူ့အခွင့်အရေး များကို အကာအကွယ်ပေးနိုင်သည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရမည်။ အခန်း (၆) ကြားကာလ အုပ်ချုပ်ရေး ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေး ၃၄။ ကြားကာလအုပ်ချုပ်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရကို ဖွဲ့စည်းရမည်။ ၃၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရို ဖွဲ့စည်းရာတွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ ညှိနှိုင်းသဘောတူညီချက်ဖြင့် ဖွဲ့စည်းရ မည်။ ၃၆။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသော နိုင်ငံဥသျှောင် အကြီးအကဲများ ဖြစ်သည်။ ၃၇။ ပြည်ထောင်စုဝန်ကြီးချုပ်သည် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ အကြီးအကဲ ဖြစ်သည်။ ၃၈။ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် ပြည်သူ့ညီလာခံအား တာဝန်ခံရမည်။ ၃၉။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အား အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်။ (က) နိုင်ငံတော်သမ္မတ (ခ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် (ဂ) ဒုတိယသမ္မတ (၁) (ဃ) ဒုတိယသမ္မတ (၂) (င) ပြည်ထောင်စုဝန်ကြီးချုပ် (စ) ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ (ဆ) ပြည်ထောင်စုရှေ့နေချုပ် (ဇ) ပြည်ထောင်စုစာရင်းစစ်ချုပ် ၄၀။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ နိုင်ငံရေးလမ်းပြမြေပုံနှင့် နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် အညီ ရေးဆွဲထားသော မဟာဗျူဟာအရ အမျိုးသားညီညွတ်ရေးအစိုးရကို အကြံပေးရမည်။ ၄၁။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၏ သက်တမ်းနှင့်အညီဖြစ်သည်။ ၄၂။ ပြည်ထောင်စုဝန်ကြီးချုပ်သည် ပဋိညာဉ်ပါ ဦိးတည်ချက်များနှင့် ကြားကာလအမျိုးသားညီညွတ်ရေး အစိုးရ၏ မူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် ညှိနှိုင်းလျက် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ် ရပ်ကိုသော်လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦီးဦးကိုသော်လည်းကောင်း ပုဂ္ဂိုလ်များအားလည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်နိုင်သည်။ ၄၃။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် ညှိနှိုင်း၍ ပြည်ထောင်စုအဆင့် ကြားကာလ အုပ်ချုပ်ရေးစီမံချက်ကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်း နိုင်သည်။ ၄၄။ ပြည်သူ့ညီလာခံက တရားဝင်အတည်ပြုပေးထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ မူဝါဒများနှင့်အညီ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကဏ္ဍအလိုက် ကော်မတီနှင့် ကော်မရှင်များကို သက်ဆိုင်ရာဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းပေးပြီး (Facilitate) လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခြားပါဝင်သင့်ပါဝင်ထိုက်သူများဖြင့် လိုအပ်သလို ဖွဲ့စည်းရမည်။ ၄၅။ နိုင်ငံတော်သမ္မတသည် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိလျှင် ဒုတိယသမ္မတ (၁) က နိုင်ငံတော်သမ္မတ ကိုယ်စား တာဝန်ထမ်းဆောင်ရမည်။ ဒုတိယသမ္မတ (၁) သည် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင် နိုင်ခြင်းမရှိလျှင် ဒုတိယသမ္မတ (၂) က ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရမည်။ အခန်း (၇) ကြားကာလ တရားစီရင်ရေး ၄၆။ ကြားကာလအတွင်း တရားစီရင်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ ဖက်ဒရယ်ပြည်ထောင်စုတွင် ရှိရင်းစွဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ နယ်မြေများတွင် ၎င်းတို့၏ တရားစီရင်ရေးစနစ်သည် တရားဝင်ဖြစ်သည်။ ၄၇။ ကြားကာလအတွင်း ဖက်ဒရယ်ပြည်ထောင်စု၏ တရားစီရင်မှုအာဏာသည် “အမျိုးသားညီညွတ်ရေး အစိုးရ”က အသိအမှတ်ပြုထားသော အရပ်ဘက်တရားရုံးများတွင်လည်းကောင်း၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ နယ်မြေအတွင်း ဖွဲ့စည်းတည်ရှိထားရှိသည့် အဆင့်ဆင့်သော အရပ် ဘက်တရားစီရင်ရေးစနစ်တွင်လည်းကောင်း တည်ရှိရမည်။ တရားစီရင်ရေးအာဏာကို အဆိုပါတရား ရုံးများနှင့် တရားရေးစနစ်များတွင် ကျင့်သုံးပိုင်ခွင့်ရှိပြီး လွတ်လပ်၍ တရားမျှတသော တရားစီရင်ရေး စနစ်ဖြစ်ရမည်။ ၄၈။ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ1အတွင်း တရားစီရင်ရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါက ဖြေရှင်းဆောင်ရွက်ရန်အတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီက တရားရေးဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို သက်ဆိုင်ရာဒေသများမှ တရားစီရင် ခွင့်အာဏာပိုင်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးထားရမည်။ ၄၉။ ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ဖက်ဒရယ်ပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်ရှိ တရားသူကြီးများ သည် လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်ရှိပြီး တရားဥပဒေကိုသာ တာဝန်ခံရမည်။ လူ့အခွင့်အရေးများ နှင့် မဆန့်ကျင်သော ရိုးရာဓလေ့ထုံးတမ်းဥပဒေများကိုလည်း လေးစားလိုက်နာကျင့်သုံးရမည်။ ၅၀။ ကြားကာလတရားသူကြီးများအား တင်ကူးကြံရွယ်ချက်ကြောင့်သော်လည်းကောင်း၊ အဂတိကြောင့် သော်လည်းကောင်း ဥပဒေချိုးဖောက်ခြင်းမှတစ်ပါး ၎င်းတို့၏ တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ်ချက် များနှင့်ပတ်သက်ပြီး အရေးယူတရားစွဲဆွဲခံရခြင်းမှ ကင်းလွတ်စေရမည်။ ၅၁။ ကြားကာလအတွင်း တရားရုံးတစ်ခု၏ အမိန့်တစ်ရပ် (သို့မဟုတ်) ဆုံးဖြတ်ချက်သည် သက်ဆိုင်သူ အားလုံးနှင့် အုပ်ချုပ်ရေးယန္တရားအားလုံးအပေါ် စည်းနှောင်မှုရှိရမည်။ ---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------- 1 ယခုလက်ရှိဖြစ်တည်နေသော နိုင်ငံရေး၊ အုပ်ချုပ်ရေးအခြေအနေအရ ပြည်နယ်နှင့် တိုင်းဒေသကြီးအပိုင်း အခြားများကို ကြားကာလအတွင်းတွင် ပြည်နယ်/ဖက်ဒရယ်ယူနစ်ဟု ခေါ်ဆိုသည်။ အခန်း (၈) ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ၅၂။ ဤပဋိညာဉ်ပါ ဖက်ဒရယ်တည်ဆောက်မှုအခြေခံဖြင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အရ သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး ယန္တရားများကို လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်သွားမည်။ ၅၃။ ပြည်ထောင်စုနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးဆိုင်ရာ အရေးကိစ္စများကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတွင် ညှိနှိုင်းဆောင်ရွက် ရမည်။ အခန်း (၉) အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြင်ဆင်မှုအစီအမံများ ၅၄။ ကြားကာလမှာပင် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်မည်။ ၅၅။ အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီတွင် ကနဦးအတည်ပြု၍ ပြည်သူ့ညီလာခံသို့ တင်ပြအတည်ပြုရမည်။ ၅၆။ ကြားကာလ လွန်မြောက်သည်နှင့် အင်အားစုအသီးသီး ပိုမိုကျယ်ပြန့်စွာ ပါဝင်သည့် အသွင်ကူးပြောင်း ရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (Transitional National Unity Government – TNUG) ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အသွင်ကူးပြောင်းရေးကာလဆိုင်ရာဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းပေးရမည်။ ၅၇။ တဆက်တည်းမှာပင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရက အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးအမျိုးသားညီညွတ်ရေးအစိုးရကို လုပ်ပိုင်ခွင့် တာဝန်လွှဲပြောင်းအပ်နှင်းရမည်။ ၅၈။ ဖော်ပြပါ ပုဒ်မ ၅၆ နှင့် ၅၇ ကို ပြည်သူ့ညီလာခံတွင် ဆောင်ရွက်ပြီးစီး အတည်ပြုပြီးသည်နှင့် တပြိုင်နက် ဖက်ဒရယ်ပဋိညာဉ် အစိတ်အပိုင်း (၂) ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံ ကို ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကြေညာရမည်။ အခန်း (၁၀) ပဋိညာဉ်အား ပြင်ဆင်ဖြည့်စွက်ခြင်း ၅၉။ ဖြစ်ပေါ်တိုးတက်လာသော နိုင်ငံရေးအခြေအနေများနှင့်အညီ ဤကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအစီအမံအား ပြင်ဆင်လိုပါက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတွင် လုပ်ထုံးလုပ် နည်းများနှင့်အညီ ပြင်ဆင်ဖြည့်စွက်ပြီး ပြည်သူ့ညီလာခံသို့ တင်သွင်းအတည်ပြုချက်ရယူရမည်။ အခန်း (၁၁) အထွေထွေပြဋ္ဌာန်းချက်များ (General Prorvisions) ၆၀။ ဤဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း (၂) ၏သက်တမ်းသည် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းပြီး စတင်အသက်ဝင်သည့်အချိန်အထိ ဖြစ်သည်။ ၆၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ အာဏာသိမ်းစစ်အုပ်စုက ထုတ်ပြန်ခဲ့သော ဥပဒေ၊ ညွှန် ကြားချက်နှင့် အမိန့်များအားလုံးသည် တရားမဝင်ကြောင်း အမိန့်ထုတ်ပြန်ရမည်။ ၆၂။ ဤဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပြဋ္ဌာန်းအတည်ပြုနိုင်ခြင်း မရှိသေးမီကာလအတွင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီမှ ထုတ်ပြန်ခဲ့သော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လက်စွဲများသည် ဤဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့် မဆန့်ကျင်ပါက အတည်ဖြစ်သည်။ ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ဤပဋိညာဉ်နှင့် ကိုက်ညီမှုမရှိသော ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လက်စွဲများကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ချမှတ်ရေးဆွဲထား သော မဟာဗျူဟာမူဘောင်များနှင့်အညီ မူဝါဒဆိုင်ရာ ဆွေးနွေးညှိနှိုင်းသဘောတူညီချက်ဖြင့် ပြင်ဆင် ပြဋ္ဌာန်းခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်သည်။ ၆၃။ ဤပဋိညာဉ်ပါ ဦးတည်ချက်၊ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နေချိန်တွင် ဖြစ်ပေါ် လာသော နိုင်ငံရေးအပြောင်းအလဲများကြောင့် မဟာဗျူဟာလုပ်ငန်းစဉ်များကို မဖြစ်မနေ ထပ်မံ ပေါင်းစပ်ချမှတ်ဖော်ဆောင်ရန် လိုအပ်လာပါက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက တာဝန်ပေးအပ်ထားသည့် သက်ဆိုင်ရာအစုအဖွဲ့ကို ရေးဆွဲစေပြီး ပြည်သူ့ညီလာခံတွင် အတည်ပြု သွားရန်ဖြစ်သည်။ ၆၄။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်အဖွဲ့အစည်းတိုင်းသည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကို တာဝန်ခံရမည်။ အခန်း (၁၂) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ကတိပြုချက်များ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ လုပ်ဆောင်ချက်များ၊ ကြားကာလအစိုးရ၏လုပ်ဆောင် ချက်များ၊ ကြားကာလတွင် ကျင့်သုံးဆောင်ရွက်သည့် ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များကို ပဋိညာဉ် အစိတ်အပိုင်း (၁) ပါ ပြည်ထောင်စု မျှော်ရည်ချက်၊ စံတန်ဖိုး၊ ဦးတည်ချက်၊ ရည်ရွယ် ချက်၊ နိုင်ငံရေးလမ်းပြမြေပုံများနှင့် ပဋိညာဉ်အစိတ်အပိုင်း (၂) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စုပေါင်း ခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ခံမှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားပါမည်ဟု သဘောတူ အတည် ပြု (ratify) ကြပါသည်။ ဤပဋိညာဉ်ကို သဘောတူအတည်ပြုထားကြသော အစုအဖွဲ့အားလုံးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကတိပြုအပ်ပါသည်။..."

ရင်းမြစ်: 

Ministry of Foreign Affairs

Date of Publication: 

2022-01-29

Date of entry: 

2022-06-24

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

15.41 MB

Resource Type: 

text

Text quality: 

    • Good