ဖော်ပြချက်/အကြောင်းအရာ:
"၁။ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်လျက် ပထမအကြိမ် ပြည်သူ့ညီလာခံကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ သမိုင်းဝင်ညီလာခံကြီးအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
၂။ ပြည်သူ့ညီလာခံသည် နိုင်ငံရေးအရ အမြင့်ဆုံး ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်သည့် စုစည်းမှု ဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ စုပေါင်း၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် အာဏာရှင်စနစ်တိုက်ဖျက်ရေးဆိုင်ရာ အခြေခံမူများ၊ မူဝါဒများ၊ မဟာဗျူဟာများနှင့် အသွင်ကူးပြောင်းမှုဆိုင်ရာအစီအမံများ ညှိနှိုင်းဆွေးနွေး အတည်ပြု ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
၃။ ဤညီလာခံကြီးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာအဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဝန်ထမ်း CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုကော်မတီများမှ ကိုယ်စားလှယ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ နိုင်ငံတကာဧည့်သည်တော်များနှင့် လေ့လာသူများ စုစုပေါင်း (၃၈၈)ဦး တက်ရောက်ခဲ့သည်။
၄။ ပထမအကြိမ် ပြည်သူ့ညီလာခံတွင် အောက်ပါဆုံးဖြတ်ချက်များကို အတည်ပြုဆုံးဖြတ်ခဲ့ သည်။
(က) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံကို အတည်ပြုသည်။
(ခ) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို အစုအဖွဲ့ (၅) ဖွဲ့အား ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့အစည်း (၃၃) ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုသည်။
(ဂ) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အဖွဲ့ဝင်အစုအဖွဲ့များက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတူတကွ ကတိကဝတ်ပြု သန္နိဋ္ဌာန်ချ၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် သဘောတူ အတည်ပြု(Ratify) သည်။
(ဃ) ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၏ အဆိုပြုချက်ဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဖွဲ့စည်းပေးခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဤပြည်သူ့ညီလာခံ ရှေ့မှောက်၌ ထပ်လောင်း အတည်ပြုသည်။
(င) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ လုပ်ငန်းအစီရင်ခံစာကို အတည်ပြုသည်။
(စ) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လုပ်ငန်းအစီရင်ခံစာကို ပြင်ဆင် ဖြည့်စွက်ချက်များနှင့်အတူ အတည်ပြုသည်။
(ဆ) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၏ ဦးဆောင်မှု ခိုင်မာ အားကောင်းစေရန်၊ လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်စေရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အကြား လုပ်ငန်းများ ချိတ်ဆက်မှု ကောင်းမွန်စေရေးအတွက် လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ (Terms of Reference and Role) ကို ပြင်ဆင်ဖြည့်စွက်သွားရန် အတည်ပြုသည်။
(ဇ) ပထမအကြိမ် ပြည်သူ့ညီလာခံ ထုတ်ပြန်ချက်ကို ထုတ်ပြန်ရန် အတည်ပြုသည်။
၅။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဂျီနီဗာသဘောတူညီချက် (Geneva Convention) အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်လျက် ပြည်ထောင်စုတဝှမ်းလုံးရှိ အပြစ်မဲ့ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်နှင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes Against Humanity)၊ စစ်ရာဇဝတ်မှု (War Crimes) ကျူးလွန်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ (Genocides) စသည့် ကျူးလွန်နေမှုမှန်သမျှကို ဤပြည်သူ့ညီလာခံကြီးက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အကြမ်းဖက် စစ်ကောင်စီအား ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှတဆင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (International Criminal Court) ၌ အရေးယူ ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည်။
၆။ အကြမ်းဖက်စစ်ကောင်စီက အင်အားအလွန်အကျွံသုံး၍ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများဖြင့် အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ကျူးလွန်ခံနေရမှုများမှ အကာအကွယ်ပေးရန် အရေးပေါ်လိုအပ်ချက်အရ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းများတွင် နိုင်ငံတကာအာမခံမှုဖြင့် အရပ်သား ပြည်သူလူထုများအား အကာအကွယ်ပေးသည့် လုံခြုံသောနေရာများ (Internationally Guaranteed Civilians Protection - Safe Zones) ဖြစ်ပေါ်ရေးနှင့် လူထုအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီများအား ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားရန် ဤညီလာခံကြီးက အလေးအနက် တောင်းဆိုအပ်ပါသည်။
၇။ နိုင်ငံတကာအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ဤညီလာခံက တောင်းဆိုတိုက်တွန်းသည်။
၈။ သို့ဖြစ်၍ ပြည်သူလူထုများ၏ ဘဝလုံခြုံမှုရရှိစေရေး ဆောင်ရွက်သွားရန်အတွက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်နေကြသည့် ပြည်တွင်း၊ ပြည်ပရှိ လူမျိုးစုံပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ပြည်သူလူထုတရပ်လုံးအတွက် တရားမျှတမှုရရှိရေးနှင့် စစ်ကောင်စီအား အရေးယူ ဆောင်ရွက်နိုင်ရေးတို့ကို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အစွမ်းကုန် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
၉။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူများ၊ မတရားဖမ်းဆီးချုပ်နှောင်ခံရသူများနှင့် တိုက်ပွဲဝင်နေကြသူများအား ဤညီလာခံကြီးက အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
၁၀။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီအနေဖြင့် စစ်အာဏာရှင်စနစ်အပါဝင် အာဏာရှင်မှန်သမျှ ဖယ်ရှား၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်သည် အထိ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းညီညွတ်မှုအင်အားတို့ဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
အရေးတော်ပုံ မုချအောင်ရမည်။..."
ရင်းမြစ်:
National Unity Consultative Council
Date of Publication:
2022-01-30
Date of entry:
2022-01-30
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
740.72 KB
Resource Type:
text
Text quality:
- Good
