Statement on International Day of Democracy 2021 - ၂၀၂၁ ခုနှစ်၊ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ၂၀၀၇ ခုနှစ်မှစ၍ နှစ်စဉ်စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများတွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် လူသားဂုဏ်သိက္ခာစံနှုန်းများပိုမိုအားပေးမြှင့်တင်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ဒီမိုကရေစီနေ့အခမ်းအနားများ အလေးထားကျင်းပလေ့ရှိပါသည်။ ၂။ ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဆောင်ပုဒ်(Theme)မှာ “ ဒီမိုကရေစီ သည် တကယ်ပင် အကြပ်အတည်းနဲ့ရင်ဆိုင်ရနေပြီလား(Is democracy really in crisis)” ဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုတစ်ရပ်လုံးအပေါ် ဖိနှိပ်သတ်ဖြတ်နေခြင်းသည် ဒီမိုကရေစီအကြပ်အတည်းဆိုက်ရုံမျှသာမက အာဏာရှင်စနစ်များ ပြန်လည်ဦးမော့လာစေမည့် လက္ခဏာများ အစပြုနေခြင်းပင်ဖြစ်ပါသည်။ ယင်းသည် ယခုလက်ရှိ စစ်အာဏာရှင်တစ်စု၏ မတရားဖိနှိပ်မှုကို အပြင်းအထန်ရင်ဆိုင်ခံစားရ လျက်ရှိသည့် မြန်မာ ပြည်သူလူထု တစ်ရပ်လုံးနှင့် ယနေ့ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ အခြေအနေမှန်နှင့် ပကတိ အနေအထားကို ထင်ဟပ်နေပါသည်။ ၃။ အကြမ်းဖက် စစ်ကောင်စီသည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ နှင့် အညီ တရားနည်းလမ်းကျစွာ ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်များကို အဓမ္မနည်းလမ်းဖြင့် ပယ်ဖျက်ခဲ့ခြင်း၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရအား ဖယ်ရှားခြင်းသည် ဒီမိုကရေစီစနစ်ကို အာဏာရှင်စနစ်ဖြင့် အစားထိုးလိုက် ခြင်းဖြစ်သည်။ ပြည်သူများ၏ ဒီမိုကရေစီဆန္ဒမဲများကို လက်နက်အားကိုးဖြင့် ဖျက်စီးခြင်းသည် မြန်မာနိုင်ငံ အတွက် သာမက ကမ္ဘာ့ဒီမိုကရေစီအတွက်ပါ ခြိမ်းခြောက်မှုဖြစ်သည်။ ၄။ စစ်အာဏာရှင်သည် ရွေးကောင်ပွဲဆိုင်ရာဥပဒေများ၊ နည်းဥပဒေများနှင့်အညီ ကျင်းပခဲ့သည့် လွတ်လပ်၍ တရားမျှတသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များကို လျစ်လျူရှုခဲ့ပြီး ပြည်သူလူထု၏ လွတ်လပ်သောဆန္ဒမဲဖြင့် ရွေးကောက်တင်မြှောက်ခဲ့သည့် ပြည်သူ့အစိုးရ၊ ဒီမိုကရေစီ အစိုးရကို လက်နက်အားကိုး၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဆန့်ကျင်လျက် အာဏာသိမ်းယူ၍ ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းခဲ့သည့်အတွက် မြန်မာပြည်သူလူထု တစ်ရပ်လုံး မခံမရပ်နိုင်ဖြစ်ခဲ့ရသည်။ အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကန့်အသတ်များစွာ အောက်တွင် ဆောင်ရွက်နေရသည့် နုနယ်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အပြီးတိုင်ဖြိုဖျက်လိုက်ခြင်းဖြစ်ပြီး၊ ဒီမိုကရေစီဆိုင်ရာ မဏ္ဍိုင်များဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လွတ်လပ်သောသတင်းမီဒီယာ တို့နှင့် ပြည်သူတို့၏ ဒီမိုကရေစီဆိုင်ရာ အခွင့်အရေးများအားလုံးကို အညွန့်ချိုးလိုက်ခြင်းလည်း ဖြစ်သည်။ ၅။ ပြည်သူလူထုကို ကိုယ်စားပြုသည့် ဥပဒေပြုလွှတ်တော်အမတ်များကို မတရားဖမ်းဆီး သတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ ဒီမိုကရေစီစနစ်ပြန်လည်အသက်သွင်းရန်အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည့် အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို လုယက်သိမ်းယူခြင်းများကို အကြမ်းဖက် စစ်ကောင်စီက ယနေ့တိုင် ကျူးလွန်လျက်ရှိသည်။ ယင်းသို့ ရက်စက်သော ဖိနှိပ်မှုများ ရှိနေသည့်တိုင် မြန်မာပြည်သူ များသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပြန်လည်ထွန်းကားရေး နှင့် လူ့အခွင့် အရေး များကို လေးစားတန်ဖိုးထားပြီး၊ လူ့ဂုဏ်သိက္ခာနှင့်လျော်ညီသည့် နိုင်ငံတစ်ခု တည်ဆောက်ရေး အတွက် အသက်သွေးချွေးများကို ပေးဆပ်ကာ ခုခံတော်လှန်နေကြသည်။ ၆။ ထို့ပြင် စစ်ကောင်စီလက်ပါးစေများ၏ ဆိုးရွားစွာဖိနှိပ်မှု၊ အထွေထွေစီမံခန့်ခွဲမှုအလွဲများ ကြောင့် ထောင်အတွင်း ကိုဗစ်၁၉ ကပ်ရောဂါကူးစက်မှုနှုန်း မြှင့်မားခဲ့ရပြီး နိုင်ငံရေး အကျဥ်းသားများ၊ တက်ကြွလှုပ်ရှားသူများသည် အကျဉ်းထောင်အတွင်း၌ ၎င်းတို့ရရှိရမည့် ကျန်းမာရေးဆိုင်ရာ အခွင့်အရေးနှင့် တခြားသော လူ့အခွင့်အရေးများ လုံလောက်စွာရရှိရေး အဆောတလျင် လိုအပ်လျက် ရှိပါသည်။ ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများနှင့် ဒေသတွင်းအဖွဲ့ အစည်းများအနေဖြင့် ထိုအခြေခံအခွင့်အရေးများ ကာကွယ်ပေးရေးနှင့် ပြည့်ဝစွာရရှိရေး အဆောတလျင် ဆောင်ရွက်ပေးနိုင်ရန် ဖြစ်နိုင်သမျှသော နည်းလမ်းများဖြင့် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းတောင်းဆိုပါသည်။ ၇။ မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူလူထုက အပ်နှင်းထား သည့် အခွင့်အာဏာကိုကျင့်သုံးလျက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး အစွမ်းကုန်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထပ်လောင်းကတိ ပြုပါသည်။ ၈။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဒီမိုကရေစီ အသိုက် အဝန်းမှ လွှတ်တော်အမတ်များနှင့် ဒီမိုကရေစီမိတ်ဖက်နိုင်ငံများအနေဖြင့် အာဏာသိမ်း စစ်တပ်မှ အကြမ်းဖက် လုပ်ရပ်များရပ်တန့်ရေး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး မိမိတို့နှင့် ပူးပေါင်းဆောင်ရွက် ကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-09-15

Date of entry: 

2021-09-15

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

423.95 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: