Description:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
CDM အောင်မြင်ရေးကော်မတီ
မြန်မာ့မီးရထား CDM ဝန်ထမ်းများအား ဝန်ထမ်းအိမ်ရာမှ အတင်းအဓမ္မ ဖယ်ရှားနေသော လုပ်ရပ်များနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာခြင်း
၁၄ အောက်တိုဘာလ ၂၀၂၁
၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ မှ ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်နေ့ တွင် ကြေညာချက် အမှတ် (၁၀/၂၀၂၁) ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိသည့် “နိုင်ငံတော်စီမံရေးအုပ်ချုပ်ရေးကောင်စီ” အား “အကြမ်းဖက်အုပ်စု” အဖြစ် ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၂။ တစ်ဖန် ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် ကြေညာချက်အမှတ် (၁၁/၂၀၂၁) ဖြင့် ပြည်သူက ဒီမိုကရေစီ နည်းလမ်းအရ တရားဝင်ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့အစိုးရ စီမံအုပ်ချုပ်သည့် နိုင်ငံတော်ကိုသာ ကျေးဇူးသစ္စာစောင့်သိရိုသေရန် ဖြစ်ပြီး တရားမဝင် အာဏာသိမ်းစစ်ကောင်စီက ဥပဒေမဲ့ အာဏာလုယူ စီမံအုပ်ချုပ်နေသည့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရန် မလိုအပ်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
၃။ သို့သော် Non-CDM အရာထမ်း / အမှုထမ်းများသည် တရားမဝင် အာဏာသိမ်း စစ်ကောင်စီ အားသစ္စာခံ၍ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု ( Civil Disobedience Movement ) တွင် ပါဝင်ကာ နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ ရပ်တည်လျက်ရှိသော မြန်မာ့မီးရထားCDM ဝန်ထမ်းများအား ဝန်ထမ်းအိမ်ရာများမှနေ၍ ဖယ်ရှားပေးရန် အကြမ်းဖက် ရဲတပ်ဖွဲ့ဖြင့် ခြိမ်းခြောက်ကာ အတင်းအဓမ္မ ဖယ်ရှားခိုင်းလျက်ရှိသည်ကို စိစစ်တွေ့ရှိရပါသည်။
၄။ မိမိတို့အနေဖြင့် ယခုကဲ့သို့ မြန်မာ့မီးရထား CDM ဝန်ထမ်းများအား ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း၊ ဝန်ထမ်းအိမ်ရာများမှ အကြမ်းဖက်စစ်တပ်နှင့် ရဲများကို အသုံးပြု၍ ဖယ်ရှားစေခြင်း တို့ကို စက်ဆုတ်စွာ ရှုံ့ချပါသည်။
၅။ ထိုသို့ ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း တို့အပြင် ဝန်ထမ်းအိမ်ရာများမှ အကြမ်းဖက်စစ်တပ်နှင့် ရဲများကို အသုံးပြု၍ ဖယ်ရှားခြင်းများပြုလုပ်ရာတွင် အမိန့်ပေးစေခိုင်းသော၊ လက်တွေ့ပြုမူဆောင်ရွက်သော၊ အားပေးကူညီသော လူပုဂ္ဂိုလ်များအားလုံးကို မှတ်တမ်းပြုစုကာ လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ပြုမူခံရသော မြန်မာ့မီးရထား CDM ဝန်ထမ်းများအားလဲ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ
ဥက္ကဋ္ဌ
CDM အောင်မြင်ရေးကော်မတီ..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2021-10-14
Date of entry:
2021-10-14
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
336.72 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
