နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ယူကေခရီးစဥ်နှင့် အမေရိကန်ပြည်ထောင်စုခရီးစဥ်

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဖေဖော်ဝါရီလအတွင်း ယူကေနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးစဥ်များ သွားရောက်ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဥ်များအတွင်းတွင် သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံခြားဝန်ကြီးဌာနများမှ ဝန်ကြီး၊ ဒုဝန်ကြီးနှင့် အခြားသော တာဝန်ရှိသူများ၊ လွှတ်တော်အမတ်များ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ယူကေနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသို့ ဒုတိယအကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးသည် ဖေဖော်ဝါရီလ ၆ ရက်နေ့က ယူကေ နိုင်ငံခြားရေးဝန်ကြီး (Secretary of State for Foreign, Commonwealth and Development Affairs) James Cleverly နှင့် ယူကေနိုင်ငံခြားရေးဝန်ကြီးရုံးခန်းတွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အနေနှင့် ယူကေနိုင်ငံ၏ အသစ်ချမှတ်လိုက်သော စီးပွားရေးအရေးယူပိတ်ဆို့မှုများနှင့် UNSC တွင် ယူကေနိုင်ငံ၏ ဦးစီးဦးဆောင်ပြုမှုများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ယူကေနိုင်ငံခရီးစဥ်အတွင်း လွတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့ရာ Labour Party မှ လွှတ်တော်အမတ် နှင့် All Party Parliamentary Group on Burma အဖွဲ့၏ ဥက္ကဌ လည်းဖြစ်သူ Rushanara Ali နှင့်ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိ လူနည်းစုများအခွင့်အရေးအပါအဝင် အခြားသော အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် Labour Party လွှတ်တော်အမတ်နှင့် Shadow Minister for Asia and the Pacific ဖြစ်သူ Catherine West နှင့်လည်း ဖေဖော်ဝါရီလ ၆ ရက်နေ့က ဆက်လက် တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုတွင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ယူကေပါလီမန်မှပိုမိုတိုးမြှင့် ထောက်ခံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ နိုင်ငံခြား‌ရေးဝန်ကြီးသည် အမေရိကန်ပြည်ထောင်စုသို့ ဆက်လက်ထွက်ခွာလာခဲ့ရာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဆက်လက် တွေ့ဆုံခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ဖေဖော်ဝါရီလ ၁၃ ရက်‌နေ့ ဝါရှင်တန်ဒီစီရှိ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရုံးခွဲဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်လာသည့် အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya နှင့် တွေ့ဆုံ၍ နှုတ်ဆက်စကားပြောကြားခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးအနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီရုံးခွဲ ဖွင့်လှစ်ခြင်းအား ကြိုဆိုပါကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်နေသူများနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအား အစဥ်အမြဲ အားပေး ထောက်ခံနေပါကြောင်း၊ စစ်အုပ်စု၏ အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်နိုင်ရေး ဖိအားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကိုလည်း ကူညီအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီး ‌ဒေါ်ဇင်မာအောင်သည် အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ အင်ဒိုပစိဖိတ်ရေးရာဌာန ဥက္ကဌနှင့် ညှိနှိုင်းရေးမှူး၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ Mr. Kurt Campbell နှင့် လည်း ဆက်လက်တွေ့ဆုံခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်သည် Maryland ပြည်နယ် လွှတ်တော်အမတ် Mr. Ben Cardin၊ Senate Appropriations Committee မှ Mr. Paul Grove တို့နှင့်လည်း သီးခြားတွေ့ဆုံမှုများ ပြုလုပ်ခဲ့ပါသည်။ နွေဦးတော်လှန်ရေးကာလအတွင်း ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အားပေးထောက်ခံမှုနှင့် ထောက်ပံ့မှုများသည်လည်း လွန်စွာမှအရေးပါ လျက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ၎င်း၏ ခရီးစဥ်များအတွင်းတွင် ပြည်ပရောက် မြန်မာမိသားစုများ၊ တိုင်းရင်းသားညီအကိုမောင်နှမများနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲများတွင် နိုင်ငံခြားရေးဝန်ကြီးအနေနှင့် ပြည်ပရောက် မြန်မာမိသားစုများ၊ တိုင်းရင်းသားညီအကိုမောင်နှမများ၏ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနှင့် ဒီမိုကရေစီအရေး အတွက် စိတ်အားထက်သန်မှုများအား တန်ဖိုးထားကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲများသည် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် မြန်မာပြည်သူလူထု တသားတည်းရှိကြောင်း ပြယုဂ်လည်းဖြစ်သည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2023-03-06

Date of entry: 

2023-03-06

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

632.84 KB

Resource Type: 

text

Text quality: 

    • Good