နိုင်ငံခြားရေးဝန်ကြီး‌ ဒေါ်ဇင်မာအောင်၏ တီမောလက်စတေးနိုင်ငံသို့ တရားဝင်ခရီးစဥ်သွားရောက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စတေး (အရှေ့တီမော) နိုင်ငံသမ္မတ၏ တရားဝင် ဖိတ်ကြားချက်အရ ဇူလိုင်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ တီမောလက်စတေးနိုင်ငံသို့ တရားဝင်ခရီးစဥ် သွားရောက်ခဲ့ပါသည်။ ဒေသတွင်း နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်ရေး၊ အိမ်နီးချင်း နိုင်ငံများနှင့် ပိုမိုတိုးတက်ခိုင်မာသော ဆက်ဆံရေး တည်ဆောက်နိုင်ရေး၊ ဒေသတွင်း အဖွဲ့အစည်းများတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ တိုးမြှင့်ဆောင်ရွက် နိုင်ရေးတို့အတွက် ရည်ရွယ်ကာ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ခရီးစဥ်အတွင်း ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စတေးနိုင်ငံ၏ သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးများ အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် တီမောလက်စတေးနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စတေး အစိုးရ ခေါင်းဆောင်များ၊ ဒေသတွင်းနိုင်ငံ ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြပါသည်။ တီမောလက်စတေးနိုင်ငံသမ္မတမှလည်း မိန့်ခွန်းပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ချက်သမ္မတနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် ဦးလင်းသန့်တို့အား ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းနှုတ်ဆက်သွားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်လ ၃ ရက်နေ့တွင် တီမောလက်စတေးနိုင်ငံ သမ္မတ H.E. Mr José Ramos Horta နှင့် ၎င်း၏ ရုံးခန်း၌ တစ်နာရီကျော်ကြာ ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို တီမောလက်စတေးနိုင်ငံ၊ သမ္မတထံသို့ အမှတ်တရလက်ဆောင် အဖြစ် ပေးအပ် ခဲ့ပါသည်။ ထို့နောက် ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် တီမော လက်စတေးနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ H.E. Ms Maria Fernanda Lay နှင့် လွတ်တော် ဥက္ကဋ္ဌ ရုံးခန်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စတေးနိုင်ငံ တရားဝင်ခရီးစဥ် အတွင်းတွင် အစိုးရတာဝန်ရှိသူများနှင့် ဆက်လက် တွေ့ဆုံခဲ့ရာ ဇူလိုင်လ ၄ ရက်နေ့တွင် တီမောလက်စတေးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bendito dos Santos Freitas နှင့် တီမောလက်စတေး နိုင်ငံခြားရေးဝန်ကြီးဌာန၌ လည်းကောင်း ၊ဇူလိုင်လ (၅) ရက် နံနက်ပိုင်းတွင် တီမော လက်စတေးနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Kay Rala Xanana Gusmão နှင့် ဝန်ကြီးချုပ်ရုံးခန်း၌ လည်းကောင်း၊ တွေ့ဆုံဆွေးနွေးခဲ့ပြီး အခြားသော သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ တီမောလက်စတေးနိုင်ငံသည် လူထုတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် နိုင်ငံတခုဖြစ်သကဲ့သို့၊ နိုင်ငံ့ ခေါင်းဆောင် များသည် လူထုတော်လှန်ရေးခေါင်းဆောင်များ ဖြစ်သည့် အားလျော်စွာ ပြည်ထောင်စု ဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာပြည်သူလူထု၏ တော်လှန်ရေးကို လွန်စွာမှ အားပေးထောက်ခံကာ ကိုယ်စားလှယ်အဖွဲ့ကိုလည်း လှိုက်လှိုက် လှဲလှဲ ရင်းရင်းနှီးနှီး ကြိုဆိုဆက်ဆံခဲ့ ကြပြီး ၎င်းတို့၏ အတွေ့အကြုံများ ကိုလည်း မျှဝေခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇူလိုင်လ ၅ ရက်နေ့တွင် တီမောလက်စတေးနိုင်ငံမှ ပြန်လည် ထွက်ခွာလာခဲ့ရာ တီမောလက်စတေးနိုင်ငံ တာဝန်ရှိသူများမှ ပြန်လည် ပို့ဆောင်နှုတ်ဆက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် တီမောလက်စတေးနိုင်ငံ တရားဝင်ခရီးစဥ်သည် အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး နှစ်နိုင်ငံဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးအပါအဝင်၊ နိုင်ငံရေးဆိုင်ရာ သဘော တူညီချက်များကို အောင်မြင်စွာ ဆွေးနွေး နိုင်ခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးရေးအတွက် ဝန်ကြီးဌာန စတင် ဖွဲ့စည်းတာဝန်ယူစဥ် ကာလကတည်းက အစဥ်အမြဲ ဆောင်ရွက်လျက်ရှိနေပြီး ဆက်ဆံရေး ပိုမိုတိုးမြှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ အတွက်လည်း ပထမဦးစားပေး အနေနှင့် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2023-07-10

Date of entry: 

2023-07-10

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar, Timor-Leste

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

726.72 KB

Resource Type: 

text

Text quality: 

    • Good