National Unity Government Statement No.14/2022 - အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ်(၁၄/၂၀၂၂)

Description: 

"အကြမ်းဖက်စစ်ကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေမဲ့ဖမ်းဆီးကာ မတရားအမှုများစွဲကပ်၍ လက်ရှိအချိန်တွင် နေပြည်တော် အကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားကြောင်း သိရှိရပါသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် စစ်အာဏာရှင်အဆက်ဆက်သည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် ပြည်သူများအား နည်းလမ်းပေါင်းစုံဖြင့် ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ အသက်အိုးအိမ်စည်းစိမ်များကို ထိပါးဖျက်ဆီးခြင်းများကို ကျူးလွန်ခဲ့ကြသလို ယခုလက်ရှိ အကြမ်းဖက်စစ်ကောင်စီသည်လည်း ခေတ်အဆက်ဆက် အာဏာရှင်များထက်ပင် ပိုမိုဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများစွာကို ဆင်ခြင်တုံ့တရား ကင်းမဲ့စွာ ဆက်လက်ကျူးလွန်လျက်ရှိသည်မှာ ထင်ရှားလျက်ရှိပါသည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက ဥပဒေမဲ့ အနိုင်အထက်ပြုကာ လက်နက်အားကိုး၍ ပြည်ထောင်စုအစိုးရကို ဖျက်သိမ်းရန် အားထုတ်မှုသည် ပြစ်မှုဆိုင်ရာ ဥပဒေအခန်း(၆) ပါ ပြဌာန်းချက်များနှင့် ငြိစွန်းလျက် ပြည်ထောင်စုနိုင်ငံတော်အစိုးရကို ဆန့်ကျင်ကျူးလွန်သော ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်ဖြစ်ကြောင်း ထောက်ပြ၍ ၂၀၂၁ ခုနှစ် မတ်လ (၁) ရက်နေ့တွင် စစ်ကောင်စီအား “အကြမ်းဖက်စစ်အုပ်စု” အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာခဲ့ပြီးဖြစ်သည်။ ထို့အတူ အကြမ်းဖက်စစ်ကောင်စီအလိုကျ အမှုများကို စစ်ဆေးစီရင်နေသည့် တရားရုံးများနှင့် ယင်းတရားရုံးများကချမှတ်သည့် စီရင်ချက်၊ အမိန့်များသည် တရားဝင်မှု လုံးဝမရှိကြောင်းနှင့် အဆိုပါ အမှုများကို စစ်ဆေးစီရင်နေသည့် စစ်ကောင်စီလက်အောက်ခံ တရားရုံးများ၊ တရားရေးဝန်ထမ်းများ နှင့် ဥပဒေဝန်ထမ်းများသည် ရာဇဝတ်မှုကျူးလွန်နေကြသော ရာဇဝတ် ဂိုဏ်းသားများဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနအနေဖြင့်လည်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံရေးခေါင်ဆောင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ ပြည်သူများအားလုံးသည် ရာဇဝတ်ဂိုဏ်းတစ်ခုက ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများ နှင့် အလားသဏ္ဍာန်တူနေသည့် ကာလဖြစ်သောကြောင့် တစ်ဦးတစ်ယောက် ချင်းစီတိုင်း၏ အသက်အန္တရာယ်မှာ စိုးရိမ်ဖွယ် အနေအထားဖြစ်ပေသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) နှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးများ (ICCPR) ပဋိညာဉ်စာတမ်းများတွင် မည်သည့် ရည်ရွယ်ချက်အတွက်မဆို ဓားစာခံအဖြစ် ဖမ်းဆီးခြင်းသည် လူတစ်ဦးချင်း၏ဘဝ၊ လွတ်လပ်ခွင့်နှင့် လုံခြုံမှုအပါအဝင် လူတိုင်း၏ဂုဏ်သိက္ခာနှင့် အခြေခံ အခွင့်အရေးများနှင့် ကုလသမဂ္ဂက ထိန်းသိမ်းထားသော အခြေခံတန်ဖိုးများကို ချိုးဖောက်သည် ဟုပြဌာန်းထားသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိရုံသာမက မြန်မာနိုင်ငံက ၂၀၀၄ ခုနှစ် ဇွန်လ (၄) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် ဓားစာခံဖမ်းခြင်းဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းပါ အချက်အလက်များကိုလည်း ဗြောင်ကျကျ ချိုးဖောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် မတရားဖမ်းဆီးခံထားရသူများအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက် ဒီမိုကရေစီရေးကြိုးပမ်းဆောင်ရွက်နေကြသူများ၊ လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို လေးစားတန်ဖိုး ထားကြသူများအားလုံးနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ပြီး အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြရန် တာဝန်ရှိကြောင်း တိုက်တွန်းလိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များအတွင်း ဓားစာခံများသဖွယ် မတရားဖမ်းဆီးခံထားကြရပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေကြရသူများ၏ အခြေအနေအရပ်ရပ်ကို မျက်ချေမပြတ်စောင့်ကြည့်နေပြီး အားလုံးလွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2022-06-29

Date of entry: 

2022-06-29

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

558.62 KB

Resource Type: 

text

Text quality: 

    • Good