Sub-title:
“Statement on the joint letter addressing the United Nations Transforming Education Summit in New York” - “နယူးယောက်မြို့တွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ ပညာရေး အသွင်ပြောင်းမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် စာရေးသားဖိတ်ကြားခဲ့မှုနှင့်စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်”
Description:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ ပညာရေး အသွင်ကူးပြောင်းမှု ဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း ၁၂ ခုက စာရေးသား ဖိတ်ကြားခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ပါသည်။
အဆိုပါစာတွင်မင်းအောင်လှိုင်သို့ လိပ်မူထားပြီး ဝဏ္ဏမောင်လွင် ကဲ့သို့သော အကြမ်းဖက်စစ်အုပ်စု အဖွဲ့ဝင်များကို မိတ္တူပေးပို့ထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါပူးတွဲပေးပို့စာသည် မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားသကဲ့သို့ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း ၁၂ ခု၏ ပုံရိပ်ကို ထိခိုက်စေပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ပြန်လည်တောင်းပန်စာကို တွေ့ရှိခဲ့သော်လည်း စာမှာ အလွန်တိုတောင်းသည်ကို ဝမ်းနည်းစိတ်ပျက်ဖွယ် တွေ့ရှိရပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည်သာ မြန်မာပြည်သူတစ်ရပ်လုံး၏ တရားဝင်အစိုးရဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် တရားဝင်ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားခြင်းဖြစ်ပြီး မြန်မာပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံတကာအသိုင်းအဝန်းများမှ အားပေး ထောက်ခံမှုကို တစ်ခဲနက် ရရှိထားသော အစိုးရဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် သိသာထင်ရှားသည့် နယ်မြေထိန်းချုပ်မှု၊ သင့်တင့်သော အုပ်ချုပ်ရေးလည်ပတ်မှုနှင့် အစိုးရယန္တရားကိုလည်း လည်ပတ်ဆောင်ရွက်လျက်ရှိပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနှင့် အထွေထွေအတွင်းရေးမှူးချုပ်ရုံးတို့မှလည်း အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်များကို တရားဝင် အသိအမှတ်ပြုမှုများ လုပ်ဆောင်လျက်ရှိပါသည်။ အကြမ်းဖက်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင်သည် လူမျိုးတုံးသတ်ဖြတ်မှု စသည့် စစ်ရာဇဝတ်မှု များကို ကျူးလွန်နေသည့်သူဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်မှ မင်းအောင်လှိုင်အား ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအရေး အပါအဝင် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုများ နှင့်စပ်လျဉ်း၍ အရေးယူစစ်ဆေးနိုင်ရန် အစီရင်ခံစာရေးသွင်းခဲ့ပါသည်။ အဆိုပါကိစ္စရပ်များသည် ယခု နိုင်ငံတကာတရားရုံး (ICJ) တွင် တရားစွဲဆိုမခံရခင်ကတည်းက မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေခြင်း ဖြစ်ပါသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးစောင့်ကြည့် ရေးအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားတို့မှ စစ်ဆေး ထုတ်ပြန်ချက် များအရ မင်းအောင်လှိုင်သည် အကြမ်းဖက်စစ်အုပ်စု၏ ခေါင်းဆောင်ဖြစ်သည့်အလျောက် အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ အတွက် များစွာတာဝန်ရှိပါသည်။
အဆိုပါ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း ၁၂ ခုက ဖိတ်ကြားစာပေးပို့ခဲ့ခြင်းနှင့်စပ်လျဉ်း၍ အမြန်ဆုံးပြန်လည်ရုတ်သိမ်း၍ လူသိရှင်ကြားတောင်းပန်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရတစ်ရပ်အနေဖြင့် အသိအမှတ်ပြုသည့် စာအပြည့်အစုံအား ရေးသားထုတ်ပြန်ရန် မျှော်လင့်ပါသည်။ တစ်ချိန်တည်းမှာပင် အဆိုပါ အဖွဲ့ ၁၂ ဖွဲ့အနေဖြင့် လွဲမှားသွားမှုအပေါ် အလေးအနက် ပြန်လည်သုံးသပ်ရန်နှင့် ယင်းကဲ့သို့ အမှားအယွင်းမျိုး နောက်တစ်ကြိမ် ထပ်မံမဖြစ်ပွားစေရန် သေချာဂရုပြုရမည်ဖြစ်ပါသည်။
ထိုသို့ပြန်လည်သုံး သပ်ရာတွင် ၄င်းတို့၏ မူဝါဒများ၊ ပရိုဂရမ်များနှင့် ဆောင်ရွက်မှုများအားလုံးသည် မြန်မာပြည်သူ ပြည်သားများကို တိုက်ရိုက်အကျိုးပြုကြောင်း သေချာစေရမည် ဖြစ်သည်။
ပူးတွဲရေးသားထားသည့်စာတွင် ကုလသမဂ္ဂ၏ ပညာရေးအသွင်ကူးပြောင်းမှုဆိုင်ရာညီလာခံသည် “ပိုမိုကောင်းမွန်သည့် နိုင်ငံတကာပညာရေးသို့ တက်လှမ်းနိုင်ရန် ရည်ရွယ်သည်” ဟူ၍ ဖော်ပြထားပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးစောင့်ကြည့်ရေးအဖွဲ့မှ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က ပေးပို့သည့်စာတွင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ပညာရေးစနစ်ပြိုလဲစေရန် ရည်ရွယ်၍ ကျောင်းများ နှင့် ကျောင်းသား /သူများအပေါ် တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ပြီး အနည်းဆုံး (၇.၈) မီလံယံ ကျောင်းနေအရွယ်ကလေးများ၏ ပညာသင်ကြားမှု အခွင့်အရေးများ ဆုံးရှုံးခဲ့သည်ဟု ဖော်ပြထားပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် အခြားသော သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် အဆိုပါ ပညာရေးလစ်ဟာမှုများကို ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်၍ လက်လှမ်းမှီသမျှ ကလေးသူငယ်များအား ပညာသင်ကြားခွင့်ရရှိရန် ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို) အနေဖြင့် စက်တင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ ပညာရေး အသွင်ကူးပြောင်းမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စားလှယ်ကိုသာ အသိအမှတ်ပြု ဖိတ်ကြားသင့်ပါသည်။ ပူးတွဲပါ အဖွဲ့အစည်း ၁၂ ခုအနေဖြင့်လည်း ကမ္ဘာ့ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို) ကိုသာ ကိုယ်စားပြုသင့်ပါသည်။..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2022-08-13
Date of entry:
2022-08-13
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
600.81 KB
Resource Type:
text
Text quality:
- Good
