Description:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
www.nugmyanmar.org
၇ ဇူလိုင် ၂၀၂၁ခုနှစ်
(၅၉) နှစ်မြောက် ဆဲဗင်း ဇူလိုင် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ
၁။ ယနေ့ ဇူလိုင်လ ၇ ရက်နေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အပါအဝင် စစ်အာဏာရှင်စနစ်ကို တပ်ဦးမှ တော်လှန်ခဲ့သော ကျောင်းသားလူငယ် သူရဲကောင်းတို့၏ ၇.၇.၁၉၆၂ တွင် သွေးမြေခခဲ့ရသည့် အောက်မေ့ဖွယ်အထိမ်းအမှတ်၊ (၅၉) နှစ်မြောက် အခါသမယ ဖြစ်သည်။ အမှန်တရားနှင့် တရားမျှတ လွတ်လပ်ခြင်းအတွက် ထိုကဲ့သို့ ခေတ်အဆက်ဆက် ဘဝနှင့်အသက်ကိုပေးဆပ်ကာ လက်ဆင့်ကမ်း တိုက်ပွဲဝင်ခဲ့ကြသည့် ကျောင်းသားလူငယ် တော်လှန်ရေးရဲဘော်အပေါင်းအား အမျိုးသားညီညွတ်ရေးအစိုးရက လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
၂။ မြန်မာနိုင်ငံတစ်ဝန်းရှိ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သော လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ကျောင်းသားသမဂ္ဂများသည် ကိုလိုနီစနစ်ကို ဆန့်ကျင်ရာတွင် ရှေ့တန်းမှ တိုက်ပွဲဝင်ခဲ့ကြသည်။ မြန်မာ့လွတ်လပ်ရေးနှင့် ပြည်ထောင်စုတည်ထောင်ရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သည့် ခေါင်းဆောင် များစွာကိုလည်း မွေးထုတ်ပေးခဲ့သည်။ ယင်းကဲ့သို့ သမိုင်းအဆက်ဆက် မတရားမှုကို ဆန့်ကျင်တော်လှန်ရာတွင် အစဉ်အလာရှိခဲ့သည့်အတိုင်း ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့၌ ဗိုလ်ချုပ်နေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး ၂ ရက်အကြာ မတ်လ ၄ ရက်နေ့တွင် ကျောင်းသားသမဂ္ဂများက ကန့်ကွက် ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ အမှန်တရားနှင့် တရားမျှတမှုဘက်မှ ခိုင်မာစွာ ရပ်တည်ခဲ့ကြသည့် ကျောင်းသားလူငယ်များကို စစ်အာဏာရှင် တော်လှန်ရေးကောင်စီက ဇူလိုင် ၇ ရက်နေ့တွင် ရက်စက်စွာ သတ်ဖြတ်ခဲ့ရာ အပြစ်မဲ့သည့် ကျောင်းသားလူငယ် ရာနှင့်ချီ၍ ကျဆုံးခဲ့သည်။ ခေတ်အဆက်ဆက် ကျောင်းသား နိုင်ငံရေးလှုပ်ရှားမှုများ၏ အထိမ်းအမှတ်သင်္ကေတဖြစ်သည့် သမဂ္ဂအဆောက်အဦကိုပါ ဗုံးခွဲဖျက်ဆီးခဲ့သည်။
၃။ အလားတူ ၂၀၂၁ ခုနှစ် ဖေဖော်ရီလ ၁ ရက်နေ့တွင်လည်း ပြည်သူ့အာဏာကို အကြမ်းဖက်စစ်ကောင်စီက အဓမ္မသိမ်းယူခဲ့ပြန်သည်။ ထိုအာဏာသိမ်းမှုကို ရက်ပိုင်းအတွင်း ကျောင်းသားလူငယ်များက စတင်ကာ နိုင်ငံတစ်ဝန်းရှိ ပြည်သူတရပ်လုံးက ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ၁၉၆၂ ခုနှစ် မှ ယခု ၂၀၂၁ ခုနှစ်တိုင် စစ်အာဏာရှင်အဆက်ဆက်သည် ထောင်ပေါင်းများစွာသော လက်နက်မဲ့၊ အပြစ်မဲ့ ပြည်သူများကို စစ်အင်အားသုံးကာ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ နိုင်ငံရေးလှုပ်ရှားသူပေါင်း သိန်းဂဏန်းချီ၍ ဖမ်းဆီးချုပ်နှောင်ခြင်း၊ သန်းနှင့်ချီသော တိုင်းရင်းသား ပြည်သူများ၏ ဘဝပေါင်းများစွာကို အတိဒုက္ခရောက်စေခြင်း၊ လူငယ်များ၏ မျှော်လင့်ချက်များနှင့် အနာဂတ်များကို စနစ်တကျဖျက်ဆီးခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။
၄။ ထိုသို့ စစ်အာဏာရှင်အဆက်ဆက်၏ နှစ်ပေါင်း ၆၀၊ မျိုးဆက် ၃ ခု ကြာမျှ လက်နက်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်ကာ ဘဝနှင့် အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်းခံခဲ့ရသော်လည်း အတိတ်သမိုင်းမှ ကျောင်းသားလူငယ်များ၏ အမှန်တရားကို ချစ်မြတ်နိုးသည့်စိတ်ဓါတ်၊ မတရားမှုကို ဆန့်ကျင်တော်လှန် ရဲသည့် သတ္တိတို့သည် ယနေ့တိုင် ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။ ယခုလက်ရှိ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး လှုပ်ရှားမှုများကိုလည်း လက်ဆင့်ကမ်း ဆက်လက်စေ့ဆော်ပေးလျက်ရှိသည်။ လူငယ်များ၏ တရားမျှတသော၊ တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စိတ်ကူးအိပ်မက်အား ကျောင်းသားလူငယ် အားလုံး၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထု၏အင်အား၊ တိုင်းရင်းသား လူမျိုးပေါင်းစုံမှ ခေါင်းဆောင်အားလုံး၏ အတွေ့အကြုံနှင့် ပေါင်းစပ်ကာ အကောင်အထည်ဖော်ဆောင်သွားနိုင်မည်ဟု မုချယုံကြည်ပါသည်။..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2021-07-07
Date of entry:
2021-07-07
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
576.75 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
