Description:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org
သတင်းထုတ်ပြန်ချက် (၁၅/၂၀၂၁)
၁၇ စက်တင်ဘာလ ၂၀၂၁ခုနှစ်
၁။ အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့က သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၁) ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီအား ခုခံတွန်းလှန်မည့် ပြည်သူ့တော်လှန်ရေး စတင်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြထားရာ စစ်ကောင်စီသည် နိုင်ငံရေးအရငြိမ်းချမ်းစွာဖြေရှင်းမှုကို လုံးဝစိတ်မဝင်စားပဲ အာဏာဆက်လက် တည်မြဲရေး အတွက် အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း၊ NUG က ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် လုံခြုံမှုကို အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း၊ နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို အသိအမှတ်ပြုသော်လည်း နိုင်ငံတကာအသိုင်းကိုသာ အားကိုးနေ၍ မရပဲ တမျိုးသားလုံး စည်းလုံးညီညွတ်မှုဖြင့် အာဏာသိမ်းရန်ကြိုးပမ်းမှုကို အဆုံးသတ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများက ခုခံရေးအဖွဲ့များ ဖွဲ့စည်းပြီး ခုခံတွန်းလှန်မှုများ စတင်နေပြီဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကလည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် အတူလက်တွဲ၍ ခုခံတွန်းလှန်သွားရန် ပြင်ဆင်နေပြီဖြစ်ကြောင်း၊ ပြည်သူတရပ်လုံးက ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပါရှိပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ(EAOs)နှင့် ပူးပေါင်းကာ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်း၍ CDM ဝင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာမည့် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များကို ကြိုဆိုလက်ခံနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။ ပြည်သူ့ရင်ခွင် လူမှုကွန်ယက်စာမျက်နှာ https://facebook.com/peoplesembrace နှင့် telegram Channel - https://t.me/MyanmarPeople တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
၃။ တရားမဝင် အကြမ်းဖက်စစ်ကောင်စီက ရောင်းချရန် စီစဉ်နေသည့် ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံပိုင် သံရုံးမြေနှင့် အဆောက်အဦများအား ဝယ်ယူခြင်းသည် တရားဝင်မှုမရှိသောကြောင့် ဝယ်ယူခြင်း အလျဉ်းမပြုကြရန် အထူးသတိပေး တားမြစ်သည့် ကြေညာချက်အမှတ် (၁၁/၂၀၂၁) ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုတ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံက ပိုင်ဆိုင်သည်ဟု အမည်ပေါက်သော ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံပိုင်မြေ၊ အဆောက်အဦ၊ ပိုင်ဆိုင်မှုအရပ်ရပ်တို့၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားပြည်သူများသာ ဖြစ်သည့်အတွက် ပြည်သူလူထုအားကိုယ်စားပြုမှု အလျဉ်းမရှိသော အကြမ်းဖက်စစ် ကောင်စီနှင့် ယင်း၏လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် အဆိုပါ မြေ၊ ဆောက်အဦနှင့် အခြားပိုင်ဆိုင်မှု များအား ထိန်းချုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ရောင်းချပိုင်ခွင့် အလျင်းမရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံပိုင် သံရုံးမြေနှင့် အဆောက်အဦများအား အကြမ်းဖက်စစ်ကောင်စီက တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ တစ်လုံးတစ်ခဲတည်းဖြစ်စေ၊ ရောင်းချရန် ကြိုးပမ်းမှု မှန်သမျှသည် တရားဝင်မှု လုံးဝမရှိကြောင်းကြေငြာ လိုက်သည်။ ထိုသို့ရောင်းဝယ်မှုများကို လုံးဝမလုပ်ရန်လည်း အထူးသတိပေး တားမြစ်လိုက်သည်။
ဤသို့သတိပေးတားမြစ်ထားသည့်ကြားမှ အရောင်းအဝယ်ပြုခဲ့သည်ရှိသော် စစ်ကောင်စီဘက်မှ တာဝန်ခံရောင်းသူကို သော်လည်းကောင်း၊ လက်ခံဝယ်ယူသူကိုလည်းကောင်း၊ နှစ်ဦးနှစ်ဘက်လုံးကိုလည်းကောင်း သင့်တင့်လျောက်ပတ်သည့် အချိန်တွင် သင့်လျော်သော စီရင်ပိုင်ခွင့်ရှိသည့်တရားရုံးတော်၌ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ခွင့် အကြွင်းမဲ့ရှိသည်ဟု မှတ်ယူရမည် စသည့်အချက်များ ပါရှိပါသည်။
၄။ (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပိတ်ပွဲအစည်းအဝေး နှင့် (၇၆) ကြိမ်မြောက်၊ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဖွင့်ပွဲ နှင့် ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးများသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း တက်ရောက်ခဲ့သည်။ (၇၆)ကြိမ်မြောက်၊ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေး ကို ဆက်လက်ကျင်းပခဲ့ရာ၊ အစည်းအဝေးကို (၇၆)ကြိမ်မြောက် အထွေထွေညီလာခံဥက္ကဋ္ဌ H.E. Mr. Abdulla Shahid မှ ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက်၊ အထွေထွေညီလာခံ၏ အရည်အချင်းစစ် ကော်မတီ (Credentials Committee) အဖွဲ့ဝင်နိုင်ငံများကို ရွေးချယ်ခန့်အပ်ခဲ့သည်။ အရည်အချင်းစစ် ကော်မတီ တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ တရုတ်၊ ရုရှား၊ ဆီရာလွန်၊ နမီးဘီးယား၊ ဆွီဒင်နှင့် အမေရိကန်ပြည်ထောင်စု တို့ပါဝင်သည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၏ RadioNUG အစီအစဉ်ကို နေ့စဉ် နံနက် ၈ နာရီ လှိုင်းတို ၁၆ မီတာ (၁၇.၇၁) မက်ဂါဟက်ဇ် တွင် တစ်ကြိမ်၊ ည ၈ နာရီ လှိုင်းတို ၂၅ မီတာ (၁၂.၀၀) မက်ဂါဟက်ဇ်တွင် တစ်ကြိမ် ထုတ်လွှင့်လျက်ရှိသလို၊ နေ့စဉ်သတင်းရုပ်သံအစီအစဉ်ကိုလဲ ည ၈ နာရီခွဲအချိန်တွင် NUG , CRPH , RadioNUG နှင့် PVTV တို့၏လူမှုကွန်ယက် စာမျက်နှာများမှ ထုတ်လွှင့်ပေးလျက်ရှိပါသည်။ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးသတင်းအကျဉ်းချုပ်နှင့် ပြည်ထဲရေးနှှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ပြည်သူလူထု၏ခုခံကာကွယ်စစ် သတင်းအချက်အလက်များကို နေ့စဉ်ထုတ်ပြန်ပေးလျက် ရှိပါသည်။
၆။ အမျိုးသားညီညွတ်ရေးအစိုးရ၏ မေတ္တာရပ်ခံတောင်းဆိုချက်များအရ အရွယ်ရောက်ပြီးသော ကလေးငယ်များ လွတ်လပ်စွာ အခမဲ့ပညာသင်ကြားခွင့်ဆိုင်ရာ ဥပဒေ (၂၀၀၉)က အသက် ၆ နှစ်နှင့် ၁၄ နှစ်အကြား ကလေးငယ်များသည် ၎င်းတို့၏ အသက်အရွယ်နှင့်ညီမျှသော အခြေခံပညာသင်ကြားပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားသည့်အတိုင်း ဒေသစွန့်ခွာ ထွက်ပြေးခိုလှုံလာသော ကလေးငယ်များကို ပညာသင်ကြားခွင့်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဟု မီဇိုရမ်အစိုးရ ကျောင်းပညာရေးဒါရိုက်တာအဖွဲ့က ဆုံးဖြတ်ဆောင်ရွက်နေမှုအပေါ် လွန်စွာကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။ ..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2021-09-17
Date of entry:
2021-09-17
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
654.75 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese + English versions)
