National Unity Government Press Conference (2/2022) - အမျိုးသားညီညွတ်ရေးအစိုးရ သတင်းစာရှင်းလင်းပွဲ (၂/၂၀၂၂)

Description: 

"စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္...စတင်ဖွဲ့စည်းမှု တစ်နှစ်ကျော်ကာလ ၊ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ပြီး (၉) လကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ လေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှု၊ တပ်ဆင်မှု၊ ထုတ်လုပ်မှု တို့သည် ပိုမိုအားကောင်းလျက် Professional Army တစ်ရပ်အဖြစ် တဖြည်းဖြည်းပုံပေါ်လာပြီဖြစ်သည်။ ယခုကာလတွင် ပျောက်ကျားစစ်သာမက လိုအပ်လျင် တပ်ရင်းလိုက် ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ စစ်လက်နက်ပစ္စည်းတပ်ဆင်မှုနဲ့ပတ်သက်၍ ဝယ်ယူတပ်ဆင်ခြင်း၊ ထုတ်လုပ်တပ်ဆင်ခြင်း နည်းလမ်း (၂) ခုဖြင့် အနိမ့်ဆုံးလိုအပ်ချက် ပြည့်မီရေး ဆောင်ရွက်လျက်ရှိပါသည်။ နယ်မြေစိုးမိုးမှုအနေဖြင့် တိုင်းဒေသကြီးများဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း(မြောက်ပိုင်း)တို့ရှိ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် ကျေးရွာအများစုကို ၏ ၈၀ ရာခိုင်နှုန်းကိုPDF များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ တနင်္သာရီတိုင်းနှင့် မန္တလေးတိုင်း(မြောက်ပိုင်း) တို့တွင် PDF တို့၏လှုပ်ရှားမှုများ ပိုမိုအားကောင်းလာကာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင်လဲ မြို့ပြပျောက်ကြားလှုပ်ရှားမှုများ ဆက်လက်ရှင်သန်လျက်ရှိနေသည်။ ပြည်နယ်များ ဖြစ်သည့် ကချင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်(မြောက်ပိုင်း) တို့တွင် မဟာမိတ် EROs များနှင့် PDF တို့၏ စိုးမိုးထိန်းချုပ်နိုင်မှုများ တိုးပွားလျက်ရှိကာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင်လဲ EROs တို့၏ စစ်ရေးလှုပ်ရှားမှုနှင့် နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှုတို့ အားကောင်းလျက်ရှိသည်။ ၂၀၂၂ ခုနှစ် မေလ (၁၉) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ကြေညာချက်အမှတ် (၁၁/၂၀၂၂) ဖြင့် မြို့နယ် ၁၅ မြို့နယ်တွင် မြို့နယ်တရားသူကြီးအဖွဲ့များကို ဖွဲ့စည်းပြီး စက်ရှင်တရားစီရင်ရေးအာဏာများ အပ်နှင်းခဲ့ပြီးဖြစ်သည်။ တရားရေးဝန်ကြီးဌာနသို့ တိုင်ကြားထားသော ဒေသအတွင်းဖြစ်ပွားသည့် အမှုများ ကိုစတင်ကိုင်တွယ်ဆောင်ရွက် တော့မည်ဖြစ်ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသို့ ကာယကံရှင်ကိုယ်တိုင် တိုင်ကြားထားသော အမှုများကိုလဲ ရဲလုပ်ငန်းစဉ်နဲ့ ကိုက်ညီအောင် ဆောင်ရွက်လျက်ရှိ ပါသည်။ တိုင်ကြားထားသော အမှုများကို အွန်လိုင်းမှတဆင့် စစ်ဆေးစီရင်ခြင်း၊ မြေပြင်တွင် စစ်ဆေးစီရင်ခြင်း စသည့် နည်းလမ်း (၂) မျိုးဖြင့် စစ်ဆေးစီရင်သွားမည်ဖြစ်ပါသည်။ တရားစီရင်မှု မပြုလုပ်နိုင်မည့်ကာလအတွင်း ဖမ်းဆီးရမိသူများကို ထိန်းသိမ်းထား ရှိရန်အတွက်လဲ စိုးမိုးထိမ်းချုပ် နယ်မြေများတွင် အကျဉ်းထောင်များထားရှိနိုင်ရေး အစောတလျင်ဆောင်ရွက် လျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီး ချုပ်နှောင်ခြင်း၊ ဥပဒေမဲ့ တရားစီရင်ခြင်း၊ သေဒဏ်ချမှတ်ခြင်း၊ ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့၏ သေဒဏ်ကို အတည်ပြုခြင်း စသည့် လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချသည်။.....စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍ...ငွေတိုက်စာချုပ်ရောင်းချရမှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်း၊ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသည့် ပိုင်ဆိုင်မှုကိုရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၇ သန်းကျော် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၅ သန်းရရှိပြီးဖြစ်ကာ အဆိုပါ ငွေကြေး၏ ၉၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ်အသုံးပြုထားပါသည်။ ကာကွယ်ရေးအသုံးစရိတ်ဟု ဆိုရာတွင် မဟာမိတ်များနှင့် မျှဝေသုံးစွဲခြင်း၊ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးများတွင် သုံးစွဲခြင်း၊ PDF များကို လက်နက်တပ်ဆင်ပေးခြင်း စသည့် အသုံးစရိတ်များပါဝင်ပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရထံသို့ ပြည်သူလူထု၏ နည်းမျိုးစုံဖြင့် ထည့်ဝင် ထောက်ပံ့မှုများကြောင့် တော်လှန်ရေးမှာ ယခုကဲ့သို့ လျှင်မြန်စွာ တိုးတက်အောင်မြင်နေခြင်းဖြစ်သည်။တော်လှန်ရေး အသုံးစရိတ်အနေဖြင့် လစဉ် တစ်လလျှင် အမေရိကန်ဒေါ်လာ (၁၀)သန်းရရှိရန်လိုအပ်ပြီး ထိုပမာဏကို လစဉ်ပြည့်မှီ စေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့်လဲ အမျိုးသားညီညွတ်ရေးအစိုးရထံသို့ တော်လှန်းရေးတာဝန်တစ်ရပ် အနေဖြင့် အခွန်ဆောင် ကြရန် တိုက်တွန်းလိုသည်။ ငွေကြေးစီးဆင်းမှုလုပ်ငန်းများကို အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုမှ လွတ်ကင်း၍ လုံခြုံစွာနှင့် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်အတွက် NUG Pay အမည်ရ Moblie Payment System တစ်ခုကို ၂၀၂၂ ခုနှစ် ဇွန်လအကုန်ပိုင်းတွင် Pilot Project Launch လုပ်ရန် ရည်ရွယ်ထားပါသည်။ စိုးမိုးနယ်မြေများတွင် စတင်အသုံးပြုမည်ဖြစ်ပြီး တနိုင်ငံလုံးလွှမ်းခြုံ အသုံးပြုနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ မကြာမီအချိန်အတွင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသည့် ပြည်သူပိုင် အိမ်တစ်လုံးအား ထပ်မံလေလံတင်ရောင်းချ ရန်ရှိသည့်အပြင် ပြည်သူပိုင်မြေများကို မတရားသိမ်းဆည်း ရယူထားသည့် ရန်ကုန်မြို့အချက်အချာ ကျသော နေရာမှ တပ်ပိုင်မြေအချို့ကို နွေဦးတော်လှန်ရေး အထိမ်းအမှတ်ပန်းခြံ အပါအဝင် စိမ်းလန်းဧရိယာ(Green Area) တစ်ခုအဖြစ်ဆောင်ရွက်မည့် စီမံကိန်းတစ်ခုကို စိတ်ဝင်စားမှု အဆိုပြုလွှာခေါ်ယူ ဆောင်ရွက်သွားရန်ရှိပါသည်။ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါဆုံးရှုံး သွားရသည့် သူရဲကောင်းများ၊ အိုးအိမ်ဆုံးရှုံးခဲ့ ရသည့် ပြည်သူများ၊ CDM သူရဲကောင်းများအတွက် ဂုဏ်ပြုချီးမြှင့်နိုင်ရန်၊ ပြန်လည်ကုစားနိုင်ရန် အတွက် ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများအား ကြိုတင်ဖိတ်ခေါ်၍ Development Project များ အကောင်အထည်ဖော်သွားမည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စိုးမိုးထိန်းချုပ်နယ်မြေများတွင် သဘာဝသယံဇာတ စီမံအုပ်ချုပ်မှုများ ပြုလုပ်နိုင်ရန်နှင့် တရားမဝင် သစ်ခိုးထုတ်မှုများ၊ တရားမဝင်သတ္တုတူးဖော်မှုများကို ကာကွယ်ရန် အတွက် သဘာဝသယံဇာတဗဟိုအဆင့် စီမံခန့်ခွဲရေးကော်မတီက မြို့နယ်အဆင့်ကော်မတီခွဲများ ဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိသည်။ တရားမဝင် သစ်ခိုးထုတ်မှုများကို ဖမ်းဆီးစစ်ဆေးအရေးယူလျက်ရှိကာ သိမ်းဆည်းရမိသည့် သစ်များရောင်းချ ရငွေများ၏ ၇၀%ကို မြို့နယ်အဆင့်တာဝန်ရှိသူများက စီမံသုံးစွဲပြီး ၃၀% ကို ဝန်ကြီးဌာနမှ စီမံသုံးစွဲလျက်ရှိပါသည်။ လူမှုရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ လူသားချင်းစာနာမှုအကူအညီများကဏ္ဍ နယ်မြေစိုးမိုးမှုရှိသော ဒေသများတွင် မြေပြင် ပြည်သူ့ပညာရေးစာသင်ကျောင်းများဖွင့်လှစ်သင်ကြားလျက်ရှိပြီး နယ်မြေစိုးမိုးမှုမရှိသေးသော ဒေသများရှိ ကျောင်းသူကျောင်းသားများအတွက် Online စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိပြီး ၊ မြေပြင် သင်ကြားရေးအနေဖြင့်လဲ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသည့်ဒေသများတွင် ပြည်သူ့အခြေပြု စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိပါသည်။ အဆိုပါ ကျောင်းများကို CDM ဆရာ၊ ဆရာမများက အဓိက ဦးဆောင်ပြီး စေတနာ့ဝန်ထမ်းနှင့် ပုဂ္ဂလိက ဆရာ၊ ဆရာမများ၊ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ Online စာသင်ကျောင်း များနှင့် မြေပြင်စာသင်ကျောင်းများတွင် အပ်နှံပညာသင်ယူရန် အခက်အခဲရှိနေသော ပြည်သူများအတွက်လဲ နေအိမ်အခြေပြုပညာသင်ယူခြင်း(Home-Based Learning : HBL) စနစ်ကို အကောင်အထည်ဖော်လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို လူမှုကွန်ယက်စာမျက်နှာ https://www.facebook.com/BE.moeNUG တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ ထို့အပြင် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာတို့နှင့် ပတ်သက် သော သင်ထောက်ကူဗွီဒီယိုများ၊ ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များကို https://learning-moe.nugmyanmar.org/ တွင် ရယူလေ့လာနိုင်ပါသည်။ အင်တာနက်အဆင်မပြေသော ဒေသများအတွက်လဲ OTG Stick များအတွင်း သင်ထောက်ကူဖိုင်များထည့်သွင်းကာ ဖြန့်ဝေပေးလျက်ရှိ ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရန်နှင့် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို ကုသမှုပေးနိုင်ရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် တယ်လီကျန်းမာ အစီအစဉ်ဖြင့် တစ်နိုင်ငံလုံးရှိမြို့နယ်များ၏ ၇၀ ရာခိုင်နှုန်းကျော်ကို Online ကျန်းမာရေးဝန်ဆောင်မှု ပေးလျက်ရှိပါသည်။ စိုးမိုးထိန်းချုပ် နယ်မြေများတွင် ရှေ့တန်းဆေးရုံ ၁၆၇ ရုံနဲ့ အခြေစိုက်ဆေးရုံ ၅၂ ရုံ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။ ဆက်လက်ပြီး ကုတင် (၅၀) ဆန့် အခြေစိုက်ဆေးရုံ (၆) ရုံ ကိုလဲ ဆောက်လုပ်လျက်ရှိသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ရေးအရရှုံးနိမ့်နေသည့် ဒေသများတွင် အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်လျက်ရှိပြီး နေအိမ်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးလျက်ရှိရာ ယခုလက်ရှိအချိန်အထိ အိမ်ခြေပေါင်း တစ်သောင်းကိုးထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီဖြစ်ပါသည်။ မီးရှို့ ဖျက်ဆီးခံရမှုများတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အများဆုံးဖြစ်ပြီး မေလအတွင်း မီးရှို့ဖျက်ဆီး ခံရသည့်အိမ်ခြေ ၇ထောင်ကျော်ရှိသည်ဟု အချက်အလက်များအရ သိရှိရပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် တိုးပွားလာလျက်ရှိသော နေရပ်စွန့်ခွာပြေးနေရသည့် ပြည်သူလူထုထံသို့ အကူအညီများ မှန်ကန်မြန်ဆန်စွာရောက်ရှိစေရေးအတွက် တိုင်းရင်းသားမဟာမိတ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ (ASEAN AHA Centre) မှတဆင့် လူသားချင်းစာနာမှု အကူအညီပေးအပ်ရာတွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ၀န်ကြီးဌာန၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ၊ ပြည်နယ် အတိုင်ပင်ခံ ကောင်စီများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ခြင်းမရှိပဲ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုနှင့် လေ့လာဆန်းစစ်မှုများဆိုင်ရာ ပုံစံဒီဇိုင်းနှင့် လုပ်ငန်းစဥ်အား အပြီးသတ် လုပ်ဆောင်ခဲ့သည်။ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် ကျင့်စဥ်ကောင်း များ၏ စံတန်ဖိုးများ အပေါ်တွင် အခြေခံ၍ သက်ဆိုင်သူ အားလုံးပါ၀င်သော လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုကို ပြုလုပ်ရန်နှင့် အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်ချက်ကို နယ်စပ် ဖြစ်ကျော် ပံ့ပိုးပေး နိုင်ရန် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းမှုရုံး (OCHA)နှင့် နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) တို့အား တိုက်တွန်းသည်။ နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့ အထိ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယနိုင်ငံခြားရေး၀န်ကြီး Mrs. Wendy Sherman ၊ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ အထူးလက်ထောက်ဖြစ်သူအပါအ၀င် အဆင့်မြင့် အရာရှိကြီးများ၊ အမေရိကန်နိုင်ငံ ရီပက်ဘလစ်ကင် အထက်လွှတ်တော် ကိုယ်စားလှယ်ခေါင်းဆောင် မစ်ရှ်မက်ကော်နယ် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၊ အာဆီယံမှ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး အပါအဝင် ခေါင်းဆောင်များနှင့် လည်းကောင်း၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Mr. Jiri Kozak နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဇွန်လ ၉ ရက်နေ့တွင် လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီး Professor ဇော်ဝေစိုးသည် UK ၊ ဥရောပသမဂ္ဂနှင့် နော်ဝေနိုင်ငံသို့ ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်မှ ဇွန်လ ၁၀ ရက်နေ့ အထိ သွားရောက်ခဲ့သည်။ ထိုခရီးစဥ်အတွင်း UK နိုင်ငံတွင် Minister of State for Asia and Middle East Rt Hon Amanda Milling၊ Under Secretary of State of Innovation Lord Kamall၊ Academy of Royal Colleges၊ Brussel နိုင်ငံတွင် ဥရောပပါလီမန် ဒုဥက္ကဌ Heidi Hautala နှင့် Norway နိုင်ငံ အော်စလိုမြို့တော်၌ အော်စလိုတက္ကသိုလ်၊ iNGO အဖွဲ့များ၊ အော်စလို ငြိမ်းချမ်းရေးသုတေသနဌာန၊ Diakonhjemmet ဆေးရုံ၊ နော်ဝေဗုဒ္ဓဘာသာအသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ နှင့် လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ကြပြီး မြန်မာ့နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးကိစ္စများ၊ အကြမ်းဖက် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စများ၊ တော်လှန်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက် ထားရေးဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ ငြိမ်းချမ်းမှုနှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။ နိုင်ငံရေးနှင့် အသွင်းကူးပြောင်းရေးကာလအတွက် ပြင်ဆင်မှုများကဏ္ဍ အကြမ်းဖက်စစ်ကောင်စီ သည် ဒီမိုကရေစီနည်းကျ ဆန္ဒဖော်ထုတ်ခဲ့သည့် ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒမဲများကို လျစ်လျှူရှုကာ အရပ်သားအစိုးရ၏ သမ္မတ အပါအဝင် အစိုးရအဖွဲ့ဝင် အားလုံးနှင့် ဒီမိုကရေစီအရေးကြိုးပမ်းသူများကို ဖမ်းဆီးခြင်း၊ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲ၊ ထောင်ချခြင်း၊ နိုင်ငံအနှံ့ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီး နှိပ်စက်ခြင်း၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ မြောက်များစွာ ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲ ဖြစ်သည်။ ထိုကဲ့သို့သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်များကို အကြမ်းဖက်စစ်ကောင်စီတပ်များက ကျူးလွန်လျက်ရှိသည်ကို သက်သေပြနိုင်သည့် သက်သေအထောက်အထားများစွာကိုလဲ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် သတင်းမီဒီယာများက လက်ခံရရှိထားပြီးဖြစ်ကာ သက်ဆိုင်ရာ တရားစွဲအဖွဲ့အစည်းများသို့လည်းကောင်း၊ နိုင်ငံတကာ အစိုးရများသို့လည်းကောင်း ပေးပို့၍ လိုအပ်သော စစ်ဆေးဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ယခုအခါ အကြမ်းဖက်စစ်ကောင်စီသည် ယင်းတို့ ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ထွက်ပေါက်ရှာသည့် အနေဖြင့် ရွေးကောက်ပွဲအတုအယောင်တစ်ခုကို ဖန်တီးကာ ကမ္ဘာတစ်ဝှမ်းအား လိမ်ညာလှည့်ဖျားရန် ကြိုးစားလျက်ရှိပေသည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းပေါ်ပေါက်သော မြန်မာပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုပါဝင် ဖွဲ့စည်းထားသော အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ကို တခဲနက်ထောက်ခံလျက်ရှိကာ အကြမ်းဖက်စစ်ကောင်စီပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ လက်ခံမည် မဟုတ်သည့် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားအမှန်ကို ဦးထိပ်ထားလျက် တော်လှန်ရေး အောင်မြင်သည်အထိ ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဠိဉာဏ်ကို လမ်းပြမြေပုံအဖြစ် ကိုင်စွဲဆောင်ရွက်လျက်ရှိပြီး လက်ရှိကြားကာလ စီမံအုပ်ချုပ်မှုလုပ်ငန်းများကို ဖော်ဆောင်ရာတွင်လဲ ဖက်ဒရယ်အခြေခံမူများကို အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန် အစီရင်ခံအပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2022-06-21

Date of entry: 

2022-06-22

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.59 MB

Resource Type: 

text

Text quality: 

    • Good