Description:
"၁။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာအား တရားမဝင်လုယူလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ထုတ်ပေးခြင်းကို ချွင်းချက်မရှိရပ်ဆိုင်းထားကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁ ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ခန့်အပ်တာဝန်ပေးအပ်သော ခေတ္တပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၂။ အဆိုပါ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂၁ ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာနက အတည်ပြုဆက်ခံကြောင်း ကြေညာချက်အမှတ် ၃/၂၀၂၁ ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထပ်မံထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါသည်။
၃။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဇူလှိုင်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် တာဝန်ယူမှုရှိသော လုပ်ငန်းများအတွက် လမ်းညွှန်ချက်အား ကြေညာချက် အမှတ် ၆/၂၀၂၁ အဖြစ် ထုတ်ပြန် ရာတွင်လည်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုသည့် မည်သည့်ရင်းနှီးမြှုပ်နှံမှု အသစ်ကို မဆို အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အသိအမှတ်ပြုလက်ခံမည် မဟုတ်ကြောင်း အတိအလင်းဖော်ပြခဲ့ပြီးဖြစ်သည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရမှ ချမှတ်ကျင့်သုံးလျက်ရှိသောမူဝါဒတိုင်းသည် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်၏ အနှစ်သာရကို ထင်ဟပ်စေမည့်မူဝါဒမျိုးကိုသာ အခြေပြုရေးဆွဲလျက်ရှိပြီး အဆိုပါမူဝါဒများထဲတွင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာမူဝါဒ သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
၅။ ယခုကဲ့သို့ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတည်ပြုမိန့်၊ ခွင့်ပြုမိန့်များကို အလျင်စလို၊ လက်လွတ်စပယ် ထုတ်ပေးနေခြင်းသည် ပြည်သူတရပ်လုံး လိုလားတောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို မျက်ကွယ်ပြု၍ ကျော်လွန်ဆောင်ရွက်ရာရောက်သည့် အတွက် သည်းခံခွင့်လွှတ်နိုင်ဖွယ် မရှိသော လုပ်ရပ်ဖြစ်သည်။
၆။ သို့ပါ၍ တရားမဝင်အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ရယူ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အောက်ဖော်ပြပါ ကုမ္ပဏီများ၏ တရားမဝင်ရင်းနှီး မြှုပ်နှံမှုများအား ချွင်းချက်မရှိရပ်ဆိုင်းထားရန် အထူးသတိပေး တားမြစ်လိုက်သည်။
၇။ တားမြစ်ချက်အား လိုက်နာခြင်းမရှိသည့် ကုမ္ပဏီများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည် ဖြစ်သည်။..."
Source/publisher:
Ministry of Planning, Finance and Investment - NUG
Date of Publication:
2021-08-30
Date of entry:
2021-08-30
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
324.68 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (English + Burmese versions)
