Ministry of Home Affairs and Immigration: Announcement No.3/2021 - ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ကြေညာချက်အမှတ် (၃/၂၀၂၁)

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ============================ နိုင်ငံ့ဝန်ထမ်းများ ပြည်သူလူထုဘက်မှ အမြန်ဆုံးရပ်တည်‌ပေးနိုင်ရန် ကြိုးပမ်းအားထုတ်ကြစေရေးနှင့် စပ်လျဉ်းသည့် ကြေညာချက် ကြေညာချက်အမှတ် (၃/၂၀၂၁) ရက်စွဲ ၊ ၉ ရက် စက်တင်ဘာလ ၂၀၂၁ ခုနှစ် ၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသည့် ဒီမိုကရေစီအစိုးရထံမှ လက်နက်အားကိုး ဖြင့် မတရား အာဏာသိမ်းယူခဲ့ပြီး ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ နည်းမျိုးစုံဖြင့် ဖမ်းဆီးနှိပ်စက်ခြင်း၊ အကျဉ်းချခြင်း၊ ပြည်သူများ ပိုင်ဆိုင်သည့် အိုးအိမ်များ၊ ဥစ္စာပစ္စည်းများကို အဓမ္မသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းစသည့် ဥပဒေမဲ့ လုပ်ရပ်များ၊ ရာဇဝတ်မှုများကို ကျူးလွန်လာခဲ့သည်မှာ ၈ လတာကာလ အတွင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ၂။ ယင်းသို့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဖိနှိပ်အနိုင်ကျင့်ခြင်းများကြောင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းနေကြရပြီး အကြောင်းအမျိုးမျိုးကြောင့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ရုန်းမထွက်နိုင်ကြသေးဘဲ မလွှဲမရှောင်သာ ဆက်လက် တာဝန်ထမ်း ဆောင်နေကြရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန စသည့် ဌာနအသီးသီးမှ ဝန်ထမ်းအချို့သည်လည်း စိတ်နှလုံးမချမ်းမြေ့ဘဲ ထိခိုက်နာကျင်ခံစား နေကြရ သည်ကို ကြားသိနေရပါသည်။ ၃။ ပြည်သူလူထုကို ရက်ရက်စက်စက် ဖိနှိပ် ညှဉ်းဆဲ သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အမိန့် ကို ဆန့်ကျင်ဖီဆန်ခြင်းသည် နိုင်ငံ့ဝန်ထမ်းများ၏ သဘာဝအခွင့်အရေးဖြစ်သကဲ့သို့ နိုင်ငံသားများ၏ လွတ်လပ်မှု အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်းလည်း ဖြစ်သည်။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ Civil Disobedience Movement (CDM) တွင် ပါဝင်လာခြင်းအားဖြင့် ပြည်သူ့ လွတ်မြောက်ရေး တော်လှန်မှုတွင် ပြည်သူနှင့်အတူ ရပ်တည်ပါဝင်လာခြင်းသည် ပြည်သူ့ခုခံတော်လှန်ရေး၏ တောင်းဆိုချက်လည်း ဖြစ်ပေသည်။ ၄။ ယခုအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတကြီး ဒူဝါလရှီးလက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှစ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ သတ်မှတ် ကြေညာခဲ့ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ပြည်သူတစ်ရပ်လုံးမှ လှည်းနေလှေအောင်း မြင်းစောင်း မကျန် ခုခံတွန်းလှန်ကြဖို့ မိန့်ခွန်းမြွက်ကြားခဲ့ပြီး ဖြစ်ပါသည်။ ၅။ ပြည်သူလူထုဘက်က ရပ်တည်လိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် စိတ်မချမ်းမြေ့စွာ ဆက်လက်တာဝန်ထမ်းဆောင်နေကြရသည့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ တော်လှန်ရေးအင်အားစုများ ဘက်မှ ပူးပေါင်းရပ်တည်ခြင်း၊ သတင်းပေးခြင်း၊ ပြည်သူ့တော်လှန်ရေး ရဲဘော်များနှင့် ပြည်သူများကို တတ်စွမ်း သမျှ ကာကွယ်စောင့်ရှောက်ခြင်းများ လုပ်ဆောင်၍ ပြည်သူလူထု ဘက်မှ ပြတ်သားစွာ ပူးပေါင်းရပ်တည်နိုင်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်ကြဖို့ အချိန်တန်ပြီ ဖြစ်ပါသည်။ ၆။ ယင်းသို့ ပြည်သူ့ဘက်မှ ပူးပေါင်းရပ်တည်လာကြသည့် အင်အားများသည် အာဏာရူးအကြမ်းဖက် စစ်ကောင်စီတပ်များကို ခုခံတွန်းလှန်စစ်ဆင်နွှဲနေကြသည့် ပြည်သူ့တော်လှန်ရေး၏ ပွဲသိမ်းအောင်ပွဲကို ကြီးမားသည့် အထောက်အပံ့ဖြစ်စေပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ပိုမိုကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်သည့်အပြင် ပြည်သူလူထုနှင့်တစ်သားတည်း ရပ်တည်ကြခြင်းဖြင့် မိမိကိုယ်တိုင်နှင့် မိမိတို့ မိသားစု ဝင်များကိုပါ ပြည်သူလူထုက အပြန်အလှန် ကူညီဖေးမ စောင့်ရှောက်ပေးနိုင်မည်ဖြစ်ရာ နိုင်ငံသား အားလုံးကို ပိုမို ဘေးကင်းလုံခြုံမှုရစေမည် ဖြစ်ပါသည်။ ၇။ နိုင်ငံဝန်ထမ်းများအနေဖြင့် မိမိတို့၏ မူလတာဝန်ကို ကျေပြွန်စွာထမ်းဆောင်ရာတွင် အဓိက အလေးထား ရမည့်အချက်မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပေးရန်နှင့် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်းလက်တွဲ ကူညီရန် ဖြစ်သည်။ အကြောက်တရားကြောင့် မိမိတို့၏ မူလတာဝန်ကို မေ့လျောကာ ပြည်သူလူထုကို အကြမ်းဖက် ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးနှိပ်စက်နေသည့် စစ်အုပ်စု၏ လက်ကိုင်တုတ်၊ လက်ပါးစေဘဝသို့ ကျရောက်မသွားစေရေးနှင့် ပြည်သူလူထုအပေါ် သစ္စာမဖောက်မိစေရေးအတွက် မိမိတို့ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အားထုတ်ကြရမည် ဖြစ်ပါ သည်။ ၈။ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်ကာ ပြည်သူလူထုအပေါ် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေပါက ပြည်သူ့တော်လှန်ရေးတိုက်ပွဲအတွင်း ပြည်သူ့ ရန်သူအဖြစ် တိုက်ခိုက်ချေမှုန်းခံရနိုင်သည့်အပြင် ပြည်သူ့တော်လှန်ရေးတိုက်ပွဲပြီးဆုံးချိန်တွင်လည်း တရားဥပဒေ အရ အရေးယူ အပြစ်ပေးခံရမည်ဖြစ်ရာ၊ လက်ရှိကာလအတွင်း ပြည်သူလူထုဘက်မှ ပြတ်သားစွာ ပူးပေါင်း ရပ်တည်ရန် လိုအပ်ပါသည်။ ထို့ပြင် နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ပြည်သူလူထု၏လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်းလက်တွဲကူညီရန် တာဝန်ရှိသည့်အားလျော်စွာ မိမိတို့၏ မူလ တာဝန်ကို လစ်ဟင်းမှုမရှိစေရေး အတွက် သတိချပ်ကြစေလိုပြီး ပြည်သူလူထုနှင့်တစ်သားတည်း ရပ်တည်နိုင်ရေး အလျင်အမြန် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်သည်။ ပုံ လွင်ကိုလတ် ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

Source/publisher: 

Ministry of Home Affairs and Immigration - Myanmar

Date of Publication: 

2021-09-09

Date of entry: 

2021-10-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

267.25 KB

Resource Type: 

text

Text quality: 

    • Good