Informal Burmese Translation (3-6-2021) Speech by U Kyaw Moe Tun, Permanent Representative of Myanmar to the United Nations at the UN General Assembly Special Plenary Session - အလွတ်သဘော မြန်မာဘာသာပြန်ဆိုချက် (၃-၆-၂၀၂၁) အဂတိလိုက်စားမှု ကာကွယ်တိုက်ဖျက်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂထွေထွေညီလာခံအထူးမျက်နှာစုံညီအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း ပြောကြားခဲ့သည့်မိန့်ခွန်း

Description: 

"အလွတ်သဘော မြန်မာဘာသာပြန်ဆိုချက် (၃-၆-၂၀၂၁) အဂတိလိုက်စားမှု ကာကွယ်တိုက်ဖျက်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂထွေထွေညီလာခံအထူးမျက်နှာစုံညီအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း ပြောကြားခဲ့သည့်မိန့်ခွန်း (နယူးယောက်၊ ဇွန်လ ၂-၄ ၂၀၂၁) သဘာပတိကြီးခင်ဗျာ၊ အဂတိလိုက်စားမှု ကာကွယ်တိုက်ဖျက်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ စိန်ခေါ်မှု များနှင့် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ အထူးမျက်နှာစုံညီအစည်းအဝေး၌ မိန့်ခွန်းပြောကြားရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခင်က မကြုံခဲ့ဖူးသည့် လူမှု-စီးပွားရေးစိန်ခေါ်မှုများကြားမှ လူမှုအသိုက်အဝန်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေဆဲဖြစ်သော ရှိရင်းစွဲ ကပ်ရောဂါကြီးများအနက် တစ်ခုဖြစ်သည့် အဂတိလိုက်စားမှုကို လျစ်လျူရှု၍ မရကြောင်းကို ယနေ့ အထူးအစည်းအဝေးမှ မီးမှောင်းထိုးပြလျက်ရှိပါတယ်။ အဂတိလိုက်စားမှုသည် မတရားမှု၏ အရင်းအမြစ်တစ်ခုဖြစ်ပြီး၊ လူမှုအသိုက်အဝန်းအတွက် မကောင်းသည့် အကျိုးဆက်များဖြစ်ထွန်းစေပါတယ်။ ထို့ပြင် အဂတိလိုက်စားမှုသည် အစိုးရအဖွဲ့အစည်းများအပေါ် ပြည်သူများ၏ ယုံကြည်မှုကို ဆုတ်ယုတ်စေပြီး၊ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို လျော့ပါးစေသည့်အပြင် အထူးသဖြင့် လူမှုအဖွဲ့အစည်းများ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူမှုအဖွဲ့အစည်းများတွင် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် လူမှုအသိုက်အဝန်းရေရှည်တိုးတက်မှုကိုပါ ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါတယ်။ လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါသည် မိမိတို့၏ ရှိရင်းစွဲစိန်ခေါ်မှုများကို ပိုမိုဆိုးဝါးစေပြီး၊ အဂတိလိုက်စားမှု ကာကွယ်တားဆီးရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို သိသာ ထင်ရှားစွာ အဟန့်အတားဖြစ်စေပါတယ်။ အဂတိလိုက်စားမှုသည် နိုင်ငံတကာပြဿနာတစ်ရပ်ဖြစ်ပြီး၊ နိုင်ငံတကာ အဖြေရှာမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ လိုအပ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် လူမှုကာကွယ်ရေး ဆိုင်ရာ ဝန်ဆောင်မှုများပံ့ပိုးမှုကိုပါ လျော့ကျစေသည့်အပြင် အဂတိလိုက်စားမှုသည် ထိခိုက်လွယ်၍ ခွဲခြား ဆက်ဆံခြင်းခံရသူများအပေါ် အချိုးမညီမျှစွာ ပိုမိုအကျိုးသက်ရောက်သည်ကို တွေ့ရှိရပါတယ်။ ၂၀၀၃ ခုနှစ်တွင် အဂတိလိုက်စားမှုဆန့်ကျင့်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား ပြဋ္ဌာန်းမှုနှင့်အတူ ကမ္ဘာ့နိုင်ငံများသည် ပြည်တွင်းနှင့် ပြည်ပနိုင်ငံတကာအဆင့်တို့တွင် အဂတိလိုက်စားမှုကို ကာကွယ်တိုက်ဖျက်ရန် ပြည့်စုံ ကျယ်ပြန့်သည့် သဘောတူညီချက်ကို ရရှိထားပြီးဖြစ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် နိုင်ငံ အချင်းချင်း ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုရရှိရေးအတွက် အဓိကမူဘောင်တစ်ရပ်ကို အဆိုပါကွန်ဗင်းရှင်းမှ ပံ့ပိုး သည်ဖြစ်ရာ၊ ပြည်တွင်းအဆင့် နိုင်ငံအလိုက် ကွန်ဗင်းရှင်းပါအချက်များကို အကောင်အထည်ဖော်ရေးသည် ပို၍ အရေးပါလျက်ရှိတယ်။ ထို့ကြောင့် “အဂတိလိုက်စားမှုကာကွယ်တားဆီးရေးဆိုင်ရာလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် စိန်ခေါ်မှုများကို ထိထိရောက်ရောက် ဖြေရှင်းရေးဆိုင်ရာ ဘုံကတိကဝတ်” ဟူသော နိုင်ငံရေးကြေညာချက် ပြဋ္ဌာန်းမှုကို မြန်မာနိုင်ငံမှ ကြိုဆိုကြောင်း ပြောကြားလိုပါတယ်။ သဘာပတိကြီးခင်ဗျာ၊ ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူများ၏ နေ့စဉ်ဘဝကို ကြောက်ရွံ့မှုနှင့် အဂတိလိုက်စားမှုတို့ဖြင့် လွှမ်းမိုးနေ သည့် အာဏာရှင်စစ်တပ်အုပ်ချုပ်မှုနှင့် မြန်မာနိုင်ငံသည်ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး၊ စစ်တပ်အာဏာရှင်များသည် နိုင်ငံရေးနှင့် စီးပွားရေးအင်အားရရှိရေးအတွက် စစ်တပ်ကို အလွဲသုံးစားပြုခဲ့ပါတယ်။ သာမန်ပြည်သူလူထု၏ အကျိုး စီးပွားကို အထိခိုက်ခံလျက် မညီမျှမှုနှင့် မတရားမှုတို့ဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် မိမိတို့နိုင်ငံ၏ များပြား သည့် သဘာဝသယံဇာတများသည် ခေါင်းပုံဖြတ်ခြင်းခံနေရပါတယ်။ အကျင့်ပျက်သည့် လုပ်ရပ်များနှင့် တာဝန်ခံမှု ကင်းမဲ့သည့် စစ်တပ်အာဏာရှင်များ၏ အလေ့အထသည် တရားဥပဒေစိုးမိုးရေးကို ထိခိုက်သည့်အပြင် ပြည်သူ့အဖွဲ့ အစည်းများအပေါ် အထူးသဖြင့် လုံခြုံရေးကဏ္ဍ၌ယုံကြည်မှုလျော့ပါးစေပါတယ်။ အဂတိလိုက်စားမှု အမြစ်ပြတ်ချေမှုန်းရေးသည် မြန်မာရွေးကောက်ခံအရပ်သားအစိုးရ၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်ပြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်သည့် ဒီမိုကရေစီရွေးကောက်ခံ အစိုးရသည် တာဝန်စတင်ထမ်းဆောင်သည့်အချိန်မှစတင်၍ ကဏ္ဍပေါင်းစုံနှင့် အဖွဲ့အစည်းအားလုံးတို့၌ အဂတိ လိုက်စားမှု ကာကွယ်ရေးနှင့် တိုက်ဖျက်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်ခဲ့ပြီး၊ အထူးသဖြင့် အဂတိလိုက်စားမှု ၏ အဓိကပြဿနာအရင်းအမြစ်ကို ဖြေရှင်းရန် ဆောင်ရွက်ခဲ့ပါတယ်။ အစိုးရအနေနှင့် အဂတိလိုက်စားမှုဆန့်ကျင့်ရေး ဥပဒေကို ပွင့်လင်းမြင်သာမှု၊ တည်တံ့ခိုင်မာမှုနှင့် ပြည်သူ့အုပ်ချုပ်မှုကဏ္ဍတို့တွင် တာဝန်ခံမှုရှိစေရးအတွက် ၂၀၁၈ ခုနှစ်က ပြုပြင်ပြောင်းလဲခဲ့ခြင်းဖြင့် ဥပဒေကြောင်းမူဘောင်ကို အဆင့်မြှင့်တင်ခဲ့ပါတယ်။ ထို့ပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လုပ်ငန်းတာဝန်ထမ်းဆောင်မှု၌ လုပ်ပိုင်ခွင့်အာဏာနှင့် လွတ်လပ်မှုတို့ ပိုမိုအပ်နှင်းခဲ့ပါ တယ်။ အဆိုပါ စုပေါင်းကြိုးပမ်းအားထုတ်မှုကြောင့် ကမ္ဘာ့အဂတိလိုက်စားမှု တိုင်းတာစောင့်ကြည့်ရေးအဖွဲ့ (Global Corruption Barometer) ၏ ၂၀၂၀ ပြည့်နှစ်၊ အာရှအစီရင်ခံစာတွင် ရွေးကောက်ခံအစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကောင်းမွန်စွာဆောင်ရွက်လျက်ရှိသည်ဟု မြန်မာပြည်သူအများစုက မှတ်ချက်ပြုသည်ဟု ဖော်ပြခဲ့ပါတယ်။ ထို့ပြင် နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့(Transparency International) အရ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မှစတင်၍ နိုင်ငံရေးရည်မှန်းချက် တိုးတက်မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် ဥပဒေနှင့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်မှုတို့ကြောင့် အဂတိလိုက်စားမှုဆိုင်ရာ သဘောထားစံချိန်စံနှုန်း (Corruption Perceptions Index – CPI)တွင် အမှတ်(၁၃)မှတ်သို့ တိုးတက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က ပြဋ္ဌာန်းအတည်ပြုခဲ့သည့် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် နိုင်ငံ အခွန်ဘဏ္ဍာ စနစ်တကျစုစည်းရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုဆိုင်ရာ မဟာဗျူဟာများချမှတ်ရေးတို့ အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်သည့်ဥပဒေ၊လက်တွေ့ကျင့်သုံးသည့် ဆောင်ရွက်ချက် များနှင့် မူဝါဒများ အားကောင်းရေးအတွက်ပါ ဘက်ပေါင်းစုံ ပါဝင်ပါတယ်။ သဘာပတိကြီးခင်ဗျာ၊ အဂတိလိုက်စားမှုသည် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးတောင့်တင်းခိုင်မာရေးအတွက် ကြီးမား သည့် ခြိမ်းခြောက်မှုတစ်ခုအပါအဝင်ဖြစ်ပြီး၊ အဂတိလိုက်စားမှုစနစ်မှ အကျိုးအမြတ်ရရှိနေသည့် ပုဂ္ဂိုလ် တစ်ဉီးချင်းစီနှင့် အဖွဲ့အစည်းများသည် ဒီမိုကရေစီစံနှုန်းဖြစ်ထွန်းရင့်သန်မှုကို လိုလားမှုမရှိသည်ကို သံသယ ဖြစ်ဖွယ်မရှိဟု သုံးသပ်ရပါတယ်။ မြန်မာနိုင်ငံ၌ အရပ်သားအစိုးရအုပ်ချုပ်မှုအောက်တွင် စစ်တပ်သည် ပွင့်လင်းမြင်သာမှုနှင့် သတင်းမီဒီယာလွတ်လပ်ခွင့်တို့က ၎င်းတို့၏ အကျိုးများသော စီးပွားရေးအထူး အခွင့်အရေးများ ဆုံးရှံးမှုဖြစ်စေသည်ဟု ယူဆကြပြီး၊ လွတ်လပ်သည့်သတင်းမီဒီယာ၏ စိစစ်စောင့်ကြည့်မှု ကို အသာပေးခံယူရသည်ဟု မှတ်ယူထားလျက်ရှိရာ၊ အစိုးရ၏ တာဝန်ခံမှုရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေး ကြိုးပမ်းအားထုတ်မှုများသည် စစ်တပ်အာဏာအတွက် ခြိမ်းခြောက်မှု တစ်ရပ်မှယူဆထားကြပါတယ်။ ယင်း သည် ခက်ခဲစွာရယူထားသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု များနှင့် တိုးတက်မှုများကို ပစ်ပယ်၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တရားမဝင်စစ်တပ်အာဏာသိမ်းမှု၏ အကြောင်းအရင်းများ၏ တစ်ရပ်ဖြစ်ပါတယ်။ အာဏာသိမ်းသည့်အချိန်မှစ၍ တရားမဝင် အာဏာသိမ်းစစ်တပ်သည် မြန်မာပြည်သူများကို ပစ်မှတ် ထားသည့် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ကျူးလွန်ခဲ့ပြီး၊ ယနေ့အထိ အမျိုးသမီး၊ မိန်းကလေး နှင့် ကလေးငယ်များအပါအဝင် လူပေါင်း (၈၂၀)ဉီးကျော် အသက်ခံရပြီးဖြစ်ပါတယ်။ အသက်ဆုံးရှုံးသူများ တွင် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်ကာလအတွင်း နှိပ်စက်ခံရမှုကြောင့် အသက်သေဆုံးသည်အထိ ဖြစ်ခဲ့ကြရပြီး၊ မိမိတို့ ၏ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခြားပုဂ္ဂိုလ်အများအပြားအပါအဝင် လူ(၄,၃၀၀) ကျော်သည် တရားမဝင် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရဆဲဖြစ်ပါတယ်။ ယင်းထက်ပို၍ လက်ခံနိုင်ဖွယ်မရှိသည်မှာ စစ်တပ်သည် ၎င်းတို့ရက်စက်စွာနှိပ်စက်မှုကြောင့် အသက်ဆုံးရှုံး ခဲ့ရသူများ၏ ခန္ဓာကိုယ်ကို အမေရိကန်ဒေါ်လာ (၈၅) ဒေါ်လာဝန်းကျင်ဖြင့် မိသားစုဝင်များထံမှ ငွေကြေးရယူပြီးမှ ပြန်လည်ပေးအပ်သည်ဟု သတင်းများအရ သိရှိရပါတယ်။ ရက်စက်၍အကျင့်ပျက်ခြစားသည့် စစ်တပ် အုပ်ချုပ်မှု အောက်တွင် ရရှိလာမည့် မြန်မာပြည်သူများ၏ အနာဂတ်ဆိုးကို သိသိသာသာ သတိပေးခြင်းဖြစ် ပြီး၊ တရားမဝင် စစ်တပ်အုပ်ချုပ်ရေးကာင်စီသည် ၎င်းတို့၏ တရားမဝင် အကျင့်ပျက် အဂတိလုပ်ရပ်တို့ အပေါ် ဆန့်ကျင်သူအားလုံးကို ဆက်လက် ဖိနှပ်ချေမှုန်းမည်ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ လွတ်လပ်သည့် သတင်းမီဒီယာဌာန (၈)ခု၏ ခွင့်ပြုမိန့်များကို ရုပ်သိမ်းခဲ့ပြီး၊ အနည်းဆုံး သတင်းသမား(၈၈)ဉီးကိုလည်း ဖမ်းဆီးထားခဲ့ပါတယ်။ နိဂုံးချုပ်အားဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည့်အတိုင်း အဂတိလိုက်စားမှုကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများတွင် လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှု၊ လျစ်လျူရှုမှုများ ဖြစ်ပါတယ်။ စစ်တပ်ဗိုလ်ချုပ်အချို့၏ လောဘနှင့် ၎င်းတို့၏ အာဏာကို ပြည်သူများမှ ရွေးချယ်ထားသည့် အစိုးရမှတစ်ဆင့် ပြည်သူများထံ ပေးရမည့် အပေါ် ကြောက်ရွံ့မှုတို့သည် မြန်မာပြည်သူများအတွက် အဖြစ်ဆိုးတစ်ခု ဖြစ်စေခဲ့ခြင်းဖြစ်ပါ တယ်။ သို့ရာတွင် မြန်မာပြည်သူများသည် ကြံ့ကြံ့ခံနိုင်သူများဖြစ်ရာ၊ ဒီမိုကရေစီကို လိုလားသည့် မယိုင်လဲ သည့် ဆုံးဖြတ်ချက်နှင့် လိုလားတောင်းတမှုတို့ဖြင့် မြန်မာနိုင်ငံ၌ ရင်ဆိုင်နေရသည့် အဖြစ်ဆိုးကို ကျော်လွန် ၍ ဒီမိုကရေစီပြန်လည်ရရှိမည်ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြစ်မှုကျူးလွန်သူအားလုံး ကို တရားဥပဒေ ရှေ့မှောက်သို့ ရောက်ရှိရေးနှင့် မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် ပြစ်မှုများအတွက် တာဝန်ခံမှုရှိစေရးကို တတ်နိုင်သည့်ဘက်မှ အရာအားလုံး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ရာ နိုင်ငံတကာ အသိုက်အဝန်းအနေနှင့် မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရသို့ အစွန်းကုန်အားပေး ထောက်ခံရမည်ဖြစ်ပါတယ်။ ကုလသမဂ္ဂ အဂတိလိုက်စားမှု ဆန့်ကျင်ရေးကွန်ဗင်းရှင်း၏ မူဘောင်အောက်တွင် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အဂတိလိုက်စားမှုအားလုံးကို တိုက်ဖျက်မှုတွင် တက်ကြွ၍ တာဝန် ယူမှုရှိသော နိုင်ငံတစ်နိုင်ငံအနေနှင့် ပါဝင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေနှင့် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် အားလုံးပါဝင်သည့်် ဒီမိုကရေစီ အသိုက်အဝန်းရရှိရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုကို ကူညီအားပေးရန် မေတ္တာရပ်ခံလိုပါတယ်။ ကျေးဇူးတင်ပါတယ်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2021-06-04

Date of entry: 

2021-06-06

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

462.79 KB

Resource Type: 

text

Text quality: 

    • Good