အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ်(၄/၂၀၂၃) - “အကြမ်းဖက်စစ်အုပ်စုက တာတိုင်ကျေးရွာရှိ ပြည်သူ (၁၇) ဦးကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

Description: 

"၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာရှိ ပြည်သူ (၁၇) ဦးကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အပါအဝင် မတရားအာဏာလုယူထားသည့်ကာလအတွင်း ကျူးလွန်ခဲ့သည့် လူသားမျိုးနွယ်စု အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု၊ လူအစုံလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သတ်ဖြတ်မှု၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို လုယက်ဖျက်ဆီးမှုများ အားလုံးကို ပြင်းထန်စွာရှုတ်ချပြီး တရားမျှတမှု ပြန်လည်ရရှိရေးအတွက် အလေးအနက်ထား ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လဲ အကြမ်းဖက်စစ်တပ် ကျူးလွန်သော ရာဇဝတ်မှုများအားလုံးနှင့် ပတ်သက်ပြီး အချက်အလက်ရယူစုဆောင်းခြင်း၊ လူသက်သေ၊ ပစ္စည်းသက်သေများ ရယူစုဆောင်းခြင်း၊ နိုင်ငံတကာတရားစွဲအဖွဲ့အစည်းများသို့ ပေးပို့ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားစီရင်ရေးမဏ္ဍိုင်မှတဆင့် အရေးယူ ဆောင်ရွက်နိုင်ရန် စီမံခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပို့ခြင်း စသည့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လျက်ရှိပါသည်။ ၃။ အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများ၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးသူငယ် နှင့် မသန်စွမ်းတို့ပါ မချန် ရက်ရက်စက်စက် သတ်ဖြတ်လျက်ရှိသောကြောင့် ဒေသခံများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် အမြဲမပြတ် သိရှိစေနိုင်သည့် အစီအမံများ ဆောင်ရွက်ရန်နှင့် ဝင်ရောက်လာပါက ဘေးလွတ်ရာသို့ အလျင်အမြန်ထွက်ခွာ ရှောင်တိမ်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ နိုင်ငံတကာအနေနှင့်လည်း ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးနိုင်ရန်အတွက် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့် ပစ္စည်းကိရိယာများ၊ ကြိုတင်သတိပေးခြင်းစနစ်ဆိုင်ရာ ပစ္စည်းကိရိယာများစသည်တို့ကို ထောက်ပံ့ပေးနိုင်ပါရန် တောင်းဆိုပါသည်။ ၄။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများ အပေါ် စီးပွားရေးပိတ်ဆို့မှုအပါအဝင် လက်နက်ခဲယမ်းတင်သွင်းရောင်းချမှု၊ စစ်ရေးတွင်အသုံးပြုနိုင်သည့် နည်းပညာပံ့ပိုးမှု၊ လေယာဉ်ဆီတင်သွင်းမှု နှင့် အကြမ်းဖက်စစ်တပ်အသုံးပြုလျက်ရှိသည့် စစ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ တင်သွင်းမှုများကို ပိတ်ပင်တားဆီးခြင်းများ ပြုလုပ်ပေးကြရန် တောင်းဆိုပါသည်။ လက်ရှိကျင်းပပြုလုပ်လျက်ရှိသော ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးများ တွင်လည်း အကြမ်းဖက်စစ်တပ်၏ ပြည်သူလူထုအပေါ် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေမှုများအား သိမြင်ဆွေးနွေးကြပြီး ထိရောက်သော လုပ်ဆောင်မှုပါဝင်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် တိုက်တွန်းအပ်ပါသည်။ နိုင်ငံတကာတရားစွဲအဖွဲ့အစည်းများအနေဖြင့် လည်း ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများကို ယခုလက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်စပ်ဒေသတွင် သာမကပဲ မြန်မာတစ်နိုင်ငံလုံးအနှံ့ကျူးလွန်မှုများအထိ ချဲ့ထွင်ဆောင်ရွက်ရန် တိုက်တွန်းပါသည်။ Independent Investigative Mechanism for Myanmar (IIMM) အနေဖြင့်လည်း ရရှိထားသော အချက်အလက်များကိုအသုံးပြုပြီး ကျူးလွန်သူများကို အရေးယူနိုင်မည့်နိုင်ငံအလိုက် တရားရုံးများကို ဖော်ထုတ်ပြီး ထိရောက်စွာလုပ်ဆောင်သွားရန် တိုက်တွန်းပါသည်။ ၅။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေး အင်အားစုများအားလုံးနှင့် အမြန်ဆုံး ညှိနှိုင်းတိုင်ပင် ကူညီပံ့ပိုးခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စု၏ မြန်မာပြည်သူလူထုတစ်ရပ်လုံးအပေါ် ကျူးလွန်လျက်ရှိသည့် ရာဇဝတ်များ လျင်မြန်စွာအဆုံးသတ်နိုင်ရေး အစောတလျင် ဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-03-06

Date of entry: 

2023-03-06

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

609.96 KB

Resource Type: 

text

Text quality: 

    • Good