Description:
"၁။ ယနေ့ ၂၀၂၂ခုနှစ် ၊ မေလ ၃၁ရက်နေ့တွင်ကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (Karenni Nationalities Defense Forces – KNDF)တည်ထောင်ခြင်း(၁)နှစ်ပြည့််အထိမ်းအမှတ် အခမ်းအနားသို့ ဂုဏ်ယူစွာဖြင့် ဤသ၀ဏ်လွှာကို ပေးပို့အပ်ပါသည် ။
၂။ ၂၀၂၁ခုနှစ်၊ ဖေဖော်၀ါရီလ(၁)ရက်နေ့တွင် ပြည်သူ့အာဏာကို မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်တပ်က မတရားသိမ်းယူပြီးသည့်နောက်ပိုင်းတွင် မြန်မာတနိုင်ငံလုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ခုခံ တော်လှန်နေကြသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ပေါင်းများစွာ ပေါ်ပေါက်လာခဲ့ပါသည်။
၃။ အဆိုပါတပ်ဖွဲ့များတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(Karenni Nationalities Defense Forces – KNDF)အနေဖြင့် ရွပ်ရွပ်ချွံချွံပါ၀င်တော်လှန်နေခြင်းအတွက် မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနအနေဖြင့် ဂုဏ်ယူ အသိအမှတ်ပြုကြောင်း ၀မ်းမြောက်စွာပြောကြားလိုပါသည် ။
၄။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ အတည်ပြုပြဌာန်းသည့်ဖက်ဒရယ်ပဋိညာဥ်အရ အနာဂတ်တွင် ကိုယ်ပိုင် ပြဌာန်းခွင့်အား သေချာစွာအာမခံချက်ရှိစေမည့် ကရင်နီပြည်နယ်အဖြစ်ပြန်လည်စုစည်းတည်ထောင်ရေး နှင့် တော်လှန်ရေး အောင်မြင်ပြီးအလွန်ကာလတွင် အနာဂတ်နိုင်ငံတော်သစ်အား ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် အဖြစ်တည်ထောင်သွားနိုင်ရေး အတွက် မျှော်မှန်းထားရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တည်ထောင်သည့် (၁)နှစ်ပြည့် အထိမ်းအမှတ်နေ့အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ ဥက္ကဌကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့်ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ ၀န်ကြီးခွန်ဘီးထူးနှင့်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးအပါအ၀င် ကရင်နီတိုင်းရင်းသား ခေါင်းဆောင်များ၏သဘောထားကိုလည်း မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနအနေဖြင့် အထူး ဂုဏ်ယူ၀မ်းမြောက်စွာဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုပါသည် ။
၅။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် စတင်တည်ထောင်ခဲ့သည့် ၂၀၂၁ခုနှစ် ၊ မေလ (၃၁)ရက်နေ့မှစတင်၍ ယနေ့အထိ တော်လှန်ရေးကာလတစ်လျှောက်လုံးတွင် ပါဝင်ခဲ့ကြသည့် အသက်ပေးလှူခဲ့ကြသောစစ်သည်များ၊ ပြည်သူများ၊ ပါဝင် ကူညီခဲ့သောသူများနှင့်အဖွဲ့စည်းများအားလုံးကို မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန အနေဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့်ထပ်တူထပ်မျှလေးစား၍ အရိုသေပြုအပ်သလို ထာဝရလည်း မှတ်ကျောက်တင် ဂုဏ်ပြုအပ်ပါသည် ။
၆။ လက်ရှိအချိန်သည် ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်အုပ်စုကို ကျွန်ုပ်တို့ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး အတူတကွ လက်တွဲတွန်းလှန်ပြီး ပြည်နယ်အလိုက် တိုင်းရင်းသားလူမျိုးစုများအားလုံးအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပေါ် သေချာစွာအာမခံချက်ရရှိစေနိုင်မည့် စစ်မှန်သောအနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ ဦးတည် လျှောက်လှမ်းရန် အချိန်အခါကောင်းဖြစ်သည်ဟု မိမိတို့ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း ဥက္ကဌခွန်ဘီးထူး၏ မိန့်ခွန်းတွင် ပြောကြားသွားခဲ့သည့်သဘောထားနှင့်ထပ်တူထပ်မျှလေးနက်စွာ ယုံကြည်ပါသည် ။
၇။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တည်ထောင်ခြင်း (၁)နှစ်ပြည့်အထိမ်းအမှတ်နေ့မှသည် ကရင်နီလူမျိုးများနှင့် ကရင်နီ ပြည်နယ်တခုလုံး၏ဒေသခံပြည်သူများအပါအ၀င် ဘာသာပေါင်းစုံကိုးကွယ်ကျင့်သုံး နေထိုင် ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး၏အကျိုးစီးပွားဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ထောင်ရေးနှင့် ထိုနိုင်ငံသစ်အား စီးပွား ဥစ္စာပိုမိုတိုးတက်ပေါကြွယ်၀သည့် နိုင်ငံသစ်တရပ်အဖြစ် ကမ္ဘာ့အလယ်၊ အာရှနှင့်အရှေ့တောင်အာရှဒေသအတွင်းတွင် ပီပြင် ခန့်ညားထည်၀ါစွာဖြစ်ပေါ်လာစေရေးအတွက် အနာဂတ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်အနေဖြင့် အခြား ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအကိုမောင်နှမများ အသီးသီးပါ၀င်ဆောင်ရွက်နေသည့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးကို လိုလားသည့် အမျိုးသားညီညွတ်ရေးအစိုးရအပါအ၀င် မဟာမိတ်အဖွဲ့အစည်းတိုင်းနှင့်အတူတကွ တွဲလက်ညီညာ အတူမကွဲမကွာဖြင့် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (Karenni Nationalities Defense Forces – KNDF)ထံသို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တည်ထောင်ခြင်း (၁)နှစ်ပြည့်အထိမ်းအမှတ်နေ့အတွက် ဤသ၀ဏ်လွှာအား ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."
Source/publisher:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2022-06-01
Date of entry:
2022-06-01
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
466.63 KB
Resource Type:
text
Text quality:
- Good
