အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ်၊ ၁/ ၂၀၂၃

Sub-title: 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဗဟိုဘဏ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁/ ၆/ ၂၀၂၃) ရက်စွဲပါ၊ ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်အမှတ် (၁/၂၀၂၃)၊ အပိုဒ် (၃)၊ အပိုဒ်ခွဲ(ဂ) ပါ အပ်နှင်း ထားသည့် အာဏာကို ကျင့်သုံး၍အောက်ပါ စည်းမျဉ်းကို ထုတ်ပြန်လိုက်သည် -

Description: 

"အခန်း (၁) အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက် ၁။ ဤစည်းမျဉ်းကို နွေဦးဖွံ့ဖြိုးရေးဘဏ် တည်ထောင်သည့်စည်းမျဉ်းဟု ခေါ်တွင်စေရမည်။ ၂။ ဤစည်းမျဉ်းတွင်ပါရှိသော စကားရပ်များသည် အောက်ပါအတိုင်း အဓိပ္ပါယ်သက်ရောက် စေရမည် - (က) နွေဦးဖွံ့ဖြိုးရေးဘဏ်ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁- ၆- ၂၀၂၃) ရက်စွဲဖြင့် ထုတ်ပြန်သည့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၃) ဖြင့် ဖွဲ့စည်း တည်ထောင် ထားသော ကြားကာလဗဟိုဘဏ်က အဆိုပါအမိန့် အပိုဒ် ၃၊ အပိုဒ်ခွဲ (ခ) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်း အပါအဝင် ဤ စည်းမျဉ်းအရ ခွင့်ပြုထားသည့် လုပ်ငန်းတရပ်ရပ်အား ဆောင်ရွက်ရန်အတွက် ဖွဲ့စည်း တည်ထောင်မည့် ဘဏ်ကိုဆိုသည်။ ( ခ ) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ဆိုသည်မှာ နွေဦးဖွံ့ဖြိုးရေးဘဏ် ဖွဲ့စည်းတည်ထောင်၍ ဘဏ် လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် ကြားကာလဗဟိုဘဏ်က ထုတ်ပေး သောလိုင်စင်ကို ဆိုသည်။ ( ဂ ) ဗဟိုဘဏ်ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁/ ၆/ ၂၀၂၃) ရက်စွဲပါ ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့် (၁/ ၂၀၂၃) အရ တည်ထောင်သည့် ကြားကာလဗဟိုဘဏ် ကို ဆိုသည်။ အခန်း (၂) ရည်ရွယ်ချက် ၃။ နွေဦးဖွံ့ဖြိုးရေးဘဏ်အားအောက်ပါ ရည်ရွယ်ချက်များဖြင့် တည်ထောင်ဆောင်ရွက်သွားမည် - (က) နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများမှ ချမှတ်ထားသော နိုင်ငံတကာ စံသတ်မှတ် ချက်များနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများအား လိုက်နာ၍ ဘဏ်တွင် အပ်ငွေအပ်နှံသူ နှင့်အများပြည်သူတို့၏ အကျိုးစီးပွားကို အထူးအလေးအနက်ထား ရှေ့တန်းတင်၍ အကောင်းဆုံး ဘဏ်ဝန်ဆောင်မှုများ ကို ဖော်ဆောင်သွားရန်၊ (ခ) အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်မှ ထိန်းချုပ်ထားသော ဘဏ်များသို့ စီးဆင်းနေသည့် နိုင်ငံခြားငွေ အပါအဝင် ငွေကြေးများအား ထိန်းချုပ်၍ နွေဦးဖွံ့ဖြိုးရေးဘဏ်သို့ စီးဝင် စေခြင်းဖြင့် စစ်ကောင်စီထိန်းချုပ်ထားသော ငွေကြေးစနစ်အား ဟန့်တားနိုင်ရန်၊ (ဂ) အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ဆောင်ရွက်နေသော ဘဏ္ဍာရန်ပုံငွေရှာဖွေခြင်း၊ အခွန်ကောက်ခံခြင်း၊ နွေဦးတော်လှန်ရေးအား ဘဏ္ဍာရန်ပုံငွေထောက်ပံ့ခြင်းလုပ်ငန်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ် ဘဏ်အဖြစ် ဆောင်ရွက်၍ ပံ့ပိုးကူညီ ဆောင်ရွက်သွားရန်၊ (ဃ) နွေဦးတော်လှန်ရေးအလွန်ကာလတွင် တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဖွံ့ဖြိုးရေးဘဏ် တခု၏ အင်္ဂါရပ်နှင့်အညီ သက်ဆိုင်ရာကာလအလိုက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ လမ်းစဉ် နှင့်အညီ ဆောင်ရွက်သွားရန်။ အခန်း(၃) ဖွဲ့စည်းတည်ထောင်ခြင်းနှင့်ပိုင်ဆိုင်မှု ၄။ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁/ ၆/ ၂၀၂၃) ရက်စွဲပါ ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်အမှတ် (၁/ ၂၀၂၃) နှင့် နိုင်ငံတခုခု (offshore)၏ ဥပဒေအရ တရားဝင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်း တည်ထောင်ရမည်။ ၅။ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ကိုယ်ပိုင်အမည်ဖြင့် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲ ဆိုနိုင်ခွင့်၊ တရားစွဲဆိုခံနိုင်ခွင့်ရှိသော တရားဝင်အဖွဲ့အစည်းအဖြစ် တည်ထောင်ရမည်။ ၆။ နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ရုံးချုပ်နှင့် ဘဏ်ခွဲများကို ကနဦးအဆင့်တွင် ကြားကာလ ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် offshore entity တခု၏ပိုင်ဆိုင်မှု (ownership) အောက်တွင် ဆောင်ရွက်သွားရမည်။ ၇။ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို နိုင်ငံတခုခု (offshore) တွင် ဥပဒေနှင့်အညီ ဖွဲ့စည်း တည်ထောင်ထားသော အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားပြု ကုမ္ပဏီက အနည်းဆုံး ၅၁ % အစုရှယ်ယာပိုင်ဆိုင်ရမည်ဖြစ်ပြီးနှင့် Initial Coin Offering (ICO) သို့မဟုတ် Initial Public Offering (IPO) ဖြင့် ထုတ်ဝေထားသည့် အစုရှယ်ယာ ဝယ်ယူသူများ (public minority shareholder) က အများဆုံး ၄၉% ပိုင်ဆိုင်ခွင့်ရှိသည်။ အခန်း (၄) လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း ၈။ နွေဦးဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ကြားကာလဗဟိုဘဏ်သို့ လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများ အနည်းဆုံး ပူးတွဲတင်ပြရမည် - (က) ဘဏ်အမည် နှင့် ဥပဒေအမည်၊ ( ခ ) ဘဏ်ဆောင်ရွက်မည့်ပုံစံ (ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲ ၊ နိုင်ငံခြားဘဏ်၊ လက်အောက်ခံဘဏ်၊ အစရှိသည်။) ( ဂ ) ဘဏ်တွင်ပါဝင်မည့် ဘဏ်ဒါရိုက်တာအဖွဲ့ဝင် ဒါရိုက်တာများ၏ အမည်နှင့် နောက်ကြောင်း ရာဇဝင်၊ ကိုယ်ရေးရာဇဝင်၊ (ဃ) ဘဏ်လုပ်ငန်း နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အစီအစဉ်၊ ( င ) အစုရှယ်ယာ ၁၀% နှင့် အထက်ပိုင်ဆိုင်သော အဓိက အစုရှယ်ယာပိုင်ရှင်များ၏ အမည်စာရင်း နှင့် ကိုယ်ရေးရာဇဝင်၊ ( စ ) ကြားကာလဗဟိုဘဏ်က သတ်မှတ်သည့်ပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်၍ ဒါရိုက်တာအဖွဲ့ဝင် ( ၂) ဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ၊ ( ဆ ) ဘဏ်၏ပိုင်ဆိုင်မှု နှင့် ဖွဲ့စည်းတည်ထောင်မှုဆိုင်ရာ အထောက်အထားစာရွက် စာတမ်းများ၊ ( ဇ ) အဆိုပြုဖွဲ့စည်းပုံဇယား နှင့် ( ဈ ) ကြားကာလဗဟိုဘဏ်က သတ်မှတ်သည့် အနည်းဆုံးမတည်ငွေရင်း (required capital) အား ထည့်ဝင်မည့်အစီအစဉ်၊ ၉။ ကြားကာလဗဟိုဘဏ်သည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားခြင်းကို လက်ခံရရှိ ပြီးနောက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးမည်။ ၁၀။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် ၎င်း၏လုပ်ငန်းတိုးချဲ့ခြင်း၊ လုပ်ငန်းလိုင်စင်လျှောက်ထားစဉ်က တင်ပြ ခဲ့သည့် ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အစီအစဉ်ပါ လုပ်ငန်းတရပ်ရပ် အားရပ်စဲခြင်း၊ လုပ်ငန်း ပုံစံတရပ်ရပ် အသွင်ပြောင်းခြင်းတို့ ဆောင်ရွက်တိုင်း ကြားကာလ ဗဟိုဘဏ်သို့ အသိပေးရမည်။ အခန်း (၅) မတည်ငွေရင်းနှင့်အမြတ်ခွဲဝေခြင်း ၁၁။ (က) နွေဦးဖွံ့ဖြိုးရေးဘဏ်တည်ထောင်ရာတွင် အနည်းဆုံးထည့်ဝင်ရမည့် မတည် ငွေရင်းသည် US$- ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ငါးသိန်း)ဖြစ်သည်။ ဘဏ်၏ အစုရှယ်ယာတစ်ခုလျှင် (US$ ၀.၀၀၀၁) ဖြင့် သာမန်အစုရှယ်ယာပေါင်း တစ်ရာဘီလီယံ (၁၀၀,၀၀၀,၀၀၀,၀၀၀) သတ်မှတ်သည်။ ( ခ ) နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ခွင့်ပြုမတည်ငွေရင်းကို ဘဏ်အတွက် ဥပဒေအရ ဖွဲ့စည်းတည်ထောင် ထားသည့် ကုမ္ပဏီ၏ အစုရှယ်ယာ အစည်းအဝေးတွင် ဆုံးဖြတ်ချက်အရ သတ်မှတ်၍ ကြားကာလ ဗဟိုဘဏ်သို့ အသိပေး တင်ပြထားရမည်။ အဆိုပါ ခွင့်ပြုမတည်ငွေရင်းကို နွေဦးဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည် အထွေထွေညီလာခံ ( Annual General Meeting–AGM) ၏ အတည်ပြုဆုံးဖြတ်ချက်ဖြင့် တိုးမြှင့်နိုင်ပြီး ယင်းသို့ တိုးမြှင့်သည့်အခါတိုင်း ကြားကာလဗဟိုဘဏ် သို့ အသိပေး တင်ပြထားရမည်။ ၁၂။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် ကြားကာလဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းစတင်သည့် ပထမနှစ်မှ အပ နှစ်စဉ်အမြတ်ငွေမှ ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ရာခိုင်နှုန်းတစ်ရပ်ကို အစုရှယ်ယာရှင်များသို့ အစုပေါ်အမြတ် ခွဲဝေပေးရမည်။ အခန်း (၆) ရန်ပုံငွေများ တည်ထောင်ခြင်း ၁၃။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် အထွေထွေသီးသန့်ရန်ပုံငွေကို တည်ထောင်ရမည်။ ထိုသို့ တည်ထောင်ရာတွင် ကြားကာလဗဟိုဘဏ်၏ သတ်မှတ်ချက်နှင့်အညီ အသားတင်အမြတ်ငွေ ၏ ရာခိုင်နှုန်း တရပ်ကို အထွေထွေ သီးသန့်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းခြင်းဖြင့် ဆောင်ရွက် ရမည်။ ၁၄။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် အထူးသီးသန့်ရန်ပုံငွေကိုလည်း ရလမ်းမရှိသောချေးငွေများနှင့် ရရန် မသေချာသော ချေးငွေများအတွက် တည်ထောင်ရမည်။ ထိုသို့ဆောင်ရွက်ရာတွင် နှစ်စဉ် အမြတ်ငွေမှ ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ရာခိုင်နှုန်းတရပ်ကို ယင်းအထူးသီးသန့် ရန်ပုံငွေ စာရင်းသို့ ထည့်သွင်း ရမည်။ ၁၅။ ဖွံ့ဖြိုးမှုရန်ပုံငွေကိုလည်း နှစ်စဉ်အမြတ်ငွေမှ ဒါရိုက်တာအဖွဲ့က သတ်မှတ်သော ရာခိုင်နှုန်း တရပ် ထည့်သွင်းပေးခြင်းဖြင့်လည်းကောင်း၊ ကြားကာလလိုအပ်သော ရန်ပုံငွေနှင့်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ အတွက် ပြည်တွင်းနှင့်ပြည်ပမှ လှူဒါန်းငွေများ သို့မဟုတ် ထောက်ပံ့ကူညီ ငွေများဖြင့်လည်းကောင်း တည်ထောင်ရမည်။ ၁၆။ ဖွံ့ဖြိုးမှုရန်ပုံငွေမှငွေများကို ကာလရှည်ရင်းနှီးမြှုပ်နှံမှုအတွက် ငွေချေးသက်သေခံ လက်မှတ်များ ဝယ်ယူ ရင်းနှီးမြှုပ်နှံခြင်းကဲ့သို့သော ကိစ္စရပ်များကို ဒါရိုက်တာအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်သည်။ အခန်း (၇) အစုရှယ်ယာများ လွှဲပြောင်းရောင်းချခြင်း ၁၇။ နွေဦးဖွံ့ဖြိုးရေးဘဏ်၏ ကနဦးမတည်ငွေရင်းထည့်ဝင်သော အစုရှယ်ယာပိုင်ရှင်များ အပါအဝင် ဘဏ်၏ အစုရှယ်ယာပိုင်ရှင်များသည် ၎င်းတို့၏ အစုရှယ်ယာများအား လူပုဂ္ဂိုလ်နှင့် တရားဝင်ဖွဲ့စည်းတည်ထောင် ထားသော ပြည်တွင်း၊ ပြည်ပငွေရေးကြေးရေးအဖွဲ့အစည်းများသို့ လွှဲပြောင်းရောင်းချနိုင်သည်။ ဘဏ်၏ အစုရှယ်ယာစုစုပေါင်း၏ ၁၀% နှင့်အထက်ပမာဏရှိသည့် အစုရှယ်ယာလွှဲပြောင်းရောင်းချခြင်းများအတွက် ကြားကာလဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။ အခန်း (၈) လုပ်ကိုင်ခွင့်ရှိသောလုပ်ငန်းများ ၁၈။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် အောက်ပါတို့ကိုဆောင်ရွက်နိုင်သည်- (က) ကြားကာလတွင်- အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ်အဖြစ်ဆောင်ရွက်ခြင်း၊ ( ခ ) ဘဏ်တွင်စာရင်းဖွင့်လှစ်ထားသူများအား ၁ လ ၊ ၃ လ ၊ ၆ လ ၊ ၉ လ ၊ ၁ နှစ် သက်တမ်းရှိသည့် ပုံသေအပ်ငွေစာရင်းများကို မြန်မာကျပ်ဖြင့် အပ်ငွေစာရင်း နှင့် သတ်မှတ်ထားသော နိုင်ငံခြားငွေ ဖြင့် အပ်ငွေစာရင်း တို့ ဖွင့်လှစ်ပေးခြင်း၊ (ဂ) အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (MOPFI) တို့အား Offshore Entity မှတဆင့် နှစ်ချင်းဆပ် သို့မဟုတ် နှစ်လတ်ချေးငွေများ ထုတ်ချေးခြင်း၊ (ဃ) ဒါရိုက်တာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အခြားချေးငွေများထုတ်ချေးခြင်း၊ ( င ) အပ်ငွေလက်ခံခြင်း၊ အပ်ငွေပြန်လည် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ရန်ဒါရိုက်တာ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကိုယ်စားလှယ် (Relationship Managers) များ ရွေးချယ်ခန့်အပ်ခြင်း၊ (စ) NUG pay wallet နှင့် ချိတ်ဆက်၍ လုပ်ငန်းများဆောင်ရွက်ခြင်း ၊ (ဆ) Crypto related လုပ်ငန်းများဆောင်ရွက်ခြင်း၊ (ဇ) Crypto wallet မှစုဆောင်းရရှိသော Crypto currency (USDT) ဖြင့် Fiat Loan များ ထုတ်ချေးခြင်း၊ (ဈ) အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန နှင့် အခြား သော တော်လှန်ရေးအထောက်အကူပြု အဖွဲ့အစည်းများ က ဘဏ္ဍာရန်ပုံငွေရှာဖွေရာတွင် ထုတ်ဝေသည့် Product များ အတွက် ငွေပေးချေ ပေးခြင်း၊ NFT (Non-Fungible Token) ထုတ်ပေးခြင်း၊ ကိုယ်စားလှယ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ (ည) အပိုဒ်ခွဲ(ဈ) ပါ Product များအား ငွေတိုက်စာချုပ်နှင့် အစုရှယ်ယာအဖြစ် ပြောင်းလဲခြင်းကို ဆောင်ရွက်ပေးခြင်း၊ Product များကို ပြင်ပစျေးကွက်မှတဆင့် ရောင်း/ဝယ်/လဲလှယ် နိုင်အောင် ဆောင်ရွက်ပေးခြင်း (ဋ) နွေဦးထီ နှင့် အလားတူ Product များ အတွက် ကိုယ်စားလှယ် ဆောင်ရွက်ခြင်း၊ (ဎ) ကမ္ဘာ့ရွှေစျေးအတိုင်း သတ်မှတ်တွက်ချက်ထားသည့်နှုန်းဖြင့် Gold Certificate များ ထုတ်ပေး ခြင်း၊ ရွှေသက်သေခံလက်မှတ်များစုဆောင်းခြင်း၊ ရောင်းဝယ်ခြင်းများအတွက် ကိုယ်စားလှယ် ဆောင်ရွက်ခြင်း၊ အခန်း (၉) ကော်ပိုရိတ်အုပ်ချုပ်မှုနှင့်ဘဏ်အားစီမံခန့်ခွဲခြင်း ၁၉။ (က) နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ဒါရိုက်တာအဖွဲ့ဖြင့် စီမံခန့်ခွဲရမည်။ ( ခ ) ဒါရိုက်တာအဖွဲ့ကို အဖွဲ့ဝင် အနည်းဆုံး (၃)ဦးဖြင့် ဖွဲ့စည်းရမည်။ အဖွဲ့တွင် အောက်ပါ ဒါရိုက်တာအဖွဲ့ဝင်များ ပါဝင်ရမည်- (၁) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန၊ အမျိုးသား ညီညွတ်ရေးအစိုးရ မှ တာဝန်ရှိသူ (၂)ဦး (၂) စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက ခန့်အပ်သည့် စီးပွားရေး ဆိုင်ရာမူဝါဒ ကျွမ်းကျင်သူအနည်းဆုံး (၁)ဦး၊ (၃) ကြားကာလဗဟိုဘဏ်ဥက္ကဋ္ဌ သို့မဟုတ် စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးက ခန့်အပ်သည့် ဘဏ်ပိုင်ဆိုင်မှုအဖွဲ့ဝင် သို့မဟုတ် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ၊ (၄) သီးခြားလွပ်လပ်သည့် ဒါရိုက်တာ အဖွဲ့ဝင် အနည်းဆုံး (၁) ဦး၊ ၂၀။ (က) ကြားကာလတွင် ဘဏ်၏ဥက္ကဋ္ဌအဖြစ် အမျိုးသား ညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ဆောင်ရွက်ရမည်။ (ခ) အသွင်ကူးပြောင်းရေးကာလတွင် ဘဏ်၏ဥက္ကဌအဖြစ် သင့်လျော်သောပုဂ္ဂိုလ်အား အစားထိုး ခန့်အပ်တာဝန်ပေးနိုင်သည်။ ( ဂ ) ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အားလုံး၏ သက်တမ်းသည် တစ်နှစ်ဖြစ်သည်။ သက်တမ်းတိုးခြင်း (သို့မဟုတ်) ပြောင်းလဲခန့်အပ် တာဝန်ပေးခြင်းများကို နှစ်စဉ် ပြုလုပ်သော Annual General Meeting တွင် ဆုံးဖြတ်သွားမည်။ ၂၁။ အောက်ပါပုဂ္ဂိုလ်တို့ကို နွေဦးဖွံ့ဖြိုးရေးဘဏ်၏ အဓိကအစုရှယ်ယာရှင်အဖြစ် လည်းကောင်း၊ ဘဏ်၏ ဒါရိုက်တာအဖွဲ့နှင့် စီမံအုပ်ချုပ်မှုအဖွဲ့ဝင်များအဖြစ်လည်းကောင်း ဆောင်ရွက်ခွင့်မပြုရ- (က) ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ (၂၀၂၁ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၄) ပုဒ်မ ၂၊ ပုဒ်မခွဲ (ဗ) အရ “ကန့်သတ်ထားသော အဖွဲ့အစည်းများ”၊ ( ခ ) ဘဏ်လုပ်ငန်းနှင့် အဖွဲ့အစည်းဆိုင်ရာ ဥပဒေများနှင့် ဆန့်ကျင်လျက် တရားမဝင် ဆောင်ရွက်ချက်များတွင် ပါဝင်ပတ်သက်ဖူးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတ်မှတ်ခြင်းခံရသူ၊ ( ဂ ) ဘဏ်နှင့်ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများ၏လုပ်ငန်းများလုပ်ကိုင် နိုင်စွမ်း မရှိသူ၊ (ဃ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီအား အဓိက ထောက်တိုင် အဖြစ် ပံ့ပိုးဆောင်ရွက်ခဲ့သူများ (ဃ) လူမွဲစာရင်းခံယူထားသူများ ၂၂။ ဒါရိုက်တာအဖွဲ့၏ အောက်တွင် အောက်ပါကော်မတီများနှင့် ကော်မတီအဖွဲ့ဝင်များကို ဒါရိုက်တာ အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်သဘောတူညီမှုဖြင့် ဖွဲ့စည်းတည်ထောင်ရမည် - (က) Asset Management Committee ( ခ ) Audit & Risk Committee ( ဂ ) Remuneration Management Committee ၂၃။ ဒါရိုက်တာအဖွဲ့သည် အထက်အပိုဒ် ၂၂ ပါ ကော်မတီများ၏ လုပ်ငန်းတာဝန်အသီးသီး ကို သတ်မှတ် ပေးရမည်။ အခန်း (၁၀) စာရင်းများပြုစုခြင်းနှင့် ထိန်းသိမ်းခြင်း ၂၄။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် - (က) ဝင်ငွေနှင့်အသုံးစရိတ်၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များနှင့် အခြားသော ငွေရေးကြေးရေး စာရင်းများကို နိုင်ငံတကာစာရင်းကိုင်စံများနှင့်အညီ ပြုစု၍ ကြားကာလဗဟိုဘဏ်သို့ အစီရင်ခံစာများကို သတ်မှတ်သည့်အချိန်ကာလ အလိုက် တင်ပြရမည်။ ( ခ ) စာရင်းမှတ်တမ်းများအား Customer နှင့်လုပ်ငန်းဆက်သွယ်မှု ရပ်ဆိုင်းသည့်နေ့မှ အနည်းဆုံး ငါးနှစ်ထိန်းသိမ်းထားရမည်ဖြစ်ပြီး ငါးနှစ်ထက်ကျော်လွန်ပြီး နောက်ယင်းမှတ်တမ်းများကို ပယ်ဖျက်လိုပါက ကြားကာလဗဟိုဘဏ်(သို့မဟုတ်) ယင်းအားဆက်ခံသော ဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက်ရယူရမည်။ အခန်း (၁၁) စာရင်းစစ်ဆေးခြင်းနှင့်အစီရင်ခံခြင်း ၂၅။ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတကာအသိအမှတ်ပြု စာရင်းစစ်အဖွဲ့အားငှားရမ်း၍ ပြင်ပစာရင်းစစ် ခန့်ထားနိုင်သည်။ ၂၆။ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်၏ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာနှင့် လက်ကျန် ရှင်းတမ်းတို့ကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာရမည်။ ၂၇။ ကြားကာလဗဟိုဘဏ်၏ စာရင်းစစ်ဆေးရေးမှူးများ သို့မဟုတ် ကြားကာလဗဟိုဘဏ်က ခန့်အပ်သော စာရင်းစစ်များသည် နွေဦးဖွံ့ဖြိုးရေးဘဏ်အားစစ်ဆေးနိုင်သည်။ ယင်းသို့ စစ်ဆေးသည့်အခါ အစစ်ဆေးခံဘဏ်၏ - (က) စာရင်းများ၊ သက်ဆိုင်ရာစာရွက်စာတမ်းများ၊ စာအုပ်များနှင့် အခြားစာရွက် စာတမ်းများကို စစ်ဆေးနိုင်သည်၊ ( ခ ) ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့်သတင်းအချက်အလက်များကို သက်ဆိုင်ရာ ကြီးကြပ်သူများ၊ စီမံခန့်ခွဲသူများ၊ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများကို မေးမြန်းနိုင်သည်။ အခန်း (၁၂) ဆက်နွှယ်နေသူများအား ချေးငွေထုတ်ချေးခြင်းဆိုင်ရာ ကန့်သတ်ချက်များ ၂၈။ ဘာဆဲလ် စံသတ်မှတ်ချက်အပါအဝင် နိုင်ငံတကာဘဏ်လုပ်ငန်းဆိုင်ရာ အကောင်းဆုံး လုပ်ထုံး လုပ်နည်းများအရ နွေဦးဖွံ့ဖြိုးရေးဘဏ်သည် ၎င်း၏ အဓိကအစုရှယ်ယာရှင်များ၊ ဒါရိုက်တာ အဖွဲ့ဝင်များ သို့မဟုတ် ဝန်ထမ်းများနှင့် ၎င်းတို့နှင့်ဆက်နွှယ်နေသူများအား ချေးငွေ ထုတ်ချေးပေးခြင်း မပြုရ။ အခန်း (၁၃) အခြားတာဝန်ဝတ္တရားများ ၂၉။ ဤစည်းမျဉ်းအရ နွေဦးဖွံ့ဖြိုးရေးဘဏ်က လိုက်နာရမည့် အခြားတာဝန်ဝတ္တရားများမှာ အောက်ပါ အတိုင်းဖြစ်သည် - (က) ဘဏ်သည် ၎င်း၏အပ်ငွေနှင့် ချေးငွေအပေါ် အတိုးနှုန်းများနှင့်ဝန်ဆောင်ခ အမျိုးမျိုးကို ကြားကာလဗဟိုဘဏ်သို့ (၆)လတစ်ခါ အသိပေးတင်ပြရမည်။ (ခ) နွေဦးဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ကြားကာလဗဟိုဘဏ်က စည်းမျဉ်းများထုတ် ပြန်၍ သတ်မှတ်သည့်အတိုင်း မတည်ငွေရင်း လုံလောက်မှုအချိုး၊ သီးသန့်ငွေ လိုအပ်ချက်၊ ငွေကြေး လွယ်ကူမှုအချိုးအပါအဝင် ငွေရေးကြေးရေးဆိုင်ရာ အချိုးများနှင့် စည်းမျဉ်းများ၊ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက် ပံ့မှုဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များ တို့ကိုလိုက်နာရမည်ဖြစ်သည့် အပြင် ကြားကာလဗဟိုဘဏ်က သတ်မှတ် တောင်းခံသည့်အတိုင်း စာရင်းဇယား များပေးပို့တင်ပြရမည်။ (ဂ) နွေဦးဖွံ့ဖြိုးရေဘဏ်အနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် Financial Action Task Force (FATF) ၊ Asia Pacific Group on Money Laundering ( APG) တို့ကဲ့သို့သော အဖွဲ့ အစည်းများ၏ အကြံပြုချက်များ၊ စံသတ်မှတ်ချက်များ၊ best practices များအား လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်။ ( ဃ) ဘဏ်၏ဒါရိုက်တာအဖွဲ့ဝင်များ၊ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ဝန်ထမ်းများသည် နိုင်ငံတကာ နှင့် ဒေသတွင်းဘဏ်များလိုက်နာသည့် လျှို့ဝှက်ချက်များထိန်းသိမ်းရန် တာဝန်ကိုဖြစ်စေ၊ လျှို့ဝှက်ထားရန် တာဝန်အား ခြွင်းချက်ပြုခြင်းကိုဖြစ်စေ လိုက်နာရမည်။ (ပုံ) တင်ထွန်းနိုင် ဥက္ကဋ္ဌ ကြားကာလဗဟိုဘဏ် အမျိုးသားညီညွတ်ရေးအစိုးရ..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-07-18

Date of entry: 

2023-07-18

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.28 MB

Resource Type: 

text

Text quality: 

    • Good