အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပြည်သူလူထုအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းအပေါ် ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခြင်း။

Description: 

"၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီများမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ရဟန်းတစ်ပါးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၀) ဦးကျော် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါသည်။ ထိုအကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများအသက်ဆုံးရှုံးသည်သာမက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့် အရေးပါသော လူထုအဆောက်အဦးများလည်း ပျက်စီးသွားခဲ့ပါသည်။ ဤကဲ့သို့သော ဖြစ်စဉ်သည် ယခုတစ်ကြိမ်သာ သီးခြားဖြစ်ပွားခြင်းမဟုတ်ဘဲ လွန်ခဲ့သော (၂၇) လ တစ်လျှောက်လုံး လူမျိုးတုံးသတ်ဖြတ်သည့် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူများအပေါ် အကြိမ်ပေါင်း (၇၀) ကျော် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းများထဲမှ တစ်ခုသာဖြစ်ပါသည်။ မျက်မြင်သက်သေများက ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်ဖြစ်ရပ်ကို ကွင်းကွက်ကွင်းကွင်း ထင်ထင်ရှားရှား သက်သေထွက်ဆိုထားပါသည်။ ရုရှားတိုက်လေယာဉ်အမျိုးအစားများ ဖြစ်သည့် YAK-130 ၏ မြေပြင်ပေါ်တွင်ရှိသမျှကို ပစ်ခတ်မှုနှင့်အတူ အင်အားပြင်းဗုံးများဖြင့် ညောင်ကုန်းရွာ၊ ချင်းပြစ်ရွာနှင့် ပိတောက်ကုန်းရွာတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး သေကြေပျက်စီးမှု ကြီးကြီးမားမားဖြစ်ပွားစေခဲ့ပါသည်။ အကြမ်းဖက်စစ်အာဏာရှင်များမှ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်းများကို တမင်တကာပစ်မှတ်ထား အကြမ်းဖက်သည့်လုပ်ရပ်သည် လူ့အသက်ကို တန်ဖိုးမထားပဲ အပြစ်မဲ့အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီး သတ်ဖြတ်နေပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ ၎င်းအကြမ်းဖက်စစ်တပ်မှ ပြောင်ပြောင်တင်းတင်းကျူးလွန်နေသည်ကို ဖော်ပြနေပါသည်။ အသက်လုထွက်ပြေးနေသော ရွာသားများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရေး လေယာဉ်များပေါ်မှ ကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့ပြီး နောက်ထပ် သေဆုံးမှုများဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ထွက်ဆိုထားပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြောင့် ပြည်သူလူထု၏ အသက်ပေါင်းများစွာဆုံးရှုံးသည်သာမကပဲ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မီးရှို့ခြင်းများကြောင့် အိုးအိမ်များစွာ ဆုံးရှုံးပျက်စီးနေသည်။ အပြစ်မဲ့ပြည်သူလူထုအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်ခြင်းများကြောင့် ပြည်သူများ၏အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများသည် အလွန်ဆိုးရွားသဖြင့် အပြည်ပြည်ဆိုင်ရာ၏ အာရုံစိုက်မှုနှင့် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ချက်ချင်းလိုအပ်နေပါသည်။ မဖော်ပြနိုင်လောက်အောင် နာကျင်မှုနှင့် ဝမ်းနည်းပူဆွေးမှုများခံစားရသည့် ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေးရပါသည်။ ဒဏ်ရာရရှိသည့် ပြည်သူများလည်း အမြန်ဆုံးပြန်လည်သက်သာ ကျန်းမာလာစေရန် ဆုတောင်းပေးနေပါသည်။ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အများပြည်သူကို တရားဓမ္မလမ်းပြပေးနေသော ရဟန်းသံဃာတစ်ပါး၏ အသက်ကိုပါ ဆုံးရှုံးစေခဲ့သဖြင့် ထိုလုပ်ရပ်အတွက်လည်း တာဝန်အပြည့်အဝယူရပါလိမ့်မည်။ အကြမ်းဖက်စစ်ကောင်စီများက ယခုကဲ့သို့ လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းပေါ်တင် ဆက်လက်ကျူးလွန်ခြင်းသည် ၎င်းတို့ကျူးလွန်ခဲ့သမျှသော ဆိုးရွားသည့် ရာဇဝတ်မှူများအတွက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မတွေ့ရသောကြောင့်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်သားများဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏အပေါင်းအပါများ၊ မြန်မာပြည်သူအပေါ် ရာဇဝတ်မှုများပိုမိုကျူးလွန်နိုင်ရန် စစ်လက်နက်ပစ္စည်းထောက်ပံ့သူများကို အပြည်ပြည်ဆိုင်ရာတရားဥပဒေများအရ ထိရောက်စွာ အရေးယူရန်လိုအပ်ပါသည်။ ဤလုပ်ရပ်များ ချက်ချင်းရပ်တန့်ရမည်။ အကြမ်းဖက်စစ်ကောင်စီက မြန်မာပြည်သူလူထုအပေါ် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် ထောက်ခံအားပေးသည့် နိုင်ငံများရှိနေသေးသည်မှာ လွန်စွာရက်စက်ပြီး လက်နိုင်ခံစရာအကြောင်းမရှိပေ။ UN၏ နောက်ဆုံးထုတ်ပြန်ကြေညာချက်အရ လွန်ခဲ့သော (၂၇) လအတွင်းတွင် အကြမ်းဖက်စစ်ကောင်စီသည် အနည်းဆုံး အမေရိကန်ဒေါ်လာ (၁) ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်များနှင့် နှစ်မျိုးသုံးလက်နက်ပစ္စည်းများကို အထူးသဖြင့် ရုရှားနိုင်ငံမှ ဝယ်ယူခဲ့ကြောင်းတွေ့ရသည်။ ဆိုလိုရင်းမှာ မြန်မာနိုင်ငံရှိ အကြမ်းဖက်စစ်ကောင်စီသည် ယူကရိန်းပြည်သူအပေါ် ရုရှားနိုင်ငံကစစ်တိုက်ခြင်းကို ငွေကြေးအားဖြင့် တိုက်ရိုက်ကူညီနေခြင်းဖြစ်သည်။ ဤအာဏာသိမ်း အကြမ်းဖက်စစ်ဗိုလ်ချုပ်များသည် ရိုဟင်ဂျာလူမျိုးများကို လူမျိုးသတ်ဖြတ်ခဲ့ခြင်းအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုခြင်းခံနေရသည်။ လူမျိုးတုံးသတ်ဖြတ်သည့် စစ်အာဏာရှင်များနှင့် အပေါင်းအပါများသည် သူတို့ကျူးလွန်ခဲ့သမျှသော ရာဇဝတ်မှုများအားလုံးအတွက် အပြည်ပြည်ဆိုင်ရာတရားဥပဒေအောက်တွင် မုချအရေးယူခံရမည်။ လူမျိုးတုံးသတ်ဖြတ်သော အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်း ပုလဲမြို့တွင် ကျူးလွန်သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် အာဆီယံ ဘုံသဘောတူညီချက်(၅)ချက်နှင့် မြန်မာနိုင်ငံအပေါ်ချမှတ်သည့် UN လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို တိုက်ရိုက်ချိုးဖြတ်နေခြင်းဖြစ်သည်။ ဤကဲ့သို့သော အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်ကို အာဆီယံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လစ်လျူရှုခြင်းကြောင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို ပိုမိုတိုးပွားစေသည်။ ယင်းအစား ဗီတိုအာဏာပိုင်အချို့နှင့် UN လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်အချို့တို့သည် မြန်မာနိုင်ငံ၏တရားဝင်အစိုးရဖြစ်သည့် NUG ကိုအသိအမှတ်ပြုပြီး အတူတကွလုပ်ဆောင်မည့်အစား မြန်မာပြည်သူလူထုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီကိုထောက်ပံ့နေကြပြီး ဤလုပ်ရပ်များသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သော လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ အမြောက်အမြားပါဝင်သည်။ အကြမ်းဖက်စစ်ကောင်စီအား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝှိုက်သော်လည်းကောင်း ထောက်ပံ့ခြင်းများအားလုံး ချက်ချင်းရပ်တန့်ရမည်။ မြန်မာနိုင်ငံသည် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုအား ပုံမှန်ဖြစ်အောင် မည်သည့်အခါမှ ခွင့်ပြုမှာမဟုတ်ပါ။ ဤကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန်အတွက် သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက လျင်မြန်ပြတ်သားစွာ အရေးယူဆောင်ရွက်ရန် တောင်းဆိုအပ်ပါသည်။ လူမဆန်သော အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် အကြမ်းဖက်စစ်ကောင်စီအား လေယာဉ်ဆီများ ထောက်ပံ့ပေးသည့်လမ်းကြောင်းများကို ပစ်မှတ်ထား အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆိုအပ်ပါသည်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုပေါ် ကျူးလွန်သူ အကြမ်းဖက်စစ်ကောင်စီအား တရားစီရင်ပြီး ပြည်သူများအားလိုအပ်သည့် ထောက်ပံ့မှုများပေးနိုင်ရန် အပြည်ပြည်ဆိုင်ရာ သက်ဆိုင်ရာအဖွဲ့အစည်းများအား တောင်းဆိုအပ်ပါသည်။ မျက်မြင်များ၏ သက်သေထွက်ဆိုချက်များသည် မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်မှု အရေးတကြီးလိုအပ်ကြောင်း သတိပေးနေပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရေရှည်တည်တံ့သော ဖြေရှင်းမှုများပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အရေးယူဆောင်ရွက်သင့်သည်။ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီရရှိပြီး အကြမ်းဖက်မှုများပပျောက်ကာ လူတိုင်း တန်းတူအခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် လေးစားမှုရရှိသော အနာဂတ်ဆီသို့သွားနိုင်ရန် လူမျိုးတုံးသတ်ဖြတ်နေသော စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရမည်။ မည်သည့်လူသားမဆို ယခုကဲ့သို့ ဖော်ပြရန်ပင်မစွမ်းသာတဲ့ ကြောက်စရာအတွေ့အကြုံများနှင့် ဆုံးရှုံးမှုများကို ဘယ်တော့မှ မခံစားသင့်ပေ။ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများ ကင်းရှင်းပြီး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် ကျွန်ုပ်တို့အားလုံး စုပေါင်းလုပ်ဆောင်ရန် လိုအပ်ပါသည်။..."

Source/publisher: 

Ministry of International Cooperation Myanmar

Date of Publication: 

2023-06-29

Date of entry: 

2023-06-30

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

486.31 KB

Resource Type: 

text

Text quality: 

    • Good