Description:
"၁။ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆင်ခြင်ဉာဏ်မရှိသော အကြောင်းအမျိုးမျိုးပြ၍ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မတရား အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်။ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ လိုအင်ဆန္ဒကို စိုးစဉ်းမျှ အလေးထားမှုမရှိဘဲ ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့် လူတစု၏ စည်းစိမ်ဥစ္စာကို ကာကွယ်ရန်အတွက် လက်နက်အားကိုးဖြင့် လူမဆန်ဂုဏ်သိက္ခာမဲ့သော အကြမ်းဖက်မှုပေါင်းစုံ ကျူးလွန်လာခဲ့သည်မှာ ကမ္ဘာအသိပင်ဖြစ်သည်။
၂။ ခေတ်အဆက်ဆက် လက်နက်အားကိုး ဗိုလ်ကျစိုးမိုးခဲ့သော စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းရေးအတွက် ယခုနွေဦးတော်လှန်ရေးကြီးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကြီး၌ ရွေးကောက်တင်မြှောက်ခံရသည့် ပြည်သူ့ဘက်တော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများ အားလုံးစုပေါင်းလက်တွဲ၍ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ အားပေးထောက်ခံမှုဖြင့် ဆင်နွှဲလျက်ရှိသည်။
၃။ ယခုအချိန်တွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေပြီဖြစ်သည့် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက် ရရှိရန်အလို့ငှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အပူတပြင်း ကြိုးပမ်းလျက်ရှိသည်။
၄။ မိမိတို့နွေဦးတော်လှန်ရေးကြီး၏ အခြေခံလမ်းညွှန်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း (၁)၊ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁) အရ အသွင်ကူးပြောင်းရေးကာလအတွင်းတွင် တိုင်းပြုပြည်ပြုညီလာခံကြီးကိုကျင်းပကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းပြီး ထိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲများကို ကျင်းပသွားရမည်ဖြစ်သည်။ တချိန်တည်းတွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၌လည်း သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ အသီးသီးနှင့်အညီ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့် ရွေးကောက်ပွဲများကို ကျင်းပသွားရမည်ဖြစ်သည်။
၅။ အကြမ်းဖက်စစ်အုပ်စုမှ တနိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူတရပ်လုံးအား အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ် မီးရှို့နေချိန်၊ လေကြောင်းဖြင့် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်နေချိန်တွင် ၎င်းတို့ နိုင်ငံရေးထွက်ပေါက်အတွက် ကြိုးပမ်းလျက်ရှိသည် ရွေးကောက်ပွဲသည် နိုင်ငံရေးအရသော်လည်းကောင်း၊ ဥပဒေကြောင်းအရသော်လည်းကောင်း တရားဝင်မှုမရှိသည့်အပြင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ၏ စံတန်ဖိုးများနှင့် ညီညွတ်မှုမရှိကြောင်း သိစေအပ်ပါသည်။
၆။ သို့ဖြစ်ပါ၍ အဖွဲ့အစည်းအသီးသီး၊ အင်အားစုအသီးသီးနှင့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအနေဖြင့် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းမပြုဘဲ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စုစည်းညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်သွားကြရန် ထုတ်ပြန်ကြေညာအပ်ပါသည်။..."
Source/publisher:
Ministry of Federal Union Affairs - Myanmar - NUG
Date of Publication:
2023-01-23
Date of entry:
2023-01-23
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
433.02 KB
Resource Type:
text
Text quality:
- Good
