"(၆၁)နှစ် မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံအခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ"

Description: 

"ယနေ့ ဇူလိုင်လ (၇) ရက်နေ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တို့၏ မတရားအနိုင်ကျင့်မှုကို ရဲရင့်ပြတ်သားစွာ ဆန့်ကျင်ခဲ့သည့် ကျောင်းသားလူငယ်ထု၏ သွေး ရန်ကုန်တက္ကသိုလ်မြေပေါ်တွင်ကျခဲ့ရသည့် ဆဲဗင်းဂျူလိုင် (၇. ၇. ၁၉၆၂) ကျောင်းသား အရေးတော်ပုံကြီး (၆၁) နှစ် ပြည့်မြောက်သည့် နေ့ဖြစ်သည်။ ၁၉၆၂ မတ်လ (၂) ရက်နေ့တွင် အာဏာရှင်နေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီသည် လူထု၏တရားဝင်ရွေးကောက်ခံအစိုးရကို လက်နက်အားကိုးဖြင့်ဖြုတ်ချပြီး အကြမ်းဖက်အာဏာသိမ်းယူကာ ရှိရင်းစွဲ တက္ကသိုလ်အက်ဥပဒေကို ရက်ပိုင်းအတွင်းပင်ဖျက်သိမ်း၍ တက္ကသိုလ်ကျောင်းသားများအား ဖိနှိပ်ချုပ်ချယ်သည့် လုပ်ရပ်များကို စတင်ခဲ့သည်။ စစ်အာဏာရှင်တို့က ၎င်းတို့ အာဏာတည်မြဲရေးအတွက် ပြဌာန်းလိုက်သည့် တက္ကသိုလ်အက်ဥပဒေကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ကျောင်းသားသမဂ္ဂများအပါအဝင် ကျောင်းသားထုကြီးတရပ်လုံးကလက်မခံပဲ ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား အုံကြွဆန့်ကျင်ခဲ့ကြသည်။ ထို့နောက် စစ်အာဏာရှင်၏ လက်ပါးစေတပ်များက သမိုင်းဝင်ပညာတတ်နိုင်ငံရေးခေါင်းဆောင်များ သန္ဓေတည် မွေးဖွားသည့် အမိရန်ကုန်တက္ကသိုလ်မြေတွင် ကျောင်းသားထုကြီးကို သွေးစွန်းစေခဲ့ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦကိုလည်း ယုတ်မာရက်စက်စွာ ဗုံးခွဲဖြိုချဖျက်ဆီးခဲ့ကြပေသည်။ ခေတ်သမိုင်းအဆက်ဆက်ကို ပြန်ကြည့်ပါက ကျောင်းသားလူငယ်များ၏ လွတ်လပ်မှု ၊ ညီမျှမှု၊ တရားမျှတမှု နှင့် အမှန်တရားကို မြတ်နိုးကာ ထိပါးလာပါက တုံ့ဆိုင်းခြင်းမရှိဘဲ ဖြူစင်ရဲရင့်စွာ တုံ့ပြန်တော်လှန်တတ်သည့် သူရဲကောင်းစိတ်သည် စစ်အာဏာရှင် များ၏ လက်နက်အားကိုး၍ ယုတ်မာရက်စက်စွာ ဖိနှိပ်အနိုင်ကျင့်လိုသည့် ယုတ်ညံ့သောစိတ် နှင့် အမြဲဆန့်ကျင်ဘက်ဖြစ်ကာ ကွဲလွဲခဲ့ပြီး စစ်အာဏာရှင်တို့သည် ကျောင်းသားလူငယ်ထုအပေါ် အညှိုးအတေးကြီးစွာ ဖြင့် ဖိနှိပ်ခဲ့သည်မှာ ထင်ရှားခဲ့သည်။ သို့သော် "အဆောက်အဦ ကိုသာဖြိုဖျက်လို့ရမယ် .. အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို ဖြိုဖျက်လို့မရဘူး" ဆိုသည့် သခင်ကိုယ်တော်မှိုင်း၏ စကားနှင့်အညီ စစ်အာဏာရှင်နှင့် ၄င်း၏လက်ပါးစေတပ်များက သမဂ္ဂစိတ်ဓါတ်အား ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြသည်ကို ယခုနွေဦးတော်လှန်ရေးတွင် ရှေ့တန်းမှ ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ပွဲဝင်နေကြသော လူငယ်ထုက သက်သေပြလျက်ရှိပေသည်။ လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှု နှင့် အမှန်တရားအတွက် အသက်နှင့်ဘဝကို ပဓာနမထားဘဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့်စွာဖြင့် စနစ်ဆိုးများကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားသမဂ္ဂများအပါအဝင် ကျောင်းသား၊လူငယ်၊တော်လှန်ရေး ရဲဘော်အပေါင်းအား အမျိုးသားညီညွတ်ရေးအစိုးရက လေးစားစွာဖြင့် ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။ သမိုင်းခေတ်များအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးသော စစ်အာဏာရှင်များက တိုင်းပြည်၏အနာဂတ် ကျောင်းသားလူငယ်များအား အကြောင်းမဲ့ သတ်ဖြတ်ညှင်းပမ်းမှုများအတိုင်း ယခု ၂၁ရာစုတွင်လည်း အာဏာရှင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က ရဟန်းရှင်လူကျောင်းသား ပြည်သူတစ်ရပ်လုံး အပေါ်တွင် ရက်စက်စွာ ညှင်းဆဲသတ်ဖြတ်နေမှုများ ဆက်လက်ကျူးလွန်နေမြဲပင်ဖြစ်သည်။ ခေတ်အဆက်ဆက် ကျူးလွန်သူ စစ်အာဏာရှင်များသည် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခဲ့ကြခြင်းကြောင့် ယခုလို ယုတ်မာစွာ ဆက်လက် လုပ်ဆောင်နေကြသည်မှာလည်း ထင်ရှားပေသည်။ ထို့ကြောင့် မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန် စေသည့် လက်နက်ဖြင့် အနိုင်ကျင့်သတ်ဖြတ်မှုကို အားပေးသည့် စစ်အာဏာသိမ်းမှုများကို ယခုနွေဦးတော်လှန်ရေးတွင် အပြီးသတ်အမြစ်ဖြတ်ကာ နောင်အနာဂတ်တွင် မည်သည့်အာဏာရှင်မှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေး နှင့် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြသော စစ်အာဏာရှင်များ အပြစ်ပေးအရေးယူခံရမှု သေချာစေရေးတို့ကို ရည်မှန်းချက်ထားပြီး ခေတ်အဆက်ဆက် တော်လှန်ရဲရင့်ခဲ့သည် ကျောင်းသားထု၏ သမဂ္ဂစိတ်ဓါတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်မှုများ၊ တိုင်းသားလူမျိုးပေါင်းစုံမှ တော်လှန်ရေး ခေါင်းဆောင်များအားလုံး၏ အတွေ့အကြုံတို့နှင့်ပေါင်းစပ်ကာ ယခု နွေဦးတော်လှန်ရေးတွင် အစွမ်းကုန်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါမည်ဟု မမေ့အပ်သော ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သန္နိဋ္ဌာန်ပြုအပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-07-07

Date of entry: 

2023-07-07

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

531.98 KB

Resource Type: 

text

Text quality: 

    • Good