အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၅) နှစ်ပြည့် အခါသမယတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်း

ဖော်ပြချက်/အကြောင်းအရာ: 

"ချစ်ခင်လေးစားရပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ပြည်တွင်းပြည်ပက နိုင်ငံသူ နိုင်ငံသားများ၊ ရဲဘော်ရဲဘက်များနဲ့ တော်လှန်ရေးအင်အားစုများအားလုံး အခုလို မြန်မာနှစ်သစ်ကူး အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေကြောင်း၊ ဘေးဒုက္ခ အန္တရာယ်အပေါင်းကနေ ကင်းဝေးတဲ့ နှစ်သစ်အခါသမယ ဖြစ်ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ဒီကနေ့ဟာ ပြည်သူလူထုကနေ တစ်ခဲနက် ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စား လှယ်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ နွေဦးတော်လှန်ရေး အင်အားစုများ ကနေ ပေါက်ဖွားလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းခဲ့တာ (၅) နှစ်ပြည့်မြောက်တဲ့ အချိန် ကာလလည်း ဖြစ်ပါတယ်။ ဒီ (၅) နှစ်တာတော်လှန်ရေးကာလအတွင်း တော်လှန်ရေးရဲ့ အနိမ့်အမြင့် အတက်အကျများ ကြားမှာ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ အတူတူ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူလူထုကြီး တရပ်လုံးကို အထူးပဲ ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်မှုနဲ့အတူ ပြည်သူလူထု တရပ်လုံးရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများနဲ့ စတင်ခဲ့တဲ့ ဒီတော်လှန်ရေးကြီးဟာ စစ်အုပ်စုရဲ့ အကြမ်းဖက် တုံ့ပြန်မှုနဲ့ ၎င်းတို့ အာဏာ ဆက်လက် ဆုပ်ကိုင်နိုင်ရေးအတွက် ရက်စက်တဲ့ဖိနှိပ်မှုတွေကြောင့် အခုလို ကာလအခြေအနေထိ တောင့်ခံတွန်းလှန်ရင်း ရောက်ရှိလာတာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး မှာ စစ်တပ်ရဲ့ ဗိုလ်ကျစိုးမိုးဖို့ ကြိုးပမ်းမှုတွေကြောင့် နာလန်မထူနိုင်ဖြစ်ခဲ့ရတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို အပြီးတိုင်ကုစားဖို့ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ကြရတဲ့ အတွေ့အကြုံများနဲ့ ပေါင်းစုကာ စစ်တပ်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဆက်လက်မတည်ရှိစေဘဲ အမြစ်ဖြတ် ဖယ်ရှားနိုင်စေရေး ဝိုင်းဝန်းကြိုးစားနေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ တရားဥပဒေ စိုးမိုးမှုနဲ့အတူ ပြည်သူလူထုရဲ့ လွတ်လပ်လုံခြုံမှုတွေဟာ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေသမျှ ကာလပတ်လုံး ရရှိနိုင်မှာမဟုတ်သလို အပေါ်ယံ အတုအယောင်သာ ဖြစ်နေဦးမှာဖြစ်ပါတယ်။ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ပြဿနာအရပ်ရပ်ရဲ့ မူလအရင်းအမြစ်ဟာ အကြမ်းဖက်စစ်တပ် ကြောင့် ဖြစ်လာရတယ်ဆိုတာကို ရှင်းလင်းစွာ မြင်ကြဖို့လည်း လိုအပ်ပါတယ်။ စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ခြင်းကနေ အပြီးတိုင် အဆုံးသတ်ဖို့ဆိုတာဟာ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ရော တော်လှန်ရေးအင်အားစုများကြားမှာပါ တူညီတဲ့ ဆန္ဒသဘောထား ရပ်တည်ချက် ဖြစ်သလို မြန်မာ့နိုင်ငံရေးအပြောင်းအလဲအတွက် လိုအပ်ချက်လည်း ဖြစ်ပါတယ်။ အခုလည်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ပြေးညီကျင်းပနိုင်ခြင်းမရှိခဲ့တဲ့ ဟန်ပြရွေးကောက်ပွဲကနေ လွှတ်တော်ခေါ်ယူကာ သူ့ကိုယ်သူ သမ္မတခန့်အပ်ပြီး မဏ္ဍိုင်သုံးရပ်လုံးကို စိတ်တိုင်းကျ လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကနေပြီး အကြမ်းဖက်သမ္မတ ဦးမင်းအောင်လှိုင် အဖြစ် ဝတ်ရုံပြောင်းလဲတာကလွဲလို့ ကျန်တဲ့ အကြမ်းဖက်စရိုက် အမူအကျင့်များကို မူလအတိုင်း ဆက်လက် လုပ်ဆောင်မှာပဲဖြစ်ပါတယ်။ အခုလို သူ့ကိုယ်သူ သမ္မတအဖြစ် တရားမဲ့ ခန့်အပ်နိုင်ဖို့အတွက် မဲစာရင်းမှားယွင်းမှုများ ဖြစ်ခဲ့သယောင် လိမ်လည်အကြောင်းပြပြီး အဓမ္မ အာဏာသိမ်းကာ တိုင်းပြည်နဲ့ပြည်သူလူထုရဲ့ အနာဂတ်အကျိုးစီးပွားများကို ကဏ္ဍပေါင်းစုံက ပျက်စီးဆုတ်ယုတ်သွားအောင် ချနင်းလုပ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ ပြည်သူ့အစိုးရထံကနေ အဓမ္မ အာဏာလုယူပြီးချိန်ကစလို့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် နေ့အထိ အပြစ်မဲ့ ပြည်သူပေါင်း (၇၉၇၂) ဦး သတ်ဖြတ်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များအပါအဝင် ပြည်သူ (၂၂,၁၇၀) ဦးကို ဖမ်းဆီး ချုပ်နှောင်ထားဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ တစ်လတည်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၂၁၀ ခု ရှိခဲ့ပြီး အရေအတွက်အားဖြင့် (၉၁၇) ကြိမ်ရှိကာ အပြစ်မဲ့ပြည်သူ (၄၈၃) ဦး သေဆုံးခဲ့ရပါတယ်။ ထင်ရှားတဲ့ သတ်ဖြတ်မှုအဖြစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့မှာဆိုရင် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူပေါင်း (၁၆၈) ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြည်သူလူထုရယ်လို့ သတ်မှတ်မထားရှိဘဲ ဘက်မတူသူမှန်သမျှ ငါ့ရန်သူလို့ သဘောထားကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖိနှိပ်ကာ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုများကို အကြိမ်ကြိမ်ကျူးလွန်ပြီး သမ္မတရာထူးကို အဓမ္မရယူထားသူဖြစ်တယ်ဆိုတာ ပြတ်ပြတ်သားသား မြင်ကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့လည်း စစ်တပ်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို အပြီးတိုင် အဆုံးသတ်နိုင်ဖို့နဲ့ ၎င်းတို့ရဲ့ ကျူးလွန်ခဲ့မှုတွေအတွက် တရားမျှတမှုဖော်ဆောင်နိုင်ရေးကို ကျွန်တော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်အဖြစ် ထားရှိတာဖြစ်ပါတယ်။ နောက်ထပ် ဦးတည်ချက်တစ်ခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းဖို့နဲ့ ၎င်းဖွဲ့စည်းပုံအောက်က ကြိုးစားမှုမှန်သမျှကို တိုက်ဖျက်သွားဖို့ဖြစ်ပါတယ်။ ဒီအခြေခံ ဥပဒေအောက်က ဖြစ်ပေါ်လာတဲ့ ဘယ်လို နိုင်ငံရေးအခင်းအကျင်းမျိုးမဆို စစ်တပ်ရဲ့ ဗိုလ်ကျစိုးမိုး အခွင့်ထူးခံမှုတွေနဲ့ ပြည့်နှက်နေမှာဖြစ်ပြီး တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာမှာ မဟုတ်ဘူးဆိုတာကို ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်စဉ်နဲ့ ယင်းနောက် ၎င်းတို့ရဲ့ဆောင်ရွက်ချက်များက သက်သေခံနေတာ ဖြစ်ပါတယ်။ တစ်ဆက်တည်း ပြောလိုတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က နိုင်ငံရေးအခင်းအကျင်းကို လက်ခံ နေခြင်းဟာ မြန်မာနိုင်ငံမှာ မတည်ငြိမ်တဲ့ နိုင်ငံရေးစနစ် ဆက်လက်တည်ရှိစေဖို့ တွန်းပို့နေတာ ဖြစ်ကြောင်းကို နိုင်ငံတကာအနေနဲ့လည်း ရှင်းရှင်းလင်းလင်း မြင်ဖို့ ပြောလိုပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေးနဲ့ တော်လှန်ရေးကို အမြန်ဆုံး အောင်မြင်စွာ အဆုံးသတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အတွက် ကြိုးပမ်းဆောင်ရွက်နေပြီး အခုလို ဆောင်ရွက်နိုင်ဖို့အတွက်လည်း ကဏ္ဍကြီး (၆) ရပ်ခွဲကာ ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရကို ပြင်ဆင် ဖွဲ့စည်းနိုင်ခဲ့ပြီး အခြေအနေ ပေးထားချက်များအရ အလုံးစုံ ပြီးပြည့်စုံတဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းမျိုး မဖြစ်ခဲ့သည့်တိုင် ကျွန်တော်တို့ပြောကြားထားသလိုပဲ ပြုပြင်ပြောင်းလဲရေးရဲ့ ပထမအဆင့်ကို စတင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ပြောင်းလဲနေတဲ့ တော်လှန်ရေး အခြေအနေအရပ်ရပ်ကို စဉ်ဆက်မပြတ်လေ့လာ အဖြေရှာကာ ပြုပြင်ပြောင်းလဲသင့်တာတွေ ကိုလည်း ရဲရဲဝံ့ဝံ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးရဲ့ အဓိကအနှစ်သာရတစ်ခု ဖြစ်တဲ့ ဖက်ဒရယ်ယူနစ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ စီမံပိုင်ခွင့်ကို အသိအမှတ်ပြု စတင်အကောင် အထည်ဖော်တဲ့အနေနဲ့ အသီးသီးပေါ်ပေါက်လာခဲ့ပြီးဖြစ်တဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေး ဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသအစိုးရများနဲ့ ပြည်ထောင်စုအစိုးရကြား ညှိနှိုင်း သဘောတူညီထား ကြတဲ့ လုပ်ပိုင်ခွင့်(တာဝန်) ခွဲဝေခြင်းများကို အခြေခံလျက် အုပ်ချုပ်ရေးနဲ့တကွ ကဏ္ဍအသီးသီးကို ယူနစ်အစိုးရများထံ လွှဲပြောင်းနိုင်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ တော်လှန်ရေး ကာလအတွင်း ဖြစ်ပေမဲ့လည်း ကျွန်တော်တို့ ချမှတ်ထားတဲ့ ဖက်ဒရယ်ပန်းတိုင်ကို အတူချီတက် ကြရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်တဲ့ ဖက်ဒရယ်ဆိုင်ရာ အလေ့အကျင့်များကို လည်း တစ်ပါတည်း လက်တွေ့ကျင့်သုံးနေပြီဖြစ်ကြောင်း မှတ်ကျောက်တစ်ခုအဖြစ် အသိပေး ပြောကြားလိုပါတယ်။ ဒီလို ကျင့်သုံး ဆောင်ရွက်ကြတဲ့အခါမှာ မူလကပင် ကျင့်သုံးဆောင်ရွက်မှု အတွေ့အကြုံ မရှိခဲ့တဲ့အခြေအနေများကြောင့် ကြုံတွေ့လာရနိုင်ခြေရှိတဲ့ ပွတ်တိုက်မှုများ လျော့နည်း စေရေးအတွက် ကျွန်တော်တို့အချင်းချင်းကြား နားလည်မှုတွေနဲ့ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ လတ်တလော တော်လှန်ရေးအင်အားစုများကြား စုပေါင်းအောင်မြင်မှုအဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာလည်း လက်ရှိတော်လှန်ရေးလိုအပ်ချက်အရ ပိုမိုခိုင်မာတဲ့ စုပေါင်း ခေါင်းဆောင်မှုနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရုံသာမက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို စတင်ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ တော်လှန်ရေးမှာ ပြတ်သားတဲ့ ခေါင်းဆောင်မှုတွေနဲ့ ရှေ့ခရီးကို ဆက်ဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်သလို ကျွန်တော်တို့အားလုံးရဲ့ စုစည်းညီညွတ်မှုကို ပြသကာ အတူတကွ ဗျူဟာကျကျ ဆောင်ရွက်ရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။ ကောင်စီဖွဲ့စည်းပြီး နောက်ပိုင်းမှာလည်း အစည်းအဝေးများ စဉ်ဆက်မပြတ်ကျင်းပကာ တော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ရေတိုရေရှည် လုပ်ငန်းစဉ်များ ချမှတ်ကာ စုဖွဲ့မှုပိုမို အားကောင်းလာစေရေး ကြိုးပမ်းလျက်ရှိပါတယ်။ SCEF ရဲ့ဦးဆောင်မှုအောက်မှာပဲ စစ်အောင်နိုင်ရေး၊ နိုင်ငံခြားရေး၊ ဖက်ဒရယ်ရေး၊ ဘဏ္ဍာရေး၊ လုံခြုံရေး စတဲ့ကဏ္ဍတွေကို ဆောင်ရွက်သွားဖို့ရှိသလို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ ကဏ္ဍအလိုက် ဆောင်ရွက်ချက်များကိုလည်း ဦးဆောင်ကောင်စီရဲ့ လုပ်ငန်းစဉ်များနဲ့အတူ ပေါင်းစပ် ဆောင်ရွက်သွားဖို့ အစီအမံများ ချမှတ်ထားရှိပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရရင် အခုလို ပြည်သူ့တော်လှန်ရေးခရီး (၅) နှစ်တာကာလတိုင်အောင် ခုခံတွန်းလှန်နိုင်တာဟာ ပြည်သူလူထုကြီးတရပ်လုံးရဲ့ တက်ကြွတဲ့ ထောက်ခံမှု၊ ရဲဝံ့တဲ့ ရပ်တည်ချက် တွေကြောင့်ပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ တက်ကြွတဲ့ ထောက်ခံမှုတွေသာမရှိခဲ့ရင် "ကိုယ်ထူ ကိုယ်ထ" ပြည်သူ့တော်လှန်ရေးခရီးဟာ အခုလို အကြမ်းဖက်စစ်အုပ်စုအပေါ်မှာ ခြိမ်းခြောက် တွန်းလှန်ထားနိုင်မှာ မဟုတ်သလို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပြည်သူ့ဝန်ဆောင်မှုမျိုး ပေးနိုင်တဲ့ စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိအောင်မြင်မှုမျိုး မြင်တွေ့နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒီလို အောင်မြင်ဖို့ရာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်းပါဝင်မှုဟာ အခြေခံ အကျဆုံးနဲ့ အရေးအကြီးဆုံးဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဆောင်ရွက်ခဲ့ပြီးသမျှ လုပ်ဆောင်ချက်များနဲ့ပတ်သက်လို့ လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်များကို ဆင်ခြင် သုံးသပ်ပြီး ကြုံတွေ့လာသမျှ စိန်ခေါ်မှုများနဲ့ အခက်အခဲများကို ကျွန်တော်အားလုံးကြားမှာ ယုံကြည်မှုနဲ့ စုပေါင်းအင်အားတည်ဆောက်ကာ ချမှတ်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိသည်အထိ အတူတကွ ဆက်လက် လျှောက်လှမ်းသွားမှာဖြစ်ကြောင်း အသိပေး ပြောကြားရင်း နိဂုံးချုပ်ပါတယ်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2026-04-16

Date of entry: 

2026-04-16

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

3.9 MB

Resource Type: 

text

Text quality: 

    • Good