ဖော်ပြချက်/အကြောင်းအရာ:
"၂၀၂၆ ခုနှစ်၊ မတ်လ (၅) ရက်နေ့ နံနက် (၅) နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏ တပ်မ (၇၇) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းများသည် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများသို့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများ ပစ်ခတ်၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများ အပါအဝင် အရပ်သားပြည်သူ (၂၈) ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရသည်။ ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ကျေးရွာများအတွင်းရှိ ပြည်သူ (၃၀၀) ကျော်အား ဓားစာခံများ အဖြစ် ဖမ်းဆီးထားခြင်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၃) ကွပ်ကဲမှု အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်း၍ ကယ်ထုတ်နိုင်ခဲ့သည်။ အဆိုပါစစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပဲခူးတိုင်းစစ်ဌာနမှ ရဲဘော် (၉) ဦး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၇) နှင့် တပ်ရင်း (၉) မှ ရဲဘော် (၂) ဦးတို့ မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ရဲဘော် ၇ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
အကြမ်းဖက်စစ်တပ်သည် ပြည်သူ့အာဏာကို မတရားလုယူရန် ကြိုးစားနေသည့် (၅) နှစ်တာ ကာလအတွင်း ပြည်သူလူထုအား အစုလိုက်အပြုံလိုက် သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှု များစွာ ပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့အထိ ကောက်ယူရရှိထားသော အချက်အလက်များအရ အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ ဒရုန်း၊ ဂျိုက်ရိုကော်ပတာ၊ ပါရာမော်တာတို့ကို အသုံးပြုကာ ကျူးလွန်သည့် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း (၅,၀၄၁) ခု၊ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် (၁၀,၆၅၁) ကြိမ် ရှိခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများအတွင်း ပြည်သူ (၅,၀၇၅) ဦး ထိခိုက်သေဆုံး ခဲ့ရသည်။ ပြည်သူ ၅ ဦးနှင့်အထက် သေဆုံးသည့် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် စုစုပေါင်း (၅၂၀) ခုရှိခဲ့ပြီး အဆိုပါ ဖြစ်စဉ်များအတွင်း ပြည်သူ (၅,၅၀၅) ဦး သေဆုံးခဲ့ရပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိခိုက်သေဆုံးခဲ့ကြရသော ပြည်သူတစ်ဦးတစ်ယောက် ချင်းစီတိုင်းအတွက် တရားမျှတမှုပြန်လည်ရရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်သည်။ ကျန်ရစ်သူမိသားစုများနှင့် စစ်ဘေးရှောင်ပြည်သူများအတွက် ထိရောက်သော လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။
အကြမ်းဖက်စစ်တပ်သည် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပြီး အတုအယောင် လွှတ်တော်တစ်ရပ် ခေါ်ယူရန်နှင့် အစိုးရအမည်ခံ စစ်တပ်လက်အောက်ခံ ဟန်ပြအစုအဖွဲ့တစ်ခုကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်နှင့် တစ်ပြိုင်နက်တည်းတွင် ပြည်သူလူထုအား ပစ်မှတ်ထားတိုက်ခိုက် သည့် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးမှုများ၊ အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုများကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိနေသည်။ နိုင်ငံတကာ အနေဖြင့် ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများ၊ စစ်ရာဇဝတ်မှုများကို လျစ်လျူရှုမထားဘဲ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများကို အမြန်ဆုံး ဆောင်ရွက်ကြရန်၊ အကြမ်းဖက်စစ်တပ် ထံသို့ လေကြောင်းသုံးယာဉ်များ၊ လက်နက်ခဲယမ်းများ၊ လေယာဉ်ဆီအပါအဝင် လောင်စာဆီများ တင်ပို့ရောင်းချခြင်းများကို ရပ်တန့်ကြရန်နှင့် အကြမ်းဖက်စစ်တပ်ကို အသွင်ပြောင်းထားခြင်းသာ ဖြစ်မည့် အတုအယောင်လွှတ်တော်နှင့် အစိုးရအမည်ခံ ဟန်ပြအစုအဖွဲ့ကို တရားဝင်မှုလုံးဝ ပေးအပ်ခြင်း မပြုကြရန် အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်သည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2026-03-14
Date of entry:
2026-03-14
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
1.49 MB
Resource Type:
text
Text quality:
- Good
