ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့သည် ကချင်တမျိုးသားလုံး ဂုဏ်ယူတန်ဖိုးထားရသည့် (၆၂) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ဖြစ်သည်။ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း (၆၂) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ကို ကချင်ပြည်သူလူထုတရပ်လုံးနှင့် ထပ်တူထပ်မျှ လေးစား ဂုဏ်ယူတန်ဖိုးထားပါကြောင်း ဦးစွာဖော်ပြအပ်ပါသည်။
၂။ လွတ်လပ်ပြီး တရားမျှတသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင်ရန် မျှော်ရည်ကြိုးပမ်းခဲ့သော်လည်း အာဏာရှင်အဆက်ဆက်မှ ပင်လုံစာချုပ်ပါ ကတိကဝတ် များကို ချိုးဖောက်ခဲ့သောကြောင့် ပြည်ထောင်စု၏ စံတန်ဖိုးများ ပျောက်ဆုံးခဲ့ရပြီး တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် အစရှိသည့် ရသင့်ရထိုက်သည့် အခွင့်အရေးများ လက်လွတ် ဆုံးရှုံးခဲ့ရပြီး များစွာ ထိခိုက်နစ်နာခဲ့ရသည်။
၃။ ထို့ကြောင့် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(Kachin Independence Army-KIA) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကချင်အမျိုးသားတို့၏ လက်နက်ကိုင်ခုခံ တွန်းလှန် စစ်ကို စတင်ခဲ့သည်။ အဆိုပါနေ့ကို အစွဲပြု၍ ကချင်တော်လှန်ရေးနေ့ဟု ဂုဏ်ယူစွာ သတ်မှတ် ကျင်းပခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။
၄။ (၆၂) နှစ်တာ ကချင့်တော်လှန်ရေးခရီးအတွင်း အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ရင်းနှီးပေးဆပ်ပြီး စွန့်လွှတ် အနစ်နာခံ တိုက်ပွဲဝင်ခဲ့သည့် ကချင့်အာဇာနည်ခေါင်းဆောင်ကြီးများ၊ သူရဲကောင်းများနှင့် ကချင်ပြည်သူလူထု တရပ်လုံးကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ်အပ်ပါသည်။
၅။ နယ်ချဲ့ဖက်ဆစ်ဆန့်ကျင်ရေးမှစ၍ အဆက်ဆက်သော အာဏာရှင်တော်လှန်ရေးများတွင်သာမက ယနေ့ တတိုင်းပြည်လုံး၏ ဘုံရန်သူဖြစ်သည့် အာဏာသိမ်း စစ်ကောင်စီအား ခုခံတွန်းလှန်နေသော ပြည်သူ့ တော်လှန်ရေးကြီးတွင် ကချင်အမျိုးသား ခေါင်းဆောင်ကြီးများ၏ ခိုင်မာပြတ်သားသည့် ဆုံးဖြတ်ချက်များနှင့် ကချင်ပြည်သူလူထု၏ အရင်းအနှီးကြီးမားစွာ ပေးဆပ်ပါဝင်မှုများကို လေးစားတန်ဖိုးထားပြီး သမိုင်းမှတ် ကျောက်တင်ရမည် ဖြစ်သည်။
၆။ ယနေ့မျက်မှောက်အချိန်အခါသည် ပြည်ထောင်စုတဝှမ်း လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး “တသံတည်းညီ တချီတည်းရုန်း” လျက် ဘုံရန်သူ အာဏာသိမ်း စစ်ကောင်စီနှင့် အကြမ်းဖက်စစ်တပ်အား ရွပ်ရွပ်ချွံချွံခုခံတွန်းလှန်နေသော အဆုံးအဖြတ်နှစ် ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ မျှော်မှန်းတောင့်တချက်ဖြစ်သော စစ်ဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုသစ်ကို တွဲလက်ညီညာစွာဖြင့် ဆက်လက်ချီတက် အောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကျရောက်သည့် ကချင် တော်လှန်ရေးနေ့ ဂုဏ်ပြုသဝဏ်လွှာအား လေးစားဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2023-02-05
Date of entry:
2023-02-05
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
282.41 KB
Resource Type:
text
Text quality:
- Good
