(၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးအသီးသီးတွင် မိမိတို့လူမျိုးများ၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် တန်းတူအခွင့်အရေးရရှိရေးတို့အတွက်သာမက ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများကို အောက်မေ့တသတန်ဖိုးထားဂုဏ်ပြုသည့် အနေဖြင့် အာဇာနည်နေ့အဖြစ်သတ်မှတ်ကြပါသည်။ ကချင်အမျိုးသားများ၏ လွတ်လပ်‌ရေး၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန်အတွက် ကချင်အမျိုးသားခေါင်းဆောင်ကြီးများကို မလိုမုန်းထားသူ ရန်သူတို့ဘက်မှ ကချင်တို့၏တော်လှန်ရေးခရီးစဉ်အား မှေးမှိန်ပျောက်ကွယ်စေလိုသောကြောင့် လုပ်ကြံသတ်ဖြတ်ရခြင်းခံရသည့်နေ့ကို အောက်မေ့တသသောအားဖြင့် ကချင်အာဇာနည်နေ့ အဖြစ်ကျင်းပခဲ့ကြသည်မှာ ယနေ့တွင် ( ၄၇ ) နှစ်မြောက်သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။ ၂။ မိမိတို့နိုင်ငံကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရအောင်ကြိုးပမ်း စဉ်ကလည်း ကချင်တိုင်းရင်းသားများ၏ ဇာတိသွေး၊ ဇာတိမာန်နှင့် မျိုးချစ်စိတ်ဓာတ်အပြည့်ဖြင့် တွန်းလှန်တိုက်ထုတ်ခဲ့ကြပုံကိုလည်း သမိုင်းတွင်အထင်အရှားပင်ဖြစ်ပါသည်။ ခေတ်အဆက် ဆက်၌မတရားဖိနှိပ်ချုပ်ချယ်မှုများနှင့် တန်းတူအခွင့်အရေးတို့အတွက် ရဲဝံ့စွာဆန့်ကျင် တော်လှန်ခဲ့ကြသည့် ကချင်လူမျိုးများသည် ယခုအခါအကြမ်းဖက်စစ်အာဏာသိမ်းအုပ်စုအား ဆန့်ကျင်တော်လှန်နေသည့် မြန်မာ့နွေဦးတော်လှန်ရေးခရီးကြမ်းတွင်လည်း ဒီမိုကရေစီ အင်အားစုများနှင့်အတူတကွ ခိုင်မာစွာရပ်တည်ကာ အင်အားကောင်းသောတော်လှန်ရေး အင်အားစုကြီးအဖြစ် လက်တွဲကြိုးပမ်းနေသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပါသည်။ ၃။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ကချင်အာဇာနည် သူရဲကောင်းများ၏ဆန္ဒဖြစ်သည့် တောင်တန်းနှင့်မြေပြန့်မခွဲခြားဘဲ တန်းတူညီမျှရရှိမှု၊ လွတ်လပ် မှုနှင့် တရားမျှတမှုစသည့် ဖက်ဒရယ်ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်ပြည့်စုံသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အား အမြန်ဆုံးတည်ဆောက်သွားနိုင်ရေး ကချင်အပါအဝင် ပြည်ထောင်စုတိုင်းရင်းသားညီနောင်များနှင့်အတူ မဆုတ်မနစ်လက်တွဲ ကြိုးပမ်းဆောင်ရွက် သွားမည်ဟု လေးနက်ခိုင်မာစွာကတိသစ္စာပြုရင်း ယနေ့ ၁၀-၈-၂၀၂၂ ရက်နေ့တွင်ကျရောက် သည့် (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့သဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-08-10

Date of entry: 

2022-08-10

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

263.27 KB

Resource Type: 

text

Text quality: 

    • Good