အမျိုးသားညီညွတ်ရေးအစိုးရက (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့ ၂၀၂၂ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့သည် ကချင်တော်လှန်ရေးအတွက် အသက်ပေး သွားကြသည့် ကချင်အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သည့် အထိမ်းအမှတ်ဖြင့် ပြုလုပ် သည့် (၄၇) နှစ်မြောက် အာဇာနည်နေ့ (Share Shagan Nhtoi) ဖြစ်ပြီး ကချင်တော်လှန်ရေး၏ သန္ဓေကို စုပေါင်းထမ်းရွက် ဆောက်တည်ခဲ့ကြသည့် ကချင်အမျိုးသား အာဇာနည်များအတွက် အောက်မေ့ဖွယ် နေ့ရက်တစ်ခု ဖြစ်သည်။ ၂။ ကချင်လူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် နိုင်ငံရေးတန်းတူညီမျှခွင့်အတွက် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းရွက်နေသော ကချင်တော်လှန်ရေး ဖခင်ကြီးများအား တော်လှန်ရေး မှေးမှိန်ပျောက်ကွယ်ရန် ရည်ရွယ်၍ အာဏာရှင်များက ၁၉၇၅ ခုနှစ် သြဂုတ်လ အစောပိုင်းရက်များတွင် စနစ်တကျ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းဖြစ်ရပ်သည် ကချင်လူထုအတွက် ကြီးစွာသော ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့သလို၊ နှစ်ပေါင်းများစွာ ပူဆွေးဝမ်းနည်းခဲ့ရသည့် ကြေကွဲဖွယ်ဖြစ်ရပ် တစ်ခုလည်းဖြစ်သည်။ ၃။ ဤသို့ ဝမ်းနည်းဖွယ် ဖြစ်ရပ်ဖြင့် ကြုံတွေ့ခဲ့ပါသော်လည်း ကချင်တော်လှန်ရေးသည် ဦးမကျိုးခဲ့ဘဲ (၄၇) နှစ်တိုင်တိုင် ဆင့်ကဲပြောင်းလဲ တာဝန်ထမ်းရွက်မှုဖြင့် ကချင့်တော်လှန်ရေးတပ်ဦးဖြစ်သည့် KIO/KIA ကို ညီညွတ်စွာ စုစည်း၍ ဆက်လက် ဦးဆောင်ချီတက်နိုင်ခဲ့သည်မှာ လေးစားဂုဏ်ယူဖွယ် ဖြစ်သည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် ခေတ်အဆက်ဆက်က တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးအရ ရပိုင်ခွင့် အခွင့်အရေးများကို လျစ်လျူရှုကာ လက်နက်အားကိုး အုပ်ချုပ်ခဲ့သော အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းပြီး ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများ အားလုံးလိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီကို အပြည့်အဝ အာမခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် သန္နိဋ္ဌာန်ချထားသည့် အစိုးရဖြစ်သည်။ ၅။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၂ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ကျရောက် သည့် (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့တွင် ကချင် တမျိုးသားလုံးနှင့်အတူ ဝမ်းနည်းကြေကွဲရ သကဲ့သို့ ကချင်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ကချင်လူမျိုးများ အပါအဝင် မြန်မာနိုင်ငံတိုင်းရင်းသားအားလုံးလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားရန် လေးနက်စွာ သန္နိဋ္ဌာန်ချထားကြောင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2022-08-10

Date of entry: 

2022-08-10

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

377.05 KB

Resource Type: 

text

Text quality: 

    • Good