(၉) ကြိမ်မြောက် ရခိုင်အမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့ ကျရောက်သော ရခိုင်တစ်မျိုးသားလုံးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် “ရခိုင်အမျိုးသားနေ့” အခါသယမတွင် ညီနောင် ရခိုင်တိုင်းရင်းသားများနှင့်တကွ ပြည်သူ တစ်ရပ်လုံး အေးချမ်းသာယာ၍ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။ ၂။ ရခိုင်တိုင်းရင်းသားတို့သည် ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝ ပြီး ဘာသာတရားကို ရိုသေကိုင်းရှိုင်းသူများဖြစ်ကြပါသည်။ ရခိုင်တိုင်းရင်းသားတို့၏ စည်းလုံး ညီညွတ်မှုကို ဖော်ဆောင်သည့်အပြင် ယဉ်ကျေးမှုသမိုင်း၏ သက်တမ်းရှည်ကြာမှုကိုလည်း ဖော်ညွှန်းသည့် မဟာမြတ်မုနိဆင်းတုတော်ကို သွန်းလုပ်ပြီးစီးသည့်နေ့ရက်အား ရခိုင်အမျိုးသား နေ့အဖြစ် ၂၀၁၄ ခုနှစ် တွင် ကျောက်ဖြူမြို့၌ ကျင်းပပြုလုပ်သည့် ရခိုင်အမျိုးသားညီလာခံတွင် သတ်မှတ်ခဲ့ကြပါသည်။ ၃။ ရခိုင်တိုင်းရင်းသားများသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် စစ်ဘေးစစ်ဒဏ်ကို ခါးသီးစွာ ခံစားခဲ့ကြရပြီး ဒေသဖွံ့ဖြိုးမှုတို့ နောက်ကျခဲ့ရကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ ညီမျှမှုနှင့် လွတ်လပ်မှုတို့အတွက် တစ်မျိုးသားလုံးက စည်းလုံးစွာ ဖိနှိပ်မှုအမျိုးမျိုးအား ရဲရဲဝံ့ဝံ့ တွန်းလှန်ခဲ့ကြပါသည်။ အကြမ်းဖက်စစ်တပ်သည် တိုင်းရင်းသားများနှင့် စည်းလုံး ညီညွတ်မှု တည်ဆောက်ရမည့်အစား မတရားသည့် ဉပဒေများ ပြဋ္ဌာန်းကာ ရည်ရွယ်ချက် ရှိရှိဖြင့် ကြောက်ရွံ့စေရန် ဖန်တီးပုံဖော်ခဲ့ကြခြင်းမှာ ဒီမိုကရေစီ၏အနှစ်သာရများကို ဆန့်ကျင်လျက်ရှိသည်ကို ရှင်းလင်းစွာ တွေ့မြင်ကြရပါသည်။ ၄။ ယနေ့အချိန်သည် ရခိုင်တိုင်းရင်းသားများအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသား များအားလုံး တွေ့ကြုံခံစားနေကြရသည့် ပြဿနာအရပ်ရပ်ကို တူညီသောစိတ်ခွန်အား၊ ယုံကြည်ချက်နှင့် ဇွဲလုံ့လတို့ဖြင့် လက်တွဲညီညီ ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်ပြီး အရောင် အသွေးစုံလင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား အတူတကွ တည်ဆောက်သွားရန် အချိန်အခါကောင်းပင် ဖြစ်ပါသည်။ ၅။ အတိတ်က အတွေ့အကြုံများကို သင်ခန်းစာယူလျက် အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုအား ကြိုးပမ်းတည်ဆောက်ကြရာ၌ မိမိတို့သည် ညီနောင်တိုင်းရင်းသားများ နှင့်အတူ လက်တွဲကြိုးပမ်းသွားမည် ဖြစ်ပါကြောင်းနှင့် ရခိုင်တစ်မျိုးသားလုံး မျှော်လင့် ကြိုးပမ်းနေသည့် အမျိုးသားရေးရည်မှန်းချက်များ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ရခိုင်အမျိုးသားနေ့ သဝဏ်လွှာအား ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-05-15

Date of entry: 

2022-05-15

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

256.71 KB

Resource Type: 

text

Text quality: 

    • Good