မြန်မာသက္ကရာဇ် (၁၃၈၄)ခုနှစ် မြန်မာနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသော အချိန်ကာလတွင် မကောင်းသော အညစ်အကြေးများအား ဆေးကြောကြသည့် အယူအဆနှင့် သင်္ကြန်ရေပက်ဖြန်း၍ ရေသဘင်ပွဲ ကျင်းပသည့် နေ့ထူးနေ့မြတ် မြန်မာတို့၏နှစ်သစ်ကူးနေ့တွင် တိုင်းရင်းသား ပြည်သူများအားလုံး ကျန်းမာသောကိုယ် ရွှင်လန်းသောစိတ်နှလုံးဖြင့် ဘေးအပေါင်းကင်းဝေးပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။ ၂။ "သင်္ကြန်"ဟူသော ဝေါဟာရသည် ကူးပြောင်းခြင်းဟု အနက်အဓိပ္ပာယ်ရသည်နှင့်အညီ မြန်မာလူမျိုးတို့သည် မြန်မာနှစ်တစ်နှစ် ကုန်ဆုံးကာ နှစ်သစ်သို့ ကူးပြောင်းသောကာလတွင် သင်္ကြန်ရေဖြင့် နှစ်ဟောင်း၏အညစ်အကြေးများကို ဆေးကြောသန့်စင်စေရန် အတာရေ သဘင်ပွဲတော်ကို ကျင်းပကြကာ အေးချမ်းစွာ နှစ်သစ်ကို ကြိုဆိုလေ့ရှိပါသည်။ ၃။ မြန်မာနိုင်ငံတွင် သင်္ကြန်ပွဲတော်သည် အစည်ကားဆုံးနှင့် အခမ်းနားဆုံး နှစ်သစ်ကူးပွဲ တော်တစ်ခုဖြစ်ပါသည်။ အကြမ်းဖက်စစ်အာဏာရှင်များက မြန်မာပြည်သူတို့၏ဘဝများကို ဖျက်ဆီးကာ အကျည်းတန်ရုပ်ဆိုးစေသည့် ယခုကဲ့သို့အချိန်ကာလတွင် ၎င်းတို့ကိုယ်တိုင် နိုင်ငံတကာသို့ နိုင်ငံတော်သည် အေးချမ်းနေသယောင် လိမ်လည်ပြသရန် ကြိုးစား၍ ရေသဘင် ပွဲတော် အခမ်းအနားများ ပြုလုပ်ကျင်းပရာ ပြည်သူလူထုအားလုံးသည် ပါဝင်ဆင်နွှဲခြင်း မရှိဘဲ တော်လှန်သင်္ကြန် ရေမစို သင်္ကြန် အဖြစ်သာ တသားတည်း ရပ်တည်ကြသည့်အတွက် အထူးပင် ဝမ်းသာဂုဏ်ယူမိပါသည်။ ၄။ ပြည်သူလူထုသည် အခက်အခဲပေါင်းစုံကို တွေ့ကြုံခံစားကြရပြီး အသက်ကိုပင် ပဓာနမထားဘဲ အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်ရင်း နွေဦးတော်လှန်ရေး တိုက်ပွဲအား ဆင်နွှဲလာခဲ့သည်မှာ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်ပါသည်။ အရှိန်ကောင်းလာသော တော်လှန်ရေးခရီးနှင့်အတူ ကျရာအခန်းကဏ္ဍမှ ပေးအပ်သောတာဝန်ကို ကျေပွန်အောင် ထမ်းရွက်နေကြသော ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ ပြင်းပြသော ဆန္ဒ၊ ဇွဲ၊ သတ္တိတို့သည် သမိုင်းတွင် ထင်ကျန်နေမည့် ပုံရိပ်ကောင်းများ ဖြစ်ပါသည်။ ၅။ လွှတ်တော်နှင့်ပြည်သူ တသားတည်းဖြစ်ကာ အစိုးရတစ်ရပ်အား ဖော်ဆောင်နိုင်ခဲ့ ကြပြီး ရရှိထားသည့် အခြေအနေများပေါ်တွင် အကောင်းဆုံး ကြိုးစားရုန်းကန်၍ ပြည်တွင်းမှ သာမက နိုင်ငံတကာမှ ပူးပေါင်းပါဝင်ကူညီမှုများကိုလည်း ကြိုဆိုလက်ခံပြီး ဆောင်ရွက်လျက် ရှိပါသည်။ ၆။ တွေ့ကြုံခဲ့ကြရသော နှစ်ဟောင်း၏ ဘေးအန္တရာယ်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားကြကာ ယနေ့ကျရောက်သည့် မြန်မာနှစ်သစ်ကူးနေ့တွင် တော်လှန်သင်္ကြန်မှသည် အောင်ပွဲဆီသို့ တက်ညီလက်ညီ အရောက်သွားရင်း မိဘပြည်သူများ အားလုံး ဆန္ဒရှိသော မျှော်မှန်းထားသည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို အားအင်သစ်များဖြင့် ကြိုးစားတည်ဆောက်ကြပါစို့ဟု တိုက်တွန်းရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2022-04-17

Date of entry: 

2022-04-17

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

258.03 KB

Resource Type: 

text

Text quality: 

    • Good