“အမျိုးသားညီညွတ်ရေးအစိုးရက (၇၇) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ”

ဖော်ပြချက်/အကြောင်းအရာ: 

"ယနေ့သည် ဖက်ဆစ်တော်လှန်ရေးအောင်လံတော်အောက်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ အားလုံး စုပေါင်းအင်အားဖြင့် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် သွေးစည်းညီညွတ်စွာ ဖက်ဆစ်နယ်ချဲ့ စစ်ဝါဒီများအား မြန်မာ့မြေပေါ်မှတွန်းလှန်တိုက်ထုတ်ခဲ့သော ၇၇ နှစ်မြောက်တော်လှန်ရေးနေ့ အခါသမယဖြစ်သည်။ လက်ရှိအချိန်တွင်လည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအပေါ် လက်နက် အားကိုးဖြင့် ဂုတ်သွေးစုတ်အနိုင်ကျင့်ဖိနှိပ်ဗိုလ်ကျနေသော တစ်ကျော့ပြန် ဖက်ဆစ်ဝါဒီ စစ်မိစ္ဆာများကို ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသားသွေးချင်းညီအစ်ကိုမောင်နှမများအားလုံး အတူတကွလက်တွဲပြီး နည်းလမ်းပေါင်းစုံဖြင့် ခုခံဆန့်ကျင် တွန်းလှန်ကာ နွေဦးတော်လှန်ရေးကို ဆင်နွှဲလျက်ရှိနေချိန်ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် ပြည်ပမှ ကျူးကျော်လာသော ဖက်ဆစ်ဂျပန်တို့အား တွန်းလှန် တိုက်ထုတ်ရာ တွင်လည်းကောင်း၊ ဖက်ဒရယ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေး တို့အတွက် ပြည်တွင်းရှိ ဖက်ဆစ်ဝါဒီ စစ်မိစ္ဆာများကို ခေတ်အဆက်ဆက် တော်လှန်တိုက်ပွဲဝင်ရာ တွင်လည်းကောင်း အသက်ကိုပဓာန မထားဘဲ စွန့်လွှတ်စွန့်စား ပေးဆပ်ခဲ့ကြသူများ အားလုံးကို အစဉ်အမြဲ ဦးညွှတ်ဂုဏ်ပြုလျက်ရှိသည်။ ဖက်ဆစ်တော်လှန်ရေးကိုဆင်နွှဲရာတွင် ဗမာ့တပ်မတော်တစ်ခုတည်းက ဦးဆောင်တိုက်ပွဲဝင်ခဲ့ခြင်း မဟုတ်ဘဲ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ရဟန်းရှင်လူကျောင်းသားပြည်သူများအားလုံး အတူတကွ လက်တွဲ၍ ပူးပေါင်းတော်လှန်ခဲ့ကြသဖြင့် ဖက်ဆစ်တော်လှန်ရေးနေ့ဟု သတ်မှတ်ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူ လက်ရှိနွေဦးတော်လှန်ရေးကို ဆင်နွှဲရာတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ သမဂ္ဂများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ နယ်ပယ်စုံမှ အသိပညာရှင် အတတ်ပညာရှင်များ၊ အနုပညာရှင်များ၊ အရပ်သားပြည်သူများ အားလုံးက ဟန်ချက်ညီညီ ခုခံတော်လှန်တိုက်ပွဲဝင်လျက် ရှိသောကြောင့် မြန်မာ့နွေဦးတော်လှန်ရေးအဖြစ် ကမ္ဘာက အသိအမှတ်ပြုထားခြင်းဖြစ်သည်။ မြန်မာ့နွေဦးတော်လှန်ရေး အောင်ပွဲရချိန်တွင် မြန်မာ့မြေပေါ်မှ ဖက်ဆစ်ဝါဒီ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် အမြစ်ဖြတ်ရှင်းလင်းဖယ်ရှားနိုင်မည်ဖြစ်သည်သာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တန်းတူညီမျှခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းများဖြင့် တည်ဆောက်နိုင်မည် ဖြစ်သည်။ လွန်ခဲ့သော ၇၇ နှစ်က ဖက်ဆစ်ဂျပန်တို့ကို တစ်မျိုးသားလုံး၏ ညီညွတ်မှုအင်အားဖြင့် အောင်မြင်စွာ တွန်းလှန် တိုက်ခိုက်နိုင်ခဲ့သည့် အမွေခံကောင်းကို ဆက်ခံလျက် ယနေ့အချိန်တွင်လည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမ များအားလုံးက ဖက်ဆစ် စစ်အာဏာရှင်များကို သွေးစည်းညီညွတ်စွာ တွန်းလှန်တိုက်ထုတ်ကြပါစို့ဟု တိုက်တွန်းရင်း ဤသဝဏ်လွှာကိုပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2022-03-27

Date of entry: 

2022-03-27

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

376.13 KB

Resource Type: 

text

Text quality: 

    • Good