ဖော်ပြချက်/အကြောင်းအရာ:
"CDM ဆရာ၊ ဆရာမ၊ ဝန်ထမ်းများကို ဖိနှိပ်ခြိမ်းခြောက်လျက်ရှိသော
Non-CDM ဝန်ထမ်းများအား အပြစ်ပေးအရေးယူနိုင်ရေးနှင့် ပတ်သက်၍ ကြေညာချက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်နေကြသော ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၏ လူမှုဖူလုံရေး၊ လုံခြုံရေး နှင့် တရားမျှတမှုရရှိရေးတို့အတွက် အမြဲမပြတ် အလေးပေးဆောင်ရွက်လျက်ရှိပါသည်။ Non-CDM ဝန်ထမ်းများအား အရေးယူနိုင်ရေးနှင့် ပတ်သက်၍ ကြေညာချက်များဖြစ်သည့် ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၈/၂၀၂၁)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ကြေညာချက် အမှတ် (၁၀/၂၀၂၁)၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၂/၂၀၂၁)၊ ပညာရေးဝန်ကြီးဌာန၏ ကြေညာချက် အမှတ် (၂၇/၂၀၂၁) တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
၂။ ယခုအခါ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်များဖြစ်သော Non-CDM ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်များ၊ ဌာနမှူးများ ဦးဆောင်သော အကြမ်းဖက်အုပ်စုလက်ပါးစေများက CDM ၀န်ထမ်းများအား ချေးငွေပြန်ဆပ်ရန်၊ ၀န်ထမ်းအိမ်ရာများမှ ဖယ်ပေးရန် ဖိအားပေးခြိမ်းခြောက်ခဲ့သည့်အပြင် ပစ္စည်းများအား ဖယ်ရှား၍ အိမ်ရာများအား သိမ်းဆည်းခြင်းများ ကျူးလွန်နေကြောင်း သိရှိရသည်။ ဤသို့ ပြုလုပ်ခြင်းသည် ငြိမ်းချမ်းစွာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ အတင်းအကျပ်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။
၃။ ထို့ပြင် ပြည်သူ့၀န်ထမ်းများ၏ ရှင်သန်ရပ်တည်ခွင့်နှင့်အတူ လူလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးများအပေါ် ထိခိုက် နစ်နာစေရန် လုပ်ဆောင်ချက်များသည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ အခြေခံလူ့အခွင့်အရေးများ ဖြစ်သော လွတ်လပ်စွာရှင်သန်ခွင့်အပိုဒ် (၃)၊ ညှင်းပန်းနှိပ်စက်ခြင်းမှကင်းလွတ်ခွင့်အပိုဒ် (၅)၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လွတ်လပ်ပိုင်ခွင့် အပိုဒ် (၁၂)၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ပိုင်ခွင့်အပိုဒ် (၁၇) တို့အား ချိုးဖောက်ခြင်း၊ ချိုးဖောက် ကျူးလွန်ရာတွင် အားပေးနေခြင်းတို့ ဖြစ်သည်။
၄။ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် မြန်မာနိုင်ငံက အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ ယဥ်ကျေးမှုဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်၏ အပိုဒ် (၁၆) ပါ ဝန်ထမ်းအခွင့်အရေးများနှင့် နိုင်ငံတကာလူ့အခွင့်အရေးများအား ချိုးဖောက်နေသော အကြမ်းဖက်ဝါဒီ အာဏာသိမ်းစစ်ကောင်စီနှင့် လက်ကိုင်တုတ် Non-CDM ဝန်ထမ်းများ၏ ကျူးလွန်မှုများအား စာသက်သေ၊ အသံဖိုင်သက်သေ စသည့် သက်သေခံချက်များ စုဆောင်းပြီး ထိုက်သင့်သည့်ပြစ်ဒဏ်များကျခံစေရန် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းအသိပေးကြေညာလိုက်သည်။..."
ရင်းမြစ်:
Ministry of Education, National Unity Government of Myanmar
Date of Publication:
2022-02-04
Date of entry:
2022-02-04
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
311.75 KB
Resource Type:
text
Text quality:
- Good
