Sub-title:
အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း ခရစ္စမတ်အကြိုနေ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်
ဖော်ပြချက်/အကြောင်းအရာ:
"၁။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် (ခရစ်စမတ်အကြိုနေ့) တွင် အကြမ်းဖက်စစ်အုပ်စုသည် ရက်စက်ကြမ်းကြုတ်ပြီး၊ လူမဆန်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ကျူးလွန်ခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားသည့် ခရစ္စမတ်ကာလအတွင်း ခရစ်ယာန် ဘာသာဝင်များ အများစုနေထိုင်သည့် ကရင်နီပြည်နယ်သည် ယခုကဲ့သို့ စက်ဆုပ်ဖွယ် အကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရသဖြင့် သေဆုံးသူများနှင့် ထိခိုက်သူများ၏ မိသားစုဝင်များ၊ ပြည်နယ်သားများ၊ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သော အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသော၊ ရင်ဆိုင်ကြုံတွေ့နေကြရသော ပြည်သူများနှင့် ထပ်တူကြေကွဲ ဝမ်းနည်းရပါကြောင်း ဖော်ပြလိုပါသည်။
၂။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်တွင် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့များက ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးသို့ နယ်မြေရှင်းလင်းရေးပြုလုပ်လာခဲ့ပြီး လမ်းကိုပိတ်ကာ ဒေသခံရွာသူရွာသားများ၊ လမ်းသွားလမ်းလာများအပါအဝင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့သည်။ နယ်ခြားစောင့်တပ်ရင်း (၁၀၀၄) မှ တပ်ဖွဲ့ဝင် လေးဦးက အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးထားခြင်းအား ပြန်လည်လွှတ်ပေးရန် သွားရောက်ညှိနှိုင်းခဲ့ရာ ၎င်းတို့လေးဦးကို ဖမ်းဆီးကာ ကြိုးဖြင့်တုတ်၍ ဦးခေါင်းကို အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ ပြည်သူ ၃၅-၄၀ ဦးခန့်ကိုလဲ ကြိုးဖြင့်တုတ်ကာ မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ ယာဉ်ကြီး၊ ယာဉ်ငယ် ၁၁ စီးကိုလည်း တစ်ပါတည်းမီးရှို့ဖျက်ဆီးခဲ့သည်။
၃။ ယခုဖြစ်စဉ် မတိုင်မီကလဲ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့သတ်ခြင်းစသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာမှ ရွာသားတစ်ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် မီးရှို့သတ်ဖြတ်ခံထားရသည့် ၎င်း၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြရသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုံးတောရွာတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်ငါးဦးအပါအဝင် ရွာသား ၁၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ခေါင်းကွဲကျေးရွာတွင် မသန်စွမ်းသူတစ်ဦးအပါအဝင် ရွာသား ငါးဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်။
၄။ ယခုအချိန်တွင် ကမ္ဘာတစ်ဝှမ်း ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲနေကြပြီး ပွဲတော်၏ ငြိမ်းချမ်းရေးသတင်းစကားကို မျှဝေသယ်ဆောင်နေကြချိန်ဖြစ်သည့်အလျောက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် ပိုမိုးတိုးမြှင့်ကျူးလွန်လာနေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ချက်ချင်းရပ်တန့်စေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ထိထိရောက်ရောက် ဝိုင်းဝန်းဆောင်ရွက်ကြပါရန် ထပ်လောင်းတောင်းဆိုပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2021-12-25
Date of entry:
2021-12-26
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
398.96 KB
Resource Type:
text
Text quality:
- Good
