National Unity Government: Ministry of Labour Announcement No.4/2021 - အလုပ်သမားဝန်ကြီးဌာန ကြေငြာချက်အမှတ် ၄/၂၀၂၁

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ကြေညာချက်အမှတ် ၄/၂၀၂၁ ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် ၁။ အကြမ်းဖက်စစ်ကောင်စီသည် ဒီမိုကရေစီနည်းလမ်းဖြင့် ပြည်သူများရွေးကောက် တင်မြှောက်ထားသည့် အစိုးရကို မတရားဖမ်းဆီး၍ အာဏာလုယက်ကာ တိုင်းပြည်ကိုအုပ်ချုပ်ရန် ကြိုးပမ်းချိန်မှစ၍ နိုင်ငံသူ၊ နိုင်ငံသားများ သည် ၎င်းတို့၏ နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မှုဒဏ်ကို ကြံ့ကြံ့ခံလျက် နွေဦးတော်လှန်ရေးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ကာ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖေါ်ဆောင်နိုင်ရေးအတွက် အစွမ်းကုန် ပူးပေါင်းကြိုးပမ်းလျက်ရှိပြီး အဆိုပါ ကြိုးပမ်းမှုတွင် ဦးဆောင်မှုအခန်း ကဏ္ဍမှပါဝင်ခဲ့သော ပြည်တွင်း၊ ပြည်ပမှ အလုပ်သမားထု၏ စွမ်းအားမှာ အင်အားကြီးမားပြီး အရေးပါသော ဒေါက်တိုင်တစ်ခု ဖြစ်ပါသည်။ ၂။ ထိုသို့ ပါဝင်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီသည် အလုပ်သမားခေါင်းဆောင်များအား သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ခြင်း၊ တရားစွဲဆို အကျဥ်းချထားခြင်းများပြုလုပ်ခဲ့သဖြင့် အလုပ်သမားအများအပြား၏ အသက်၊ ခန္ဓာ၊ အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် မိသားစုဘဝများပါ ထိခိုက်ခဲ့ရသည်။ သို့သော် အလုပ်သမားထုကြီးသည် စိတ်ဓာတ်မပြိုလဲဘဲ နွေဦး‌တော်လှန်ရေးတွင် တပ်ဦးမှ ဆက်လက်ပါဝင်နေဆဲ ဖြစ်သည်။ ဤသို့ နွေဦးတော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သော၊ ပါဝင်ဆဲဖြစ်သော အလုပ်သမားထုကြီးကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက လေးနက်စွာဂုဏ်ယူအသိအမှတ်ပြု ပါသည်။ ၃။ ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် အထိနာနေသော နိုင်ငံ့စီးပွားရေးကို အာဏာသိမ်းမှုက ပိုမိုဆိုးရွား လာစေပြီး အကျိုးဆက်အဖြစ် အလုပ်သမားဈေးကွက်တွင် မတည်ငြိမ်မှုများဖြစ်ပေါ်ကာ စက်ရုံ အလုပ်ရုံများအား ပိတ်သိမ်းခြင်းနှင့် အလုပ်သမားလျှော့ချခြင်းတို့ကြောင့် အလုပ်သမားအများစုမှာ အလုပ်လက်မဲ့ ပြဿနာနှင့် ကြုံတွေ့နေရသည်။ ထို့အပြင် အချို့သော အလုပ်ရှင်များသည် နိုင်ငံရေး အခြေအနေကြောင့် ဥပဒေအရ အလုပ်သမားအခွင့်အရေး ကာကွယ်ပေးမှု မပေးနိုင်သည်ကို အခွင့်ကောင်းယူလျက် အလုပ်သမားများ အပေါ် ဖိနှိပ်ခြင်း၊ အခွင့်အရေးချိုးဖောက်ခြင်းများ ပြုလုပ်နေသည်ကို သိရှိရပါသည်။ ၄။ အလုပ်သမားများအပေါ် အလုပ်ရှင်အများစု ကျူးလွန်နေသော ဖိနှိပ်မှုနှင့် အခွင့်အရေးချိုးဖောက်မှု အများစုမှာ- • နွေဦးတော်လှန်ရေးတွင်ပါဝင်သော အလုပ်သမားများအား ဖိအားပေးပြီး အလုပ်မှထွက်စေခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးခြင်း၊ • အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား ဖမ်းဆီးစေခြင်း၊ • ညှိနှိုင်းစာချုပ်ပါ အချက်အလက်များအား ချိုးဖောက်ခြင်း၊ • ယခင် ရရှိထားသော လုပ်ငန်းခွင် ကျန်းမာရေး၊ သက်သာချောင်ချိရေး ခံစားခွင့်များ ရုတ်သိမ်းခံရခြင်း၊ • လူမှုဖူလုံရေးခံစားခွင့်များ ရရှိရန် ဟန့်တားခံရခြင်း၊ • ယခင်စီစဥ်ဆောင်ရွက်ထားသော ကိုဗစ်-19 ကာကွယ်တားဆီးရေးအစီအမံများအား ဆက်လက် စီစဥ်ထားရှိမှု မရှိတော့ခြင်း၊ • အချိန်ပို အလုပ်ခိုင်းစေမှုများအား အလုပ်သမားများ၏ သဘောတူညီမှုမယူဘဲ အဓမ္မခိုင်းစေခြင်း၊ • အချိန်ပို လုပ်အားခများအား ဥပဒေနှင့်အညီ မရရှိခြင်း၊ • အလုပ်သမားသမဂ္ဂများ၏ စည်းရုံး၊ လှုပ်ရှားခွင့်များ ကန့်သတ်ချိုးဖောက်ခံရခြင်း၊ • အလုပ်ပိတ်ပြီးမှ ပြန်လည်ဖွင့်လှစ်ကာ မူလအလုပ်သမားများအား လုပ်သားသစ်အဖြစ် ပြန်လည် ခန့်အပ်သည့်အတွက် လုပ်သက်ကြေး၊ ကျွမ်းကျင်ကြေးများ ဖြတ်တောက်ခံရခြင်း၊ • ဥပဒေပါ နစ်နာကြေး၊ လျော်ကြေး မပေးဘဲ အလုပ်ထုတ်ခြင်း၊ အလုပ်ပိတ်ခြင်း၊ စသည်တို့ဖြစ်ပြီး အလုပ်သမားများမှာ လုပ်ငန်းခွင်အတွင်းရော ပြင်ပတွင်ပါ လုံခြုံမှုမရှိသော အခြေအနေများနှင့် ရင်ဆိုင်နေရပါသည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများက အလုပ်သမားများ လစာထုတ်သည့် အချိန်တွင် ဖယ်ရီကားများအား တားဆီးလျက် ငွေကြေးတောင်းခံခြင်းများလည်း ရှိနေကြောင်းသိရှိရပါသည်။ ၅။ ထိုသို့ အလုပ်သမားအခွင့်အ‌ရေးသာမက အခြေခံလူ့အခွင့်အရေးကိုပါ ချိုးဖောက်ခံနေရသော အလုပ်သမားများ၏ အတိဒုက္ခကို ကာကွယ်၊ စောင့်ရှောက်၊ ကူညီဖြေရှင်းနိုင်မည့် နည်းလမ်းမျိုးစုံကို မိမိတို့ အလုပ်သမားဝန်ကြီးဌာနသည် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ဦးဆောင်မှုအောက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ ၆။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသော သက်ရှိအရင်းအမြစ်များဖြစ်သည့် အလုပ်သမားများ တစ်နည်းအားဖြင့် နွေဦးတော်လှန်ရေး၏ ဦးဆောင်မှုအခန်းကဏ္ဍတွင်ပါဝင်ခဲ့ပြီး ယခုအချိန်အထိ တိုက်ပွဲဝင်နေဆဲဖြစ်သော မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပအလုပ်သမားထုအား မိမိတို့၏အကျိုးစီပွားအတွက် အရေးကြီးသော မိတ်ဖက်များဖြစ်သည်ကို မထောက်ထားဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်း၍ နည်းလမ်း မျိုးစုံဖြင့် ဖိနှိပ်မှုလုပ်နေသော လုပ်ငန်းရှင်များ၊ ၎င်းတို့၏ကိုယ်စားလှယ်များနှင့် စစ်ကောင်စီ၏လက်ကိုင်တုတ် ဝန်ထမ်းဆိုးများအနေဖြင့် ၎င်းတို့၏လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်နှင့် ကျူးလွန်ဆဲနှင့် ကျူးလွန်ပြီး ဖိနှိပ်မှုများ အတွက် လက်တလောကာလတွင်လည်း ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် အရေးယူမည်ဖြစ်ပြီး မှတ်တမ်းများထားရှိကာ နောင်တချိန်တွင် ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။ ပုံ နိုင်သုဝဏ္ဏ ပြည်ထောင်စုဝန်ကြီး အလုပ်သမားဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

ရင်းမြစ်: 

Ministry of Labour - National Unity Government of Myanmar

Date of Publication: 

2021-11-01

Date of entry: 

2021-11-26

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

316.81 KB

Resource Type: 

text

Text quality: 

    • Good