ပြည်ထောင်စုမြန်မာနိုင်ငံတော် ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြည်သူလူထုများသို့ ပြောကြားသည့် မိန့်ခွန်း

Sub-title: 

Acting President of the National Unity Government of Myanmar, Duwa Lashi La's Emergency Speech to the Public on Current Military Crisis

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုမြန်မာနိုင်ငံတော် ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြည်သူလူထုများသို့ အရေးပေါ်ပြောကြားသည့် မိန့်ခွန်း ရက်စွဲ - ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုအပေါင်းတို့ ခင်ဗျား လွန်ခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူလူထု တင်မြောက်ထားသည့် ဒီမိုကရေစီအစိုးရကို အာဏာသိမ်းပြီး အာဏာရှင် စစ်ကောင်စီကို ထူထောင်ခဲ့ပါသည်။ ထိုသို့ အကြမ်းဖက်စစ်အုပ်စုမှ အာဏာလုယူပြီးနောက်ပိုင်း ပြည်သူပြည်သားများအနေဖြင့် တစ်ရက်မှ ပျော်ရွင်မှုမရရှိခဲ့ပါ။ ပြည်သူလူထု၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကို ရက်စက်ယုတ်မာစွာ ပစ်ခတ်သတ်ဖြတ် ရိုက်နှက်ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပုဒ်မ- အမျိုးမျိုးတပ်၍ ထောင်တွင်းအကျဉ်းချထားခြင်း အဆက်မပြတ်လုပ်ဆောင် နေသည်မှာ ၈ လ သို့ပင် ရောက်ရှိနေပြီ ဖြစ်ပါသည်။ ယခုအခါ အကြမ်းဖက်စစ်ကောင်စီတပ်များသည် လူနေရပ်ကွက်များ၊ ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်း များစသည်တို့တွင် တပ်စွဲလျက် ပြည်သူလူထုအား အနီးကပ်ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူပိုင်ဥစ္စာပစ္စည်း များအား ဓါးပြတိုက် လုယက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း စသည့် လူမဆန်သော စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန် လျက်ရှိသည်မှာ တစ်ကမ္ဘာလုံး အသိပင် ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် ဓမ္မတရားနည်းလမ်းနှင့်အညီ သည်းခံခဲ့သော်လည်း အကျိုးထူးလာဖွယ်မရှိသည်အတွက် အကြမ်းဖက် စစ်ကောင်စီအား နည်းလမ်းစုံဖြင့် ခုခံဆန့်ကျင်လျက်ရှိသည်ကို တွေ့ရပါသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တာဝန်ရှိသည့်အလျောက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် အကြောင်းပေါ်ပေါက်လာသည့် အတွက် အောက်ပါအတိုင်း ထုတ်ပြန် ကြေညာလိုက်သည်။ (၁) ဒီနေ့ စက်တင်ဘာလ (၇) ရက်၊ တော်သလင်း လဆန်း ( ၂ ) ရက်မှစ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူတို့၏ ခုခံတွန်းလှန်စစ်သည် စတင်နေပြီ ဖြစ်သည်။ ဤတော်လှန်ရေးသည် ပြည်သူလူထု၏ တော်လှန်ရေး ဖြစ်သည့်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူပြည်သားများအားလုံး မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်ချုပ် ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှည်းနေလှေအောင်း မြင်းစောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြပါ။ (၂) ပြည်သူ့ကာကွယ်ရေးတပ်များအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်အာဏာရှင် နှင့် ၄င်းတို့၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ကြပါ။ (၃) စစ်ကောင်စီခန့် အဆင့်ဆင့်သော အုပ်ချုပ်ရေးမှုးများအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာကြပါ။ (၄) PDF များ အနေဖြင့် ပြည်သူတို့၏ အသက်အိုးအိမ်ကို သတိထားကာကွယ်စောင့်ရှောက်ပါ၊ အထက်မှ ညွန်ကြားချက်များကို တိတိကျကျ လိုက်နာပါ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသော စစ်ဖက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များကို တသဝေမသိမ်းလိုက်နာကြပါ။ (၅) ပြည်သူ့လုံခြုံရေးတပ်များအနေဖြင့်လည်း မိမိတို့ဒေသရပ်ရွာမြို့ပြများရှိ ပြည်သူတို့၏ အသက် အိုးအိမ်ကို လုံခြုံစိတ်ချအောင် စီမံချက်ချ ကာကွယ်စောင့်ရှောက်ကြပါ။ (၆) ပြည်သူများအနေဖြင့် ယနေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြဘဲ တစ်ဦးချင်း၏ လုံခြုံမှုကို အထူးဂရုစိုက်ကြပါ။ လိုအပ်မည့် ရိက္ခာ၊ ဆေးဝါး စသည်တို့ကို စုဆောင်းထားကြပါ။ ပြည်သူ့ ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်များကိုလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ကြပါ။ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုသတင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ အချိန်မီပေးပို့ကြ ပါ။ (၇) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးကလည်း မင်းအောင်လှိုင် နှင့် အကြမ်းဖက် စစ်အုပ်စုကို နည်းမျိုးစုံဖြင့် ချက်ချင်းတိုက်ခိုက်သွားကြပါ။ မိမိတို့၏ နယ်မြေများကို အပြည့်အဝ ထိန်းချုပ်ထားကြပါ။ (၈) စစ်အာဏာရှင်အုပ်စိုးမှုနှင့် စစ်အုပ်ချုပ်ရေးယန္တရားကို ပြည်သူ့အားဖြင့် တွန်းလှန်ဖျက်သိမ်း ကြပါ။ တဆက်တည်းမှာ ပြည်သူ့အုပ်ချုပ်ရေးသို့ ပြောင်းလဲနိုင်ရန်အတွက် ပြည်သူလူထုနှင့် အနီးကပ်ညှိနှိုင်း ဆောင်ရွက်စီမံကြပါ။ (၉) အကြမ်းဖက်စစ်အုပ်စု၏ လှည့်ဖျားမှုတွင် နားယောင်ခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) များ နှင့် ပြည်သူ့စစ်အားလုံး ယနေ့မှ စ၍ ပြည်သူများနှင့် ပူးပေါင်း၍ ပြည်သူ့ရန်သူများကို စတင်ရင်ဆိုင် တိုက်ခိုက်ကြပါ။ (၁၀) ယခုတော်လှန်ရေးသည် တရားနည်းလမ်းကျသော တရားမျှတသော တော်လှန်ရေးဖြစ်သည်။ ရေရှည်ငြိမ်းချမ်းသော နိုင်ငံတော်တည်ဆောက်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် မရှိမဖြစ်လိုအပ်သည့် တော်လှန်ရေး ဖြစ်သည်။ (၁၁) မိမိတို့ နိုင်ငံတော်၏ ပကတိအခြေအနေလိုအပ်ချက်အလျောက် လုပ်ဆောင်သည်ဖြစ်၍ အိမ်နီးချင်းနိုင်ငံများ၊ ASEAN နိုင်ငံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း နားလည် ပေးကြလိမ့်မည်ဟု ယုံကြည်ပါသည်။ (၁၂) ပြည်သူ့တော်လှန်ရေး စတင်ပြီဖြစ်၍ မင်းအောင်လှိုင်၏ လိမ်လည်လှည့်ဖျားဖိနှိပ်မှုအောက်တွင် တာ၀န်ထမ်းဆောင်နေကြ သော တပ်မတော်သားများ၊ ပြည်သူ့ရဲများ၊ ၀န်ထမ်းများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် ချက်ချင်းဆက်သွယ် ပူးပေါင်းပါ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထဲရေး၀န်ကြီးဌာနများသို့ အမြန်ဆုံး သတင်းပို့ကြ ပါ။ (၁၃) ယနေ့မှစ၍ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းအားလုံး ရုံးတက်ခြင်းမပြုကြရန် သတိပေး တားမြစ်လိုက်သည်။ (၁၄) ယခုအရေးတော်ပုံတွင် အသက်၊ အိုးအိမ်၊ စွန်လွတ်အနစ်နာခံသူများကို နိုင်ငံတော်၏ သူရဲကောင်းများအဖြစ် အစဉ်အမြဲ အသိအမှတ်ပြုနေမည် ဖြစ်ပါသည်။ ပြည်သူ့အုံကြွမှုကို ကျေးလက်၊ မြို့ပြနှင့် နိုင်ငံတဝှမ်းလုံးတွင် တပြိုင်တည်းလုပ်ဆောင်ကြရမည်။ ပြည်သူလူထု၏ စည်းလုံး ညီညွတ်မှု၊ တီထွင်ဆန်းသစ်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ စိတ်ဓာတ် ပြင်းထန် ကြံ့ခိုင်မှုပေါ် မူတည်၍ တော်လှန်ရေးကာလ တိုတောင်း မည်ဖြစ်ပါသည်။ အာဏာသိမ်းအကြမ်းဖက် မင်းအောင်လှိုင်နှင့် အာဏာရှင်စနစ်ကို မြန်မာနိုင်ငံမှ အပြီးတိုင် ဖြုတ်ချကာ တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူများအားလုံး စောင့်မျှော်ခဲ့သည့် တန်းတူအခွင့်အရေးကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ကာ ပြည်ထောင်စုမြန်မာနှိုင်ငံသည်လည်း ကမ္ဘာ့အလည်တွင် တဖန် ဂုဏ်သိက္ခာထွန်းတောက်လာမည်ဖြစ်ပါသည်။ အရေးတော်ပုံ မုချအောင်ရမည်!! ဒူဝါလရှီးလ ယာယီသမ္မတ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုမြန်မာနိုင်ငံတော်..."

ရင်းမြစ်: 

National Unity Government of Myanmar and Acting President Duwa Lashi La

Date of Publication: 

2021-09-07

Date of entry: 

2021-09-07

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

1019.48 KB

Resource Type: 

text

Text quality: 

    • Good