ဖော်ပြချက်/အကြောင်းအရာ:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
အမျိုးသားညီညွတ်ရေးအစိုးရ
၈ ဩဂုတ်လ ၂၀၂၁ ခုနှစ်
“(၃၃) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ”
ယနေ့သည်အာဏာရှင်စနစ်ကိုအလိုမရှိသဖြင့် “ဒီမိုကရေစီရရှိရေးဒို့အရေး” ဟူသောကြွေးကြော်သံများဖြင့် ရဟန်း သံဃာများနှင့် ဘာသာရေးခေါင်းဆောင်များ၊ ကျောင်းသားလူငယ်များ၊ တတ်သိပညာရှင်များ၊ အလုပ်သမားများ၊ လယ်သမားများနှင့် နိုင်ငံ အဝန်းမှာရှိသော တိုင်းရင်းသားလူမျိုးစုများအားလုံးပါဝင်ခဲ့သော ၈ လေးလုံး လူထုအရေးတော်ပုံကြီး၏ (၃၃) နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါသည်။ ၈ လေးလုံးလူထုအရေးတော်ပုံကြီးသည် အသက်ပေါင်းများစွာ စတေးခဲ့ရပြီး စစ်အာဏာရှင်များ၏ ပစ်ခတ်သတ်ဖြတ်ညှင်းပမ်းနှိပ်စက်ဖမ်းဆီးထောင်ချမှုများကို အံတုကာ ဒီမိုကရေစီရေးအတွက် လူထုတရပ်လုံး ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့ကြသည့် မြန်မာ့ဒီမိုကရေစီသမိုင်းဖြစ်စဉ်၏ ကြီးမြတ်သော သမိုင်းစာမျက်နှာ တစ်ခုလည်းဖြစ်ပေသည်။
ဤအရေးတော်ပုံကြီးသည် လူထုမျှော်မှန်းခဲ့သောအောင်မြင်မှုပန်းတိုင်အထိ ပြီးဆုံးအောင်မရောက်ခဲ့သော် လည်းမြန်မာနိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ခြေကုတ်မြဲစေနိုင်ခဲ့သော အရေးတော်ပုံကြီး လည်းဖြစ်ပါသည်။ မြန်မာပြည်သူလူထုသည် တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် စသည့်အာဏာရှင်စနစ်များကို ခေတ် အဆက်ဆက် တစိုက်မတ်မတ် ဆန့်ကျင်လာခဲ့ကြရာ ၁၉၆၂ ဆဲဗင်းဇူလိုင်တိုက်ပွဲ၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ ၁၉၇၅ အလုပ်သမားနှစ်ပတ်လည်အရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့် တိုက်ပွဲ၊ ၁၉၈၈ (၈၈၈၈)အရေးတော်ပုံ၊ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊၂၀၀၇ရွှေဝါရောင်တော်လှန်ရေးစသဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေးများ အဆင့်ဆင့်ဆင်နွှဲ၍အာဏာရှင်ကိုမည် သို့မှလက်မခံ နိုင်ကြောင်း ပြသခဲ့ကြပါသည်။
တိုင်းရင်းသားအားလုံးတန်းတူညီမျှမှုရရှိနိုင်ရေးနှင့် ဒီမိုကရေစီအခွင့်အရေးများရရှိနိုင်ရေးအတွက်အာဏာရှင်များကို နည်းလမ်းမျိုးစုံဖြင့်ဆန့်ကျင်တော်လှန်ခဲ့ကြသော မြန်မာပြည်သူလူထုသည် ၈လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး ပြီးနောက်၃၃နှစ်အကြာ ယခုအချိန်တွင်လည်း မြန်မာနိုင်ငံ၌အမြစ်တွယ်နေသော စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ် ချေမှုန်းမည့်နွေဦးတော်လှန်ရေး ကိုဆင်နွှဲလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင်၁၉၅၈မှစတင်ခဲ့သော စစ်အာဏာရှင်၊တစ်ပါတီအာဏာရှင်စသည့် အာဏာရှင်များသည်ခေတ်အဆက် ဆက် မြန်မာပြည်သူလူထုအား ဖိစီးနှိပ်စက်သည့်အပြင် တိုင်းပြည်ကိုလည်း ကမ္ဘာ့အလည်၌ ဆင်းရဲနုံချာ သော တိုင်းပြည်တစ်ခုဖြစ်စေခဲ့ပါသည်။ ၂၀၁၅မှစတင်၍ အရပ်သားအစိုးရ၏ ဦးဆောင်မှုဖြင့် တိုင်းပြည်ကိုစစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်အောင် အားလုံးဝိုင်းဝန်း ကြိုးစားနေစဉ် ၂၀၂၁ ဖေဖေါ်ဝါရီလ၌ စစ်အာဏာရူး တစ်စု၏အဆင်ခြင်မဲ့ရူးမိုက်အတ္တကြီးစွာ အာဏာသိမ်းမှုကြောင့် လက်ရှိအချိန်တွင်မြန်မာ ပြည်သူပြည်သားများ အားလုံးသည် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ ၆ လာတာကာလအတွင်း စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများသည်ဖော်ပြ၍ မရနိုင်လောက်အောင်ဆိုးဝါးလွန်းလှသည်ကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီး ကပင် သိရှိပြီးဖြစ်ပါသည်။
ယခုအချိန်တွင် မြန်မာပြည်သူလူထုသည် (၈)လေးလုံးလူထုအရေးတော်ပုံကြီးက ထုဆစ်ပေးလိုက်သော ဒီမိုကရေစီအပေါ်ယုံကြည်မှုနှင့် အာဏာရှင်စနစ်ကိုအလိုမရှိမှုတို့နှင့်အတူ ဆိုးရွားလွန်းသောရာဇဝတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာအကြိမ်ကြိမ်ကျူးလွန်ခဲ့စစ်အာဏာရှင်စနစ် ကိုမြန်မာ့မြေပေါ်မှ အမြစ်ဖြတ်ချေမှုန်းမည်ဟူသော စိတ်ပိုင်းဖြတ်မှုဖြင့် သမိုင်းတလျောက်အကြီးကျယ်ဆုံးသော စစ်အာဏာရှင်ဆန့်ကျင်ရေးစစ်ပွဲကို ဆင်နွှဲနေကြသည်။
၁၉၈၈ ခုနှစ်က မွေးဖွားပေးလိုက်သော ခိုင်မာသည့်စိတ်ဓါတ်များကိုအရင်းတည်၍ ယခု ၂၀၂၁ နွေဦးတော်လှန် ရေးကို နိုင်ကိုနိုင်မှဖြစ်မည်ဟူသော တူညီသည့်သဘောထားများဖြင့် အားကုန်ရုန်းကန်ချီတက်နေသော မြန်မာပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီအားလည်းကောင်း၊ ပြည်ပနိုင်ငံရောက် ဒီမိုကရေစီကို ချစ်မြတ်နိုးသော မြန်မာပြည်သူများ အားလည်းကောင်း၊ ဒီမိုကရေစီကိုထောက်ခံ အားပေးကြသော နိုင်ငံအသီးသီးမှမိတ်ဆွေများအားလည်းကောင်း လေးစားဦးညွတ်ဂုဏ်ပြုလျက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း ဤတော်လှန်ရေးတွင် ပြည်သူများနှင့် အတူ နေ့ညမပြတ်ကြိုးစားအားထုတ်ရင်း စစ်အာဏာရှင်များကို အမြစ်ပြတ်တိုက်ထုတ်သွားမည်ဟု ၈လေးလုံး အရေးတော်ပုံကြီးနှင့် အာဏာရှင်တော်လှန်ရေး အရေးတော်ပုံအဆက်ဆက်တို့တွင် အသက်သွေးချွေး ရင်းနှီးပေးဆပ် ခဲ့ကြသော အာဇာနည်သူရဲကောင်းများအားလုံးကိုတိုင်တည်လျက် ကတိသစ္စာပြုပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2021-08-08
Date of entry:
2021-08-08
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
475.08 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (English + Burmese versions)
