ဖော်ပြချက်/အကြောင်းအရာ:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
www.nugmyanmar.org
သတင်းထုတ်ပြန်ချက် (၅/၂၀၂၁)
၁၇ ဇွန် ၂၀၂၁ခုနှစ်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် ကြေညာချက်အမှတ် (၅/၂၀၂၁)၁ ကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံဒေသအနှံ့အပြားမှ စေတနာရှင်များက စစ်ဘေးရှောင်ပြည်သူများအတွက် ပြည်သူမှ ပြည်သူသို့ ပေးပို့လှူဒါန်းထားသော စားနပ်ရိက္ခာ ဆန်အိတ် ၈၀ ခန့်အပါအဝင် ဆေးဝါးပစ္စည်းများနှင့် ကယ်ဆယ်ရေးထောက်ပံ့ရေးဆောင်ရွက်ရာတွင် အသုံးပြုနေသည့် လူနာတင်ကားတစ်စီးကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စစ်ဘေး ရှောင်ပြည်သူများနှင့် အတိဒုက္ခရောက်နေကြသည့် ဘေးသင့်ပြည်သူများအား နည်းအမျိုးမျိုးဖြင့် ကူညီထောက်ပံ့ပေးနေသော လူမှုအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ကိုလည်း စစ်ကောင်စီတပ်များက အကြောင်းမဲ့ ဖမ်းဆီးအရေးယူခြင်း၊ အကြမ်းဖက်ခြင်း၊ ကူညီကယ်ဆယ်ရေးပစ္စည်း များကို လုယက်ဖျက်ဆီးခြင်းနှင့် ထောက်ပံ့ရေးလမ်းကြောင်းများကို ပိတ်ဆို့တားဆီးခြင်းတို့ကို အစဉ်တစိုက် ပြုလုပ်လျက်ရှိကြောင်း၊ စစ်ကောင်စီတပ်များ၏ ယင်းကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များသည် မြန်မာနိုင်ငံက လက်မှတ် ရေးထိုးထားသော The Fourth Geneva Convention Relative to the Protection of Civilian Persons in Time of War of 12 August 1949 ၏ Article 3 ကို တိုက်ရိုက်ချိုးဖောက်ကျူးလွန်နေခြင်းဖြစ်သည်။ ထို့အပြင် မြန်မာ့ကာကွယ်ရေး အက်ဥပဒေ ၁၉၅၉ ပါ ပြဋ္ဌာန်းချက်များကိုလည်း ချိုးဖောက်ရာရောက်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၂၁ခုနှစ်၊ မေ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အဦများကို အကာအကွယ်ပေးရန်နှင့် ဘေးကင်းပြီး တားဆီးပိတ်ဆို့မှု မရှိသည့် လူသားချင်းစာနာမှုအကူအညီများကို သွားလာခွင့်ပေးရန်ဆိုသည့် တိုက်တွန်းချက်ကိုလည်း လုံးဝ လျစ်လျူရှု၍ ကျူးလွန်ဖောက်ဖျက်နေခြင်းဖြစ်ကြောင်း နှင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ကောင်စီ၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် လူသားချင်းစာနာမှုအကူအညီများကို ပိတ်ဆို့ဖျက်ဆီးခြင်း၊ လူသားချင်းစာနာမှု ကိုပြသရန် ရည်ရွယ်ချက်ဖြင့် အကူအညီပေးအပ်ရန် ကြိုးပမ်းဆောင်ရွက်နေသူများကို ဖမ်းဆီးနှောင့်ယှက်ခြင်း အစရှိသည့် ဖောက်ဖျက်ကျုးလွန်မှုများကို ပြင်းထန်စွာရှုတ်ချလိုက်ပြီး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်ကောင်စီ၏ အဆိုပါလူမဆန်သည့်လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန် အတွက် ဆက်လက်ဖိအားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှုများပါဝင်သည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ရေးဆွဲတင်သွင်းသော ''ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ''၂ အား ၂၀၂၁ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထုတ်ပြန်ခဲ့သည်။
၃။ ဗြိတိန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၄၇ ကြိမ်မြောက် G7 ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အရေးကိစ္စနှင့်ပတ်သက်ပြီး အလေးထားဆွေးနွေးကာ အစည်းအဝေးအပြီး ထုတ်ပြန်သော ကြေညာချက်တွင် စစ်တပ်၏အာဏာသိမ်းမှုကို ရှုံချပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိပြန်လွှတ်ရန် ထည့်သွင်းတောင်းဆို ထားခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျေးဇူးတင်ကြိုဆိုပြီး ပိုမိုထိရောက်သော နည်းလမ်းများ ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါသည်။
၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် ကြေညာချက်အမှတ် (၆/၂၀၂၁)၃ ကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး နိုင်ငံတော်ခေါင်းဆောင်များ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံးကို ဥပဒေနှင့်ညီညွတ်ခြင်းမရှိပဲ အကြောင်း အမျိုးမျိုးဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း၊ မတရားသော ဥပဒေပုဒ်မများဖြင့် အမှုဆင်အရေးယူခြင်း၊ တရားမျှတမှုမဲ့စွာ စီရင်ဆုံးဖြတ်ပြီး ထောင်သွင်းအကျဉ်းချခြင်းများကို ဆိုးရွားစွာ ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ အဆိုပါလုပ်ဆောင်ချက်များသည် လူ့အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးများ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းသာမက ရာဇဝတ်ပြစ်ဒဏ်ထိုက်သော ပြစ်မှုကြီးများကို စနစ်တကျ ဂိုဏ်းဖွဲ့၍ ကျူးလွန်နေခြင်းလည်း ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုက အာဏာအပ်နှင်းထားသော ပြည်သူ့အစိုးရထံမှ နိုင်ငံတော်၏အာဏာကို လက်နက်အားကိုးဖြင့် သိမ်းယူထားခြင်းဖြစ်၍ အကြမ်းဖက်စစ်ကောင်စီမှာ တရားဝင်အစိုးရမဟုတ် သကဲ့သို့ ၎င်းတို့က ဖွဲ့စည်းထားသော တရားရုံးများသည်လည်း တရားဝင်တရားရုံးများ မဟုတ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များကို မတရားဖမ်းဆီးပြီး မတရားသော ဥပဒေများဖြင့် စွဲဆိုရုံးထုတ်နေသည့် လုပ်ရပ်သည်လည်း ဥပဒေကို အလွဲသုံးစား လုပ်သည်သာမက နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကျဆင်းထိခိုက်စေပြီး ကမ္ဘာ့အလယ်တွင် ရှက်ဖွယ်ဖြစ်စေသည့် လုပ်ရပ်ဖြစ်ကြောင်း အတိအလင်းထုတ်ပြန် ကြေညာကြောင်းတို့ပါရှိပါသည်။
၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရသည် ကြေညာချက်အမှတ် (၇/၂၀၂၁)၄ ကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက်တွင် ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ညတွင် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် အကြမ်းဖက် ရဲတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး၊ ရွာလုံးကျွတ် မီးရှို့ခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြင်းထန်ဆုံး ရှုတ်ချကြောင်း၊ အကြမ်းဖက်စစ်တပ်က ကျူးလွန်သည့် ရာဇဝတ်မှုများကို ဒေသခံအဆင့်၊ နိုင်ငံတော်အဆင့် နှင့် နိုင်ငံတကာအဆင့်များရှိ သက်ဆိုင်သူများအားလုံးအနေဖြင့် ဆက်လက်မှတ်တမ်းတင်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းကြောင်း၊ အကြမ်းဖက်စစ်တပ်အား အပြစ်ပေးအရေးယူနိုင်ရန်အတွက် ၎င်းကျူးလွန်သည့် ရာဇဝတ်မှုများ နှင့် စပ်လျဉ်းသည့် သက်သေများကို စုဆောင်းထားရှိခြင်းသည် အခြေခံကျကျ အရေးပါလျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ပွဲဝင်လျက်ရှိသည့် တော်လှန်ရေး ရဲဘော်များအားလုံးနှင့် အတူတကွလက်တွဲကာ ၂၀၂၁ ခုနှစ် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ပါ ရည်မှန်းချက်များ အောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး၊ အကြမ်းဖက်စစ်ကောင်စီကို အောင်နိုင်၍ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်တွင် တည်ငြိမ်ပြီး လူ့ဂုဏ်သိက္ခာကို အပြည့်အဝ အကာအကွယ်ပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုကြောင်းတို့ပါဝင်ပါသည်။
၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တို့၏ အင်တာနက်စာမျက်နှာ (Website) များဖြစ်သော https://mohadm.nugmyanmar.org နှင့် https://mowyca.nugmyanmar.org တို့ကို ၂၀၂၁ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် စတင်၍ ထုတ်လွှင့်လိုက်သည်။ ၅
၇။ ယခုအခါ ကိုဗစ်ရောဂါသည် မြန်မာနိုင်ငံတွင် အလွန်စိုးရိမ်ဖွယ် အနေအထား ဖြစ်နေ ပါသည်။ ပြည်သူများ အထူးဂရုပြု ကာကွယ်ရမည့် အခြေအနေဖြစ်ပါသည်။ စစ်ကောင်စီသည် ကိုဗစ်ကို ထိရောက်စွာ ကာကွယ်ကုသပေးနိုင်ရန် ငွေအား၊ လူအား၊ အတတ်ပညာအား၊ စေတနာအား၊ ပြည်သူ့အား မရှိ၍ ဤကပ်ရောဂါဆိုးကို ပြည်သူ လူထုမှ ဦးဆောင်ပြီး ကာကွယ်ဟန့်တားရန်၊လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တစ်ဦးတစ်ယောက်မကျန် ကာကွယ်ဟန့်တားရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ တိုက်တွန်းပန်ကြားပါသည်။ ကာကွယ်ရန် နည်းလမ်းများနှင့် သံသယလူနာများ လိုက်နာရမည့် လမ်းညွှန်ချက်များကို ကျန်းမာရေးဝန်ကြီးဌာန လူမှုကွန်ယက်စာမျက်နှာ၆ နှင့် အင်တာနက်စာမျက်နှာ၇ တို့တွင် ဖတ်ရှုလမ်းညွှန်မှုရယူနိုင်ပါသည်။ COVID 19 ရောဂါ မည်သည့်မျိုးကွဲမဆို ကာကွယ်ရေး နည်းလမ်းများကို ကြတ်မတ်စွာလိုက်နာခြင်းအားဖြင့် ကာကွယ်ခြင်းဖြင့် ရောဂါကွင်းဆက်ဖြတ်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
၈။ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက လာမည့် ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်မည့် ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၄ရက်မှ ၁၉ရက်နေ့ထိ ပြုလုပ်မည့် ကမ်ပိန်းတွင် အားလုံးပါဝင်နိုင်ကြရေးကို တိုက်တွန်းနှိုးဆော်ထားသည်။
အသေးစိတ်သိရှိလိုပါက လေ့လာရန် လင့်ခ်များ
၁။ https://www.facebook.com/NUGmyanmar/posts/127859682768005
၂။ https://www.facebook.com/NUGmyanmar/posts/128550949365545
၃။ https://www.facebook.com/NUGmyanmar/posts/129758909244749
၄။ https://www.facebook.com/NUGmyanmar/posts/130267515860555
၅။ https://www.facebook.com/NUGmyanmar/posts/128314696055837
၆။ https://www.facebook.com/MoHNUGMyanmar
၇။ https://moh.nugmyanmar.org/..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2021-06-17
Date of entry:
2021-06-17
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
1.44 MB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (English + Burmese versions)
