The Republic of the Union of Myanmar: From Acting Vice-President Mann Win Khaing Than: Commemoration of the 76th Fascist Revolution Day - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်းထံမှ (၇၆) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်သူလူထုထံသို့ ပေးပို့သည့်သဝဏ်လွှာ ---------------------------------- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်းထံမှ (၇၆) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် (၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်) ==================== လေးစားရပါသော သွေးရင်းညီအစ်ကို မောင်နှမ နိုင်ငံသူ နိုင်ငံသားအပေါင်းတို့ခင်ဗျား မြန်မာနိုင်ငံသည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဖက်ဆစ်စနစ်ဆိုး၏ လက်အောက်တွင် ကျရောက်ခဲ့ ရပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် ဖက်ဆစ်တို့၏ နည်းမျိုးစုံဖြင့် ရက်ရက်စက်စက် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဥစ္စာပစ္စည်းများကို လုယူခြင်းစသည့် ဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရပါသည်။ လွန်ခဲ့သော (၇၆) နှစ်၊ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းရင်းသား လူထုလူတန်းစား အသီးသီးတို့သည် ဖက်ဆစ်စနစ်ဆိုးကို မြန်မာ့မြေပေါ် က ပျောက်ကွယ်သွားစေရေးအတွက် ဖက်ဆစ်တို့ကို ရရာလက်နက်စွဲကိုင်၍ ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့ကြပါသည်။ ဖဆပလအဖွဲ့ချုပ်ကြီး၏ ဦးဆောင်မှုအောက်တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ဗမာ့တပ်မတော်သည် ပြည်သူ့တပ်မတော်ဟူသည့် အမည်ကိုခံယူလျက် နိုင်ငံရေးအင်အားစုများ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ လူထုလူတန်းစားအသီးသီးနှင့်အတူ လက်တွဲကာ စည်းလုံးညီညွတ်စွာဖြင့် ဖက်ဆစ်စနစ်ဆိုးကို တွန်းလှန်တိုက်ထုတ်ခဲ့ကြသည်။ ယင်းသို့ ဖက်ဆစ်ကို တော်လှန်ရေးစတင်သော ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ်သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ဆင်နွှဲခဲ့ကြပါသည်။ ထိုအချိန်က ဖက်ဆစ်ဂျပန်ကို တွန်းလှန်တိုက်ထုတ်၍ ဖက်ဆစ်အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ခဲ့သော်လည်း နိုင်ငံတော်တွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အောင်မြင်စွာမတည် ဆောက်နိုင်သေးသဖြင့် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုကို နိုင်ငံတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်ခံစားခဲ့ရပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ ဖိစီးနှိပ်စက်ခဲ့သည့် စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်တိုက်ဖျက်၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီးကို ဖော်ဆောင်ရန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဝိုင်းဝန်း ကြိုးပမ်းမှုကြောင့် ဒီမိုကရေစီရောင်ခြည် သန်းခါစအချိန်သို့ ရောက်ရှိလာခဲ့ပါသည်။ သို့ရာတွင် အာဏာ လောဘရမ္မက်ကြီးသူ တစ်စုက တပ်မတော်နှင့် ရဲတပ်ဖွဲ့ကို ၎င်းတို့၏ လက်ကိုင်တုတ်သဖွယ်အသုံးပြု၍ ပြည်သူလူထု ရွေးကောက်တင် မြှောက်ထားသည့် ပြည်သူ့အစိုးရထံမှ နိုင်ငံတော်အာဏာကို မတရားသဖြင့် သိမ်းယူခဲ့မှုကြောင့် ယခုအချိန်တွင် မြန်မာနိုင်ငံသည် ဆိုးဝါးပြင်းထန်လှသည့် စစ်အာဏာ ရှင်တို့၏ ရက်ရက်စက်စက်အကြမ်းဖက် ဖိနှိပ်မှု အောက်သို့ တစ်ဖန်ပြန်လည်၍ ကျရောက်ခဲ့ရပြန်ပါသည်။ ယခုကဲ့သို့ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလျက် စစ်အာဏာရှင် စနစ်ကို ထာ၀ရ တည်တံ့သွားစေရန် လက်နက်အားကိုးဖြင့်ကြိုးပမ်းနေသည့် စစ်အာဏာရှင်လူတစ်စု၏ လုပ်ရပ်ကို မည်သို့မျှ လက်မခံ နိုင်ကြဘဲ ပြည်သူလူထုတစ်ရပ်လုံးသည် မိမိတို့ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်လျက် အာဏာရှင် နှင့် အာဏာရှင်လက်ပါးစေတို့ကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြသည်ကို အားတက် ဖွယ်ရာ တွေ့မြင်ကြားသိနေရပါသည်။ မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ် ကာလတာရှည်အမြစ်တွယ်နေနိုင်ခြင်း၏ အဓိက အကြောင်းရင်း တစ်ရပ်မှာ တပ်မတော်ကို စစ်အာဏာရှင်လူတစ်စု၏ လက်ကိုင်တုတ်သဖွယ် အသုံးချနေနိုင်ခြင်းဖြစ်ကြောင်း သုံးသပ်မိပါသည်။ သို့ဖြစ်ရာ တိုင်းရင်သားညီအစ်ကို မောင်နှမ များအတူလက်တွဲလျက် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကြီးကို အမြန်ဆုံး တည်ထောင်ဖွဲ့စည်းနိုင်ရန် အထူးလိုအပ်လျက်ရှိပါသည်။ ယခုအခါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် တိုင်းရင်းသားညီနောင် အစုအဖွဲ့အသီးသီးတို့သည် မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားစေရေးအတွက် စဉ်ဆက်မပြတ် ဆွေးနွေးညှိနှိုင်းလျက်ရှိကာ မကြာမီအချိန်အတွင်း ပြည်သူလူထု လိုလားတောင့်တ နေသည့် တိုင်းရင်းသားပေါင်းစုံပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ပေါ်ပေါက်လာတော့မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ သွေးချင်းညီအစ်ကိုမောင်နှမ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် စစ်အာဏာရှင် စနစ်ဆိုးကို အမြစ်ပြတ်ချေမှုန်းသည့် ဖက်ဆစ်အာဏာရှင်တော်လှန်ရေးတစ်ရပ်ကို မလျော့သော ဇွဲလုံ့လ ဝီရိယ တို့ဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရန် ယခုကဲ့သို့ တော်လှန်ရေးနေ့ နေ့ထူးနေ့မြတ် အခါသမယတွင် အလေးအနက် တိုက်တွန်းအပ်ပါသည်။ မိမိအနေဖြင့်လည်း တိုင်းရင်းသားညီနောင်များအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်သွား နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာသည်အထိ ပြည်သူလူထုနှင့် အတူလက်တွဲကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အလေးအနက် ကတိသစ္စာပြုလျက် သဝဏ်လွှာပေးပို့ အပ်ပါသည်။ မန်းဝင်းခိုင်သန်း ခေတ္တဒုတိယသမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်..."

Creator/author: 

Mann Win Khaing Than

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-03-27

Date of entry: 

2021-05-17

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

612.88 KB

Resource Type: 

text

Text quality: 

    • Good