National Unity Government Statement No.8/2022 - အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ် (၈/၂၀၂၂)

Description: 

"ဖခင်ဖြစ်သူအား ရှာဖွေမတွေ့ရှိသဖြင့် ၄ နှစ်အရွယ်သားဖြစ်သူကို မူကြိုကျောင်းမှနေ၍ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အရပ်ဝတ်များဝတ်ကာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်ရပ်တစ်ခု ဧပြီလ (၅) ရက်နေ့တွင် အလုံမြို့နယ်အတွင်း ဖြစ်ပွားခဲ့ပါသည်။ ကလေးငယ်အား ဖမ်းဆီးခေါ်ဆောင်သွားချိန်မှစ၍ ယခုအချိန်အထိ မည်သည့်နေရာတွင် ထားရှိသည်ကိုလဲ မသိရှိရသေးပါ။ ကလေးငယ်၏ မိခင်အားဖမ်းဆီးထားပြီး စစ်ကြောရေး လုပ်နေစဉ်ကာလအတွင်း ကလေးငယ်အား ထပ်မံဖမ်းဆီးခြင်းဖြစ်သောကြောင့် ကလေးငယ်နှင့် မိခင်တို့၏ အသက်အန္တရာယ်ပါ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ကြောင်းသိရှိရပါသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ ချောက်မြို့နယ်တွင် ကလေးသူငယ်(၂၀) ဦးအား ဖမ်းဆီးပြီး ခြိမ်းခြောက်မှုများပြုလုပ်ခြင်း၊ မတ်လ (၆) ရက်နေ့ ပေါက်မြို့နယ်တွင် (၄) နှစ်အရွယ် ကလေးငယ်အား လှံစွပ်ဖြင့်ထိုးသတ်ခြင်း အပါအဝင် အလိုရှိသူများအား ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် မိသားစုဝင်များဖြစ်သည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ကို ဓားစာခံအဖြစ်ဖမ်းဆီးသည့်လုပ်ရပ်များကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သူရဲဘောကြောင်စွာ လုပ်ဆောင်ခဲ့ကြပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပြုစုထားသော စာရင်းများအရ အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော (၁၈) နှစ်အောက် ကလေးသူငယ်ဦးရေမှာ ဧပြီလ (၄)ရက်နေ့ထိ (၁၃၂) ဦး၊ ဖမ်းဆီးခံထားရသူ ဦးရေမှာ ဧပြီလ (၁) ရက်နေ့အထိ (၂၁၆) ဦးရှိပြီဖြစ်သည်ဟု သိရပါသည်။ ဖမ်းဆီးခံထားရသူများထဲမှ (၂) ဦးမှာ သေဒဏ်ချမှတ် ခံထားရပြီး သေဒဏ်ချမှတ်ခံထားရသည့် ကလေး (၂)ဦးထဲတွင် အသက် (၁၅)နှစ်အောက် တစ်ဦးပါဝင်ပါသည်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် အပိုဒ် ၁၉ တွင်ပါဝင်သော “ကလေးများ ကောင်းမွန်စွာ စောင့်ရှောက်မှုခံရစေရန် နိုင်ငံအစိုးရများက စီစဉ်ဆောင်ရွက်ပေးရပါမည်။ ကလေးများအပေါ် အကြမ်းဖက်ခြင်း၊ လွဲမှားစွာပြုမူခြင်းနှင့် လျစ်လျူရှုခြင်းများကို မိဘများ သို့မဟုတ် ၄င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်သူ မည်သူမဆို မပြုလုပ်ရန်လည်း တားဆီးကာကွယ်ပေးရပါမည်” ဟူသည့်အချက်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ကလေးသူငယ်များအား အကာကွယ်ပေးရမည်ဟု ခံယူပါသည်။ သို့ဖြစ်ပါ၍ ကလေးသူငယ်များအား သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီး ထောင်ချခြင်း၊ ကလေးသူငယ်များကို ပြန်ပေးဆွဲကာ မိဘများကို လာရောက် အဖမ်းခံခိုင်းခြင်း စသည့် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချပြီး အဆိုပါ ဖြစ်ရပ်တိုင်းတွင် တစ်စုံတစ်ရာပါဝင်ပတ်သက်သူများအားလုံးအား စုံစမ်းစစ်ဆေးဖော်ထုတ်ကာ ထိုက်သင့်သော တရားစီရင်မှု ပြုလုပ်နိုင်ရေး အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်အပ်ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လဲ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အားလုံး၏ လုံခြုံရေး၊ အသက်ရှင်သန်နိုင်ရေး တို့ကိုငဲ့ကွက်၍ အကြမ်းဖက်စစ်ကောင်စီအပေါ် ထိရောက်ပြင်းထန်သော အရေးယူ ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2022-04-08

Date of entry: 

2022-04-08

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

389.03 KB

Resource Type: 

text

Text quality: 

    • Good