အမျိုးသားညီညွတ်ရေးအစိုးရ ကြေညာချက်အမှတ်(၇/၂၀၂၂)

Description: 

"၁။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများအကြား စစ်ဘက်ကွပ်ကွဲမှု တည်ဆောက်ရေးနှင့် ပြည်သူ့ခုခံစစ်ပွဲ ဆင်နွဲနေစဉ်ကာလအတွင်း စစ်ဘက် စည်းမျဉ်း၊ စည်းကမ်းများနှင့် ကျင့်ဝတ်များလိုက်နာပြီး ပြည်သူတို့၏ ဘဝလုံခြုံမှုနှင့် တရားမျှတမှုတို့အတွက် တော်လှန် တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖြစ်လာစေရေး အားသွန်ခွန်စိုက် တည်ဆောက်လျက်ရှိသည်။ ၂။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား အရပ်ဘက်ပစ်မှတ်များနှင့် အရပ်သားပြည်သူများ ထိခိုက်နစ်နာစေမည့် တိုက်ခိုက်မှုများကို ရှောင်ရှားကြရန်နှင့် အကျဉ်းသားများ၊ သံသယရှိသူများကို စစ်ဘက် စည်းမျဉ်း၊ စည်းကမ်းများ၊ အရပ်ဘက်ဥပဒေများနှင့်အညီ စစ်မေးထိန်းသိမ်းကြရန် ပညာပေးခြင်း၊ ညွှန်ကြားချက်များ ထုတ်ပြန် လိုက်နာစေခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၃။ (၂၆.၁၁.၂၀၂၁) ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်သံမဏိ ဦးဆောင်သော ယင်းမာပင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် အချို့က ကိုထိုက်မောင်အပါအဝင် လာပို့ကျေးရွာသား (၆) ဦးနှင့် အခြား (၄) ဦးအား မှားယွင်းစီရင်ခဲ့သော မှုခင်းတစ်ရပ်ပေါ်ပေါက်ခဲ့ပြီး ယင်းကိစ္စအတွက် လူပျောက်မှုအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနထံ တိုင်ကြားမှုကို လက်ခံရရှိခဲ့ပါသည်။ ၄။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယင်းမာပင် လူပျောက်တိုင်ကြားမှုအတွက် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့ တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပြီး ကနဦးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် တစ်ရပ်အား တရားရေးဝန်ကြီးဌာနမှ ဥပဒေပညာရှင်များဖြင့်ပေါင်းစပ်၍ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် အထက်ဖော်ပြပါ ယင်းမာပင်အမှုအပါအဝင် ဆက်စပ်အမှုများ၊ စစ်ရေးပြစ်မှုများအား ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲများစွာကြားမှ ကြိုးပမ်း၍ စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများ၊ ကျူးလွန်သူများအား အရေးယူနိုင်စေရန်နှင့် နစ်နာသူများအား တရားမျှတမှု ခံစားရရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ၅။ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် ပျောက်ဆုံးနေ သူများနှင့် ပတ်သက်၍ ယင်းမာပင်ပြည့်သူကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်သံမဏိ၊ နစ်နာသူမိသားစုဝင် (၁၁)ဦးနှင့် အခြားသက်သေ (၈) ဦးကို စုံစမ်းစစ်ဆေးခဲ့ပြီး ကြားဖြတ်အစီရင်ခံစာနှင့် သုံးသပ်တွေ့ရှိချက်များအား အမျိုးသားညီညွတ်ရေးအစိုးရသို့ (၁၇.၃.၂၀၂၂) ရက်နေ့တွင် အစီရင်ခံတင်ပြခဲ့သည်။ ကျန်ရှိနေသေးသော သံသယရှိသူများ နှင့် သက်သေများကိုလည်း စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ ၆။ ကြားဖြတ်အစီရင်ခံစာနှင့် သုံးသပ်တွေ့ရှိချက်များအရ (က) လာဘို့ရွာမှ ကိုထိုက်မောင်အပါအဝင် ကျေးရွာသား (၆) ဦးကို မှားယွင်းစွပ်စွဲ သတ်ဖြတ်ခဲ့ပြီး အဆိုပါ (၆) ဦးမှာ Hero Tiger PDF အဖွဲ့ဝင်များ ဖြစ်သည်ဟု သိရှိရသည်။ (ခ) အဆိုပါ ကျေးရွာသား (၆) ဦးအပြင် မီးသတ်ရဲဘော် (၂) ဦး၊ ကားမောင်းသူ (၁) ဦးနှင့် ခြေထောက်ဒဏ်ရာရနေသော မီးသတ်ရဲဘော်အား ကူညီရန် လိုက်ပါလာသည့် လူငယ်တစ်ဦး တို့လည်း သတ်ဖြတ်ခံခဲ့ရသည်ဟု စစ်ဆေးတွေ့ရှိရသည်။ (ဂ) ဤသတ်ဖြတ်မှုကို ယင်းမာပင်ဒေသ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်သံမဏိ၏ လက်အောက်ခံ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်အချို့က ကျူးလွန်ခြင်းဖြစ်သည်ဟု စိစစ်တွေ့ရှိရသည်။ (ဃ) ဤအမှုအခင်းသည် ဒေသခံကာကွယ်ရေးအဖွဲ့ (၂) ဖွဲ့အကြား နားလည်မှုလွဲမှား အငြိုးအတေးထားမှုများကို အကြောင်းပြု သည်ဟု ကနဦး စီစစ်တွေ့ရှိရသည်။ ၇။ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်၏ စုံစမ်းစစ်ဆေးမှုပြီးစီးသည်နှင့် ပြစ်မှုကျူးလွန်သူများအား လိုအပ်သော အရေးယူမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းသို့ စုံစမ်းစစ်ဆေး အရေးယူမှုများကို နာခံခြင်းမရှိဘဲ မိမိတို့ စိတ်တိုင်းကျစီရင်မှုများကို လုံးဝခွင့်ပြုမည် မဟုတ်ပါ ။ ၈။ အမျိုးသားညီညွတ်ရေးအစိုးရသည် တရားသဖြင့်တော်လှန်သော ပြည်သူ့ခုခံတော်လှန်စစ်၏ အနှစ်သာရဖြစ်သည့် ပြည်သူတို့၏ ဘဝလုံခြုံမှုနှင့် တရားမျှတမှုကို ရှေးရှု၍ အပြစ်မဲ့ပြည်သူများကို ထိခိုက်မှု မရှိစေရန်အလို့ငှာ ပြစ်မှုကျူးလွန်သည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။ ၉။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ စစ်ပွဲဆိုင်ရာစည်းမျဉ်းများ၊ စစ်သည်တော် ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများနှင့် သစ္စာအဓိဌာန်(၄)ချက်ကို လိုက်နာကြရမည်ဖြစ်ပြီး ပြည်သူလူထုအား ထိခိုက်စေ သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမည်ဖြစ်သည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2022-03-26

Date of entry: 

2022-03-26

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

551.15 KB

Resource Type: 

text

Text quality: 

    • Good