Description:
"၁။ (၈-၃-၂၀၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီသည် ကရင်နီ/ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာရှိ အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးစေရန် ရည်ရွယ်၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ဆောင်ဒူလာကျေးရွာ၌ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးနေသော Free Burma Rangers အဖွဲ့ဝင် ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်းမှ ဒုတိယနှစ်သင်တန်းသူ အဲလစ္စဘက်သည် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီး ထိမှန်ခဲ့ပြီး (၉-၃-၂၀၂၂) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း သိရှိရပါသည်။
၂။ စစ်အာဏာသိမ်းသည့် (၁-၂-၂၀၂၁) ရက်နေ့မှ (၃၁-၁-၂၀၂၂) ရက်နေ့အထိ (၁၂) လတာ ကာလ အတွင်း အကြမ်းဖက်စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးလုပ်သား (၃၅) ဦးကို သတ်ဖြတ်ခြင်း၊ (၂) ဦးကို ပြန်ပေးဆွဲခြင်း၊ (၃၆၀) ဦးကို ဖမ်းဆီးခြင်း၊ (၃၉) ဦးကို ထိခိုက် ဒဏ်ရာရစေခြင်း၊ (၄၂) ဦးကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်း၊ ဆေးရုံ/ဆေးခန်း (၆) ခုကို ဖြိုချဖျက်ဆီးခြင်း၊ (၃၂) ခုကို ထိခိုက်ပျက်စီးစေခြင်း၊ (၁၂၉) ခုကို ဝင်ရောက်စီးနင်းလုယက်ခြင်း၊ (၆၇) ခုတွင် တပ်စွဲသိမ်းပိုက်ခြင်း၊ အရေးပေါ်နှင့် လူနာတင်ယာဉ် (၁၄) စီးကို ဖျက်ဆီးခြင်း၊ (၂၀) စီးကို ထိခိုက်ပျက်စီးစေခြင်းနှင့် (၁၁) စီးကို ခိုးယူအပိုင်စီးခြင်း တို့အား အကြမ်းဖက် ကျူးလွန်ခဲ့ကြောင်း Insecurity Insight အဖွဲ့က (၁၄-၂-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ (http://insecurityinsight.org/country-pages/myanmar)
၃။ အထူးသဖြင့် အကြမ်းဖက်စစ်ကောင်စီသည် ယခုကာလအတွင်း မြန်မာနိုင်ငံဒေသအနှံ့အပြား၌ ဆေးရုံ/ဆေးခန်းများ၊ စစ်ဘေးရှောင်တို့ စုဝေးရာ နေရာများ၊ ပြည်သူတို့၏ တိုက်တာ အိုးအိမ်များနှင့် ဘာသာရေးအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများ အလွန်အကျွံအသုံးပြု၍ အကြမ်းဖက် ဖျက်ဆီး၊ သတ်ဖြတ်လျက်ရှိပါသည်။ ၎င်းတို့ ဝင်ရောက်စီးနင်းသည့် ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်း၊ စားနပ်ရိက္ခာများ၊ တန်ဖိုးရှိ ပစ္စည်းများကို လုယက်သိမ်းပိုက်ခြင်းနှင့် အပြစ်မဲ့ ပြည်သူများကို အတိုးချ၍ အငြိုးတကြီး သတ်ဖြတ်လျက်လည်း ရှိပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ (၁-၃-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ချက် အရ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် (၁-၂-၂၀၂၁) ရက်နေ့မှ (၂၈-၂-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံဒေသအသီးသီးရှိ ပြည်သူ (၅) သိန်းကျော်မှာ မိမိတို့၏ နေရပ်အသီးသီးကို စွန့်ခွာ၍ စစ်ဘေးရှောင်နေရလျက်ရှိပါသည်။ (https://data2.unhcr.org/en/documents/details/91166)
၄။ အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါအကြမ်းဖက်လုပ်ရပ်များသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) နှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ အပါအဝင် ပြည်တွင်းဥပဒေများနှင့် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်းနှင့် အစဉ်တစိုက် ချိုးဖောက်လျက်ရှိကြောင်း တွေ့ရှိရပြီး နိုင်ငံတကာအနေဖြင့် လက်တွေ့ကျ၍ အမှန်တကယ် ထိရောက်သည့် နည်းလမ်းများအသုံးပြုကာ အကြမ်းဖက်စစ်ကောင်စီအား အမြန်ဆုံး အရေးယူရန် တိုက်တွန်းအပ်ပါသည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် နွေဦးတော်လှန်ရေးအတွင်း ထိခိုက်ကျဆုံးခဲ့ရသော ဆေးနှင့်ဆေးနှီးနွှယ် ကျောင်းသားကျောင်းသူများ၊ ကျန်းမာရေး လုပ်သားများ၊ ပရဟိတလုပ်သားများအပါအဝင် ထိခိုက်ကျဆုံးပြည်သူများ၏ မိသားစုများ နှင့်ထပ်တူ အထူးပင် စာနာဝမ်းနည်းရပါကြောင်းနှင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် လက်တွဲကာ မဆုတ်မနစ်နှင့် အားသွန် ခွန်စိုက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု၊ ထုတ်ပြန်အပ်ပါသည်။..."
Source/publisher:
Ministry of Health, National Unity Government of Myanmar
Date of Publication:
2022-03-10
Date of entry:
2022-03-12
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
547.86 KB
Resource Type:
text
Text quality:
- Good
