Description:
"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေး အစိုးရ
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန
ကြေညာချက်အမှတ် (၁/၂၀၂၁)
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် အန္တရာယ်၊ အခက်အခဲ အမျိုးမျိုးကြားမှ မိမိတို့ မြတ်နိုးတန်ဖိုးထားကြသည့် အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို စွန့်လွှတ်ကာ ပြည်သူ့ဘက်တွင် မားမားမတ်မတ်ရပ်တည်ပေးခဲ့ကြပြီး နိုင်ငံနှင့် ပြည်သူလူထုအပေါ် သစ္စာစောင့်သိခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း အသိပေး ကြေညာ လိုက်သည်-
(က) အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) တွင် ပါဝင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းကောင်း အမှုထမ်း၊ အရာထမ်းများ အားလုံးကို နိုင်ငံနှင့် ပြည်သူအပေါ် သစ္စာစောင့်သိကြသည့် သူရဲကောင်းများအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
(ခ) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်အုပ်စု အလိုကျ ၎င်းတို့၏ အာဏာရှင်ယန္တရား လည်ပတ်နိုင်ရေးအတွက် ထပ်မံခန့်အပ်ထားသော ဝန်ထမ်းအသစ်များ၏ ရာထူးတည်မြဲရေး၊ အာဏာရှင်ထောက်တိုင်အဖြစ် ဆက်လက် ရပ်တည်နေကြသည့် ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စစ်အာဏာရှင် လက်အောက်မှ ပြည်ပသင်တန်းနှင့် ပညာတော်သင်သွားရောက်ကြသူ များ၏ ဘွဲ့ထူး၊ ဂုဏ်ထူးရယူခြင်းများနှင့်စပ်လျဉ်း၍ လုံးဝ (လုံးဝ) အသိအမှတ်ပြုမည် မဟုတ်ကြောင်း ထုတ်ပြန်အပ်သည်။
(ဂ) ပြည်သူ့အစိုးရလက်ထက် COVID 19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများကို ကုစားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများသို့ ပံ့ပိုးပေးခဲ့သည့် အတိုးမဲ့ချေးငွေများကို ပြန်လည်ပေးဆပ်ရန် မလိုသည့် ချီးမြှင့်ငွေအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဌာနက ကြေညာချက်အမှတ် (၂/၂၀၂၁) ဖြင့် ထုတ်ပြန်ထားပြီးဖြစ်၍ ဤဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအနေဖြင့် အဆိုပါ (၂) လစာချေးငွေများကို ပြန်လည် ပေးဆပ်ရန်မလိုကြောင်း ထပ်လောင်း အတည်ပြုအပ်သည်။
(ဃ) မတရားအာဏာသိမ်းမှုနောက်ပိုင်း တရားမဝင်ခန့်အပ်ထားသည့် ဝန်ထမ်းအသစ်များ အတွက် ထုတ်ယူထားသော လစာများနှင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားပြုခြင်း၊ ပြန်လည်ပေးဆပ်ရန်မလိုသည့် နိုင်ငံ့ဝန်ထမ်း အတိုးမဲ့ချေးငွေများကို ဖိအားပေး ခြိမ်းခြောက် တောင်းခံခြင်းနှင့် အာဏာအလွဲသုံးစားပြုခြင်းများကို ကျူးလွန်နေသည့် စစ်ကောင်စီ လက်အောက်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာနအသီးသီးမှ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ အနေဖြင့် မိမိတို့၏ ပြုလုပ်မှု၊ ပျက်ကွက်မှုများနှင့်စပ်လျဉ်း၍ အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရမည် ဖြစ်ကြောင်း သိစေအပ်သည်။
ဒေါက်တာဝင်းမြတ်အေး
ပြည်ထောင်စုဝန်ကြီး..."
Source/publisher:
Ministry of Humanitarian Affairs and Disaster Management - NUG
Date of Publication:
2021-11-15
Date of entry:
2021-11-15
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
453.4 KB
Resource Type:
text
Text quality:
- Good
