Description:
"အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
https://nugmyanmar.org
ကြေညာချက်အမှတ် (၉/၂၀၂၁)
၅ စက်တင်ဘာလ ၂၀၂၁
“အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်များ၏ ထိုးစစ်များနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်”
၁။ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်အာဏာကို အကြမ်းဖက်နည်းလမ်းဖြင့် မတရားသိမ်းယူခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ အပြစ်မဲ့ အရပ်သား ပြည်သူများကို သတ်ဖြတ်၊ ဖမ်းဆီး နှိပ်စက်ခဲ့သည်မှာ (၇) လ (၄)ရက် တိုင်ခဲ့ပြီဖြစ်သည်။ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင်သာမက၊ ကျေးလက်များနှင့်တိုင်းရင်းသား ဒေသများ တွင် လည်း ထင်ရှားစွာ တွေ့မြင်နေရသည်။
၂။ အာဏာသိမ်းစစ်ခေါင်းဆောင်များ နှင့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတို့သည် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေပါသည်ဟု နှုတ်ဖြင့် မည်မျှ အာမခံ နေလင့်ကစား၊ လက်တွေ့တွင်မူ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေများတွင် သာလွန်အင်အား များဖြင့် ထိုးစစ်များ ဆင်နွှဲလျက် ရှိသည်။
၃။ အကြမ်းဖက် စစ်ကောင်စီ၏ တပ်များသည် သာလွန်အင်အားဖြင့် မြေပြင်ထိုးစစ်များသာမက လေကြောင်း တိုက်ခိုက်မှုများကိုပါ လုပ်ဆောင်နေသည့်အတွက် တိုင်းရင်းသားဒေသအသီးသီးမှ အရပ်သား ပြည်သူများသည် အိုးအိမ်စွန့်ခွာလျက် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
၄။ ထို့အပြင် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ၊ ဆေးရုံ ၊ကျောင်း အစရှိသည့် အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများတွင် တပ်စွဲခြင်း ၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်း အပါအဝင်တိုင်းရင်းသားဒေသများတွင် သာလွန်အင်အားများဖြင့် ထိုးစစ်ဆင်နွှဲလျက်ရှိသည့် စစ်ကောင်စီ ၏ ရန်လိုသည့်လုပ်ရပ်များကို အမျိုးသား ညီညွတ်ရေးအစိုးရက အပြင်းအထန် ကန့်ကွက်သည်။
၅။ စစ်ကောင်စီ၏ ကြည်းတပ်၊ လေတပ် ထိုးစစ်များကြောင့် အိုးအိမ်စွန့် ခွာ ထွက်ပြေး ရသူပေါင်း ၃ သိန်းကျော်ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာများအရ သိရသည်။
၆။ စစ်ကောင် စီတပ်များ၏ တိုင်းရင်းသားဒေသများအတွင်း ထိုးစစ်များသည် ကြီးမားသော လူသားချင်း စာနာမှုဆိုင်ရာ အကြပ်အတည်း (humanitarian crisis) များကို ဖြစ်ပေါ်လာစေနိုင်ပြီး၊ သန်းနှင့် ချီသော ပြည်သူများသည် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမည့် အခြေအနေကို ကြုံတွေ့နေရသည်။
၇။ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားလျက်ရှိသည့် အချိန်ကာလတွင် ယင်းသို့ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ ကြောင့် အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေး၊ ဒေသတွင်း တည်ငြိမ်မှု နှင့် လုံခြုံရေးကိုပါ ဆိုးရွားစွာ ထိခိုက်နိုင်မည့် အခြေအနေများဖြစ်ပေါ်လျက်ရှိသည်။
၈။ သို့ဖြစ်ပါ၍ အရပ်သားပြည်သူလူထုအား ပစ်မှတ်ထားသတ်ဖြတ် ညှင်းပန်းလျက်ရှိသည့်စစ်ကောင်စီ ၏ အဆိုပါ အကြမ်းဖက် လုပ်ရပ်များကို အထောက်အကူ ပြုစေသည့် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အစိုးရများ၊ အဖွဲ့အစည်းများအားလည်း အမျိုးသားညီညွတ်ရေးအစိုးရမှ ပြင်းထန်စွာကန့်ကွက်သည်။
၉။ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့်လည်း အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ၏ ထိုးစစ်များ အမြန်ဆုံး ရပ်တန့် ရေး၊ အပြစ်မဲ့ပြည်သူများအား ဖိနှိပ်ညှင်ပန်း နေမှုများ အဆုံးသတ်ရေးနှင့် အာဏာ သိမ်းမှု အဆုံးသတ်ကာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ခံ မှုရှိလာစေရေးအတွက် ထိရောက်စွာ ဆောင်ရွက်ပေးပါရန် အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက်တောင်းဆိုလိုက်သည်။
*************************..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2021-09-05
Date of entry:
2021-09-06
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
601.41 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (English + Burmese versions)
