Republic of the Union of Myanmar National Unity Government: Weekly Press Release No.6/2021 - ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အပတ်စဉ် သတင်းထုတ်ပြန်ချက် (၆/၂၀၂၁)

Description: 

"အပတ်စဉ် သတင်းထုတ်ပြန်ချက် (၆/၂၀၂၁) ၂ ဇူလိုင် ၂၀၂၁ခုနှစ် ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲ အမှတ် (၂/၂၀၂၁) ကို ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်နေ့တွင် မြန်မာ့ဘာသာဖြင့်ထုတ်လွှင့်သော မီဒီယာများဖြင့် လည်းကောင်း၊ ၂၈ ရက်နေ့တွင် နိုင်ငံခြားဘာသာဖြင့် ထုတ်လွှင့်သော နိုင်ငံတကာမီဒီယာများဖြင့် လည်းကောင်း Online Conferencing စနစ်ဖြင့် တွေ့ဆုံ၍ ပြုလုပ်ခဲ့ပါသည်။ ၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ကြေညာချက် အမှတ် ၂/၂၀၂၁ကို ၂၀၂၁ ခုနှစ် ဇွန်လ (၂၆)ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၁ မတ်လ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အလုပ်သမားအဖွဲ့ချုပ်များနှင့် အလုပ်သမားရေးဆောင်ရွက်နေသော အဖွဲ့အစည်း ၁၆ ဖွဲ့အား တရားဝင် အဖွဲ့အစည်းများမဟုတ်ကြောင်း၊ ယင်းတို့၏လှုပ်ရှားဆောင်ရွက်မှုများသည်လည်း ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ဆက်လက်လှုပ်ရှား ဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကြေညာခဲ့ခြင်းသည် တရားဝင်မှုမရှိကြောင်း၊ မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့ချုပ်(ILO)၏ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် Freedom of Association Convention 87 ကို လက်မှတ်ထိုးထားသော နိုင်ငံတနိုင်ငံဖြစ်ပြီး အလုပ်သမားတိုင်းသည် မိမိတို့ အလုပ်သမားအရေး ဆောင်ရွက်ရန် အလို့ငှါ အဖွဲ့အစည်းများကို လွတ်လပ်စွာစည်းရုံး ဖွဲ့စည်းခွင့် လှုပ်ရှားဆောင်ရွက်ခွင့် ရှိကြောင်း၊ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဖွဲ့စည်းခွင့် ဥပဒေသည် မှတ်ပုံတင်ဥပဒေသာဖြစ်ပြီး အဆိုပါ ဥပဒေနှင့်အညီ မှတ်ပုံမတင်သော အလုပ်သမားအဖွဲ့အစည်းများကို တရားမဝင်အဖွဲ့များအဖြစ် သတ်မှတ်ခွင့်မရှိကြောင်း၊ ယခုလို အရပ်သားအစိုးရထံမှ မတရားအာဏာလုယူထားသော အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် ဂျီနီဗာ ကွန်ဗင်းရှင်းကို ဖောက်ဖျက်ရာရောက်ကြောင်းနှင့် အဆိုပါ အလုပ်သမား‌ရေး‌ဆောင်ရွက်နေသော အဖွဲ့အစည်း ၁၆ ဖွဲ့သည် မိမိတို့၏ အဖွဲ့အစည်းများကို လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိကြောင်းနှင့် မိမိတို့၏ သက်ဆိုင်ရာ အလုပ်သမားရေးရာ လုပ်ငန်းများကို လွတ်လပ်စွာ ဆောက်ရွက်ခွင့် ရှိကြောင်းတို့ ဖော်ပြပါရှိသည်။ ၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်အစိုးရ ပညာရေး၀န်ကြီးဌာန၏ အင်တာနက် စာမျက်နှာဖြစ်သည့် https://moe.nugmyanmar.org/ ကို ၂၀၂၁ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်လွှင့်လိုက်သည်။ အဆိုပါ Website တွင် ဝန်ကြီးများ၏ ကိုယ်ရေးအချက်အလက်များ၊ လုပ်ငန်းဆောင်တာများ၊ ဌာန ဖွဲ့စည်းပုံ၊ အမိန့်ကြေငြာချက်များ၊ ဆက်သွယ်နိုင်မည့် အီးမေးလ်များကို ပြည်သူလူထုသိရှိစေရန် ဖော်ပြထားသည့်အပြင် စဉ်ဆက်မပြတ်ပညာရေးကဏ္ဍတွင်လည်း ကြားကာလပညာရေး အခြေခံ၊ အဆင့်မြင့်နှင့် သက်မွေးပညာရေး အစီအစဉ်များအားလည်းကောင်း‌၊ ဖက်ဒရယ်ပညာရေးကဏ္ဍတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် သင်တန်း အခြေခံလူ့အခွင့်အရေး သင်တန်းများအားလည်းကောင်း မည်သို့တက်ရောက် သင်ကြားနိုင်ကြောင်းတို့ကို အသီးသီး ဖော်ပြထားသည်။ ထိုသို့ဖော်ပြရာတွင် မြန်မာပြည်သူပြည်သားများသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှလည်း ဝင်ရောက်လေ့လာနိုင်ရန် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြထားပါသည်။ ၄။ စစ်ပွဲနှင့်တိုက်ပွဲ၊ ထိတွေ့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ(Rule of Engagement) နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ (သို့) စစ်ဥပဒေများ၊ မြေအောက်ယူဂျီရဲဘော် ဆောင်ရန် ရှောင်ရန်၊ Gender နှင့်တိုင်းပြည်ကာကွယ်ရေး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် (၄) ချက် စသည့် အနယ်နယ်အရပ်ရပ်မှ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သိသင့်သိထိုက်သည်များပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစာစဉ် အတွဲ(၁) အမှတ်(၁)၂ ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေခဲ့သည်။ ၅။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် အက်စတိုးနီးယားနိုင်ငံ သမ္မတက သဘာပတိအဖြစ် ဆောင်ရွက်၍ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဆင့်မြင့် တံခါးဖွင့်အစည်းအဝေး (UN Security Council High-Level Open Debate on Children and Armed Conflict) ကို virtual ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်မဟုတ်သော အခြား ကုလသမဂ္ဂနိုင်ငံများနည်းတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ ကိုယ်စားပြုပေးပို့သော မိန့်ခွန်း (Written Statement) တစ်ရပ်ကို ပေးပို့ခဲ့ပါသည်။ အဆိုပါ မိန့်ခွန်းတွင် ကလေးသူငယ်များအပေါ် ပြစ်မှုကျူးလွန်မှုများ၊ စာသင်ကျောင်းများအပေါ် ဉီးတည်တိုက်ခိုက်မှုများအတွက် လွန်စွာစိုးရိမ်မှု ရှိသည့်ကိစ္စ၊ ကလေးသူငယ်များအား ဥပဒေကြောင်းအရ ကာကွယ်ပေးနိုင်မှု၏ အရေးပါမှုကိစ္စ၊ အပြစ်ကျူးလွန်သူများအားလုံး အရေးယူရန် အရေးကြီးမှု၊ အရွေးချယ်ခံအရပ်သားအစိုးရလက်ထက်တွင် ကလေးသူငယ်များကို အကာအကွယ်ပေးနိုင်ရေး အတွက် အလေးထားဆောင်ရွက်ခဲ့သည့်ကိစ္စ၊ စစ်ကောင်စီတပ်အနေဖြင့် ပြည်သူများအပေါ် လူမဆန့်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဆက်လက်ရှိနေ၍ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ၏ ချိုးဖောက်မှုရှိသည့် နောက်ဆက်တွဲ စာရင်းတွင် တပ်မတော်ကြည်း အား ပြန်လည်ထည့်သွင်းခဲ့သည့်ကိစ္စ၊ စစ်တပ်က မတရား အာဏာသိမ်းပြီး နေ့စဉ် လူမဆန်သည့် ပြစ်မှုများ မတရား သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ နှိပ်စက်မှုများ ကျူးလွန်နေသည့်ကိစ္စ၊ ကလေးငယ် (၆၀) ကျော်အပေါ်၊ လူပေါင်း (၉၀၀) နည်းပါး အသတ်ခံခဲ့ရသည့် ကိစ္စ၊ စစ်တပ် အနေဖြင့် စာသင်ကျောင်း၊ ဆေးရုံးများ ကို တပ်ဆွဲထားသည့်ကိစ္စများ ကို ဖော်ပြထားပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တို့အနေဖြင့် ကလေးသူငယ်များ အပေါ် လူမဆန်စွာ ကျူးလွန်များ ထပ်မံ မဖြစ်ပေါ်ရေးအတွက် ကာကွယ်ပေးရေး၊ ခွဲခြားမှု မရှိဘဲ အင်အားအလွန်အကျွံ အသုံးမပြုရေး၊ ကလေးသူငယ်များအပေါ် ပြစ်မှုကျူးလွန်သူများအား အရေးယူရေး၊ စောင့်ကြည့် အစီရင်ခံသည့်အဖွဲ့ အနေဖြင့် ပံ့ပိုးမှု ပိုမိုရရှိရေး၊ လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိ ပေးအပ်နိုင်ရေး၊ ကုလသမဂ္ဂ နှင့် အလှူရှင်များ အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ နှင့် ထိတွေ့ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ကောင်စီတပ်အနေဖြင့် စာသင်ကျောင်း နှင့် ဆေးရုံးများ အသုံးမပြုရေး၊ စစ်အာဏာသိမ်းမှု ချက်ချင်းရပ်စဲ၍ ဒီမိုကရေစီ ပြည်လည်ရရှိရေး တို့အတွက် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခဲ့ပါသည်။ ထို့အပြင် ပြည်သူတွေနှင့် အတူ အမျိုးသား စည်းလုံး ညီညွတ်ရေး အစိုးရအနေဖြင့် စစ်အာဏာရှင် အပြီးပြတ်ချေမှုန်းရေး၊ ငြိမ်းချမ်း ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးအတွက် လုပ်ဆောင်နိုင်သည့်ကိစ္စ အားလုံးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တို့ကိုဖော်ပြထားပါသည်။ ၆။ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနသည် စစ်ကောင်စီတပ်များ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာနိုင်ငံ အနှံ့အပြားရှိ အတိဒုက္ခရောက်နေကြရသော ပြည်သူများအတွက် ထောက်ပံ့မှုများကို အခက်အခဲများ ကြားမှ အမြန်ဆုံး ရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများနှင့် အဖွဲ့အစည်းများ၏ လှူဒါန်းမှုများဖြင့် ၂၀၂၁ ဇွန်လ ၆ရက်နေ့မှ ဇွန်လ ၂၈ရက်နေ့ အတွင်း -ကရင် ပြည်နယ် ဖလူး ဒေသ စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် ရှစ်ဆယ့်တစ်သိန်းခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် အဝတ်အထည်များ နှင့် ငွေကျပ် ကိုးဆယ့်ခုနစ်သိန်းလေးသောင်း ကို လည်းကောင်း၊ -ကရင်ပြည်နယ် အခြားဒေသများရှိ စစ်ဘေးရှောင်စခန်းများသို့ ငွေကျပ် သိန်းတစ်ရာ့ငါးဆယ်ခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် အဝတ်အထည်များကိုလည်းကောင်း၊ -ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့ စစ်ဘေးရှောင်များအတွက် ငွေကျပ် နှစ်ရာ့ကိုးသိန်းခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများကို လည်းကောင်း၊ -ကယား ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် သုံးရာနှစ့်ဆယ့်ငါးသိန်း ကို လည်းကောင်း၊ -ချင်းပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် ငွေကျပ် လေးရာ့ခြောက်ဆယ့်ရှစ်သိန်းခန့် တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ နှင့် ငွေကျပ် တစ်ဆယ်သိန်း ကို လည်းကောင်း၊ -ပြည်တွင်း ဒေသအသီးသီးရှိ ထိခိုက်လွယ်မိသားစုများအတွက် ငွေကျပ် ကိုးဆယ့်နှစ်သိန်း တစ်သောင်းငါးထောင်ကို လည်းကောင်း ထောက်ပံ့ပေးပို့နိုင်ခဲ့သည်။ လုံခြုံရေးအခြေအနေများကြောင့် ထောက်ပံ့မှုသတင်းများကို အချိန်နှင့် တပြေးညီ မထုတ်ပြန်သည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ၆။ ၂၀၂၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီး၏ (၂) လတာ လုပ်ငန်းဆောင်ရွက် နေမှုများကို အစီရင်ခံစာတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ်းတင်ထားရှိခဲ့သည်။ ၇။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၁ ရက် အမိန့်ကြော်ငြာစာအမှတ် ၀၁/၂၀၂၁ ၃ ဖြင့် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် (Commission for Humanitarian Assistance and Disaster Response) ကိုဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မရှင်တွင် ယာယီသမ္မတက ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး လုပ်ငန်းနှင့်သက်ဆိုင်သော ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီး (၁၁) ဦးတို့ အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ ..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2021-07-02

Date of entry: 

2021-07-02

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

1.48 MB

Resource Type: 

text

Text quality: 

    • Good

Remote URL: