Description:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်သားများနှင့်သက်ဆိုင်သည့် မူဝါဒသဘောထားကြေညာချက်ကို ထုတ်ပြန်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
[email protected]
အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
တပ်မတော်သားများနှင့်သက်ဆိုင်သည့် မူဝါဒသဘောထားကြေညာချက်
ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်။
၁။ ပြည်သူလူထုအား အကြမ်းဖက် ညှဉ်းပမ်းသတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များသည် စက်ဆုပ်ဖွယ်ဖြစ်ရုံမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မည်ဟု သစ္စာဓိဌာန်ပြုထားသော တပ်မတော်သားတို့၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး သစ္စာစူးမည့်လုပ်ရပ်ဟု နားလည်သဘောပေါက်ကြသော အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များသည် ပြည်သူလူထုနှင့် ဓမ္မဘက်မှ ရပ်တည် တိုက်ပွဲဝင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ တပ်တွင်းပိတ်ဆို့ဟန့်တားမှုများကြောင့် စစ်ကောင်စီအား စွန့်ခွာ တော်လှန်ရန် အခြေအနေမပေး သေးသူများသည်လည်း လက်ရှိအရေးတော်ပုံကြီးကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ပေး၊ ကူညီဆောင်ရွက်နေကြပြီး မကြာမီအချိန်အတွင်း ပြည်သူနှင့်အတူ ပူးပေါင်းရပ်တည် လာကြမည် ဖြစ်သည်။
၂။ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်ကို နိုင်ငံရေးနှင့် ကင်းကင်းနေ လျက် နိုင်ငံ့ကာကွယ်ရေးတာဝန်ကိုသာ ကျေပွန်အောင်ထမ်းဆောင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏လမ်းစဉ်နှင့် သွေဖီ နေခဲ့သည်မှာ နှစ်ပေါင်း (၆၀) ရှိခဲ့ပြီ ဖြစ် သည်။
ဗိုလ်ချုပ်ကြီးနေဝင်းမှ အစပြုသော စစ်အာဏာရှင်အဆက်ဆက်သည် တိုင်းရင်းသား ပြည်သူတို့၏ ဖက်ဒရယ်အရေးကြိုးပမ်းမှုကို ပြည်ထောင်စုပြိုကွဲစေရန် ကြံရွယ်ခြင်းဖြစ်သည်ဟု ပုံဖျက်ခဲ့ရုံမက တပ်မတော်သည်သာ နိုင်ငံ၏ကယ်တင်ရှင်ဖြစ်သည့်အတွက် နိုင်ငံရေးအာဏာကို လက်မလွတ်စတမ်း ဆုတ်ကိုင်ထားရမည်ဟူသော အယူအဆမှားကို တပ်မတော်အတွင်း ရိုက်သွင်း ခဲ့ကြသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် အာဏာသိမ်းမှုသည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် ရယူထားသော နိုင်ငံရေးတွင် စစ်တပ်၏ဗိုလ်ကျစိုးမိုးပိုင်ခွင့်မျှဖြင့် ရောင့်ရဲတင်းတိမ်နိုင်ခြင်း မရှိတော့ဘဲ မြန်မာပြည်သူများအပေါ် လက်နက်အားကိုးဖြင့် သားစဉ်မြေးဆက် စစ်ကျွန်ပြုရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်မှာ ထင်ရှားသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏လူစိတ်ကင်းမဲ့သော လုပ်ဆောင်ချက်များကြောင့် ၎င်း၏လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များသည်လည်း ပြည်သူက အော့နှလုံးနာသော အကြမ်းဖက်အုပ်စုများ အဆင့်သို့ လျော့ကျခဲ့ရပြီလည်း ဖြစ်သည်။
၃။ စစ်အာဏာရှင်အဆက်ဆက်နှင့် ၎င်းတို့၏မိသားစုများသည် နိုင်ငံ့ဘဏ္ဍာကို အညွန့်ခူးလျက် အဆုံးစွန်သော ကြွယ်ဝချမ်းသာမှုဖြင့် ဆွေစဉ်မျိုးဆက် ကိုယ်ကျိုးရှာ အခွင့်ထူးခံနေချိန်တွင် အောက် ခြေတပ်မတော်သားများမှာမူ စစ်ခေါင်းဆောင်အဆင့်ဆင့်၏ အနှိမ်ခံ၊ အခိုင်းခံဘဝဖြင့် မိသားစုလိုက် နစ်မွန်းလျက်ရှိသည်ကို တွေ့ရသည်။
ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တပ်မတော်အတွင်း လွဲမှားသည့် စီမံ အုပ်ချုပ်မှုပေါင်းများစွာလည်း ပေါ်ပေါက်လျက်ရှိသည်။ ဥပမာအားဖြင့် -
(က) ဥပဒေအရ ရပိုင်ခွင့်ဖြစ်သော “တပ်မတော်” မှ နှုတ်ထွက်လိုသူများအား မူလ သဘောတူညီချက် များကို ချိုးဖောက်ကာ ထွက်ခွာခွင့်မပေးခြင်း၊
(ခ) “တပ်မတော်သားများ” ကိုသာမက ၎င်းတို့၏ အိမ်ထောင်ဖက်နှင့် မိသားစုဝင်များ ကိုပါ ဖိအားပေး ကာ မဖြစ်မနေ တပ်ဝင်းအိမ်ယာများအတွင်း၌သာ အတူနေထိုင်စေခြင်း၊ တပ်တွင်းလုပ်ငန်းများကို လစာမရဘဲ ဝင်ရောက်လုပ်ကိုင်ပေးနေရခြင်း၊
(ဂ) တပ်မတော်သားများအတွက် လစာနှင့် ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များတွင် လိုအပ်ချက်များ၊ လွဲမှားမှုနှင့် ခေါင်းပုံဖြတ်မှုများ ရှိနေခြင်း၊
(ဃ) ကြည်း၊ ရေ၊ လေ တပ်များ၊ စစ်လက်ရုံးတပ်များအကြားတွင် ရာထူးခန့်အပ်ခြင်း၊ ရာထူးတိုးခြင်း၊ အဆင့်အတန်းနှင့် ခံစားခွင့်များ ညီတူညီမျှ မရှိခြင်း၊ ဘက်လိုက်မှုများ ရှိနေခြင်း၊
၄။ သို့ဖြစ်ရာ အကြမ်းဖက် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များတွင် အလိုတူ အလိုပါအဖြစ်မခံနိုင်သည့်အတွက် စွန့်စားထွက်ခွာလာကြသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ ဝင်များအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရက “ပြည်သူ့ဘက်တော်သား သူရဲကောင်းစစ်သည် များ” အဖြစ် မှတ်ယူ၍ နွေးထွေးစွာ လက်ကမ်းကြိုဆိုပါသည်။ အကြမ်းဖက်စစ်ကောင်စီနှင့်လမ်းခွဲပြီး ပြည်သူလူထုနှင့် ဓမ္မဘက်တွင် ရဲရဲရပ်တည် ရှေ့ဆက်မည့် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ သားသမီးများအား နွေးထွေးလုံခြုံမှုနှင့် ဘဝ အာမခံချက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသကဲ့သို့ တပ်မတော်အတွင်းရှိ လွဲမှားနေသည့် စီမံအုပ်ချုပ်မှုများကို လေ့လာသုံးသပ်ကာ၊ သတ်မှတ်စံချိန်စံညွှန်းကောင်းများနှင့် ကိုက်ညီမှန်ကန်သည့် “တပ်မတော်ဆိုင်ရာ” မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် စနစ်များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
၅။ ယခုအချိန်တွင် စစ်ကောင်စီ၏ နိုင်ငံရေးနှင့် စီးပွားရေးအာဏာ လောဘဇောကြောင့် အဖက်ဖက် က ယိုယွင်းကျဆင်း၊ ပျက်စီးလာနေသော “တပ်မတော်” ၏ ဂုဏ်သိက္ခာကို အမြန်ဆုံး ကယ်ဆယ် စောင့်ရှောက်နိုင်သူများမှာ “တပ်မတော်သား” များ ကိုယ်တိုင်သာဖြစ်သည်။ သို့ဖြင့်ရာ တပ်မတော် ကို အလွဲသုံးစားပြုနေသော လက်တစ်ဆုတ်စာ စစ်ဗိုလ်ချုပ်တစ်စု၏ “လက်ကိုင်တုတ်”၊ “ခါးပိုက်ဆောင်တပ်” အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ခိုဝင်ကြရန် အမျိုးသားညီညွတ်ရေး အစိုးရက ပြည်သူလူထုကိုယ်စား နှိုးဆော်တိုက်တွန်းလိုက်သည်။
၆။ ယနေ့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ပါဝင်ဆင်နွှဲနေသော အရေးတော်ပုံကြီးသည် “တပ်မတော်သားများ” အပါအဝင် နိုင်ငံသူနိုင်ငံသားအားလုံး၏ မူလရပိုင်ခွင့်များအတွက် တောင်းဆို တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ သို့ဖြင့်ရာ “တပ်မတော်သားများ” အနေဖြင့်လည်း အရေးတော်ပုံကြီးတွင် ပြည်သူလူထုနှင့်အတူ ရပ်တည်၍ အစွမ်းကုန် ပါဝင်ဆင်နွှဲကြခြင်းဖြင့် သမိုင်းမော်ကွန်းထိုးကြပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။
၇။ လူထုအရေးတော်ပုံကြီးအတွင်း ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများ၊ စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိသော၊ ပြည်သူ့သွေးစွန်းထင်းနေသည့် အဆင့်ဆင့်သော လက်နက်ကိုင်များမှာမူ အဆိုပါလုပ်ရပ်များအတွက် အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံကာ ထိုက်တန်သော အရေးယူမှုများ မလွဲမသွေ ခံရမည်ဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်ကြေညာလိုက်သည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2021-06-01
Date of entry:
2021-06-01
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
877.61 KB
Resource Type:
text
Text quality:
- Good
Remote URL:
fbml (Burmese version)
