Description:
"၁။ ယနေ့ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ အချိန်အခါသမယတွင် ပြည်တွင်းပြည်ပရှိ ရဟန်းရှင်လူ ပြည်သူအပေါင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကင်းကွာ၍ နှစ်သစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
၂။ ကုန်လွန်ခဲ့သော နှစ်ဟောင်းသည် မြန်မာပြည်သူများအတွက် သမိုင်းတစ်လျှောက် အခက်ခဲဆုံးနှင့် အနက်ရှိုင်းဆုံးသော ဒုက္ခများကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ရသည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ပြည်သူတို့ ပေးဆပ်ခဲ့ရသည့် အဖိုးတန်အသက်ပေါင်းများစွာ၊ စီးကျခဲ့ရသည့် သွေးနှင့် မျက်ရည်များ၊ ပြာပုံအတိဖြစ်ခဲ့ရသည့် အိုးအိမ် စည်းစိမ်များနှင့် ကွဲကွာခဲ့ရသည့် မိသားစုများ၏ နာကျင်မှုများသည် အလွန်ကြီးမားသည့် အရင်းအနှီးများပင် ဖြစ်ပါသည်။
၃။ သို့သော် ထိုဆိုးရွားလှသည့် စိန်ခေါ်မှု အခက်အခဲများကြားမှပင် ပြည်သူတို့ ပြသခဲ့သည့် မယိုင်လဲသော အားမာန်နှင့် တစ်ဦးအပေါ်တစ်ဦး ကူညီဖေးမကြသည့် ခိုင်မာသော စည်းလုံးမှုတို့ သည် စစ်အာဏာရှင်စနစ်ကို အလဲထိုးနိုင်သည့် အကြီးမားဆုံးလက်နက်ဖြစ်ခဲ့ပါသည်။ နှစ်ဟောင်းမှ အညစ်အကြေး ကပ်ဆိုးများနှင့် ဒုက္ခများအားလုံးကို အတာရေစင်ဖြင့် ဆေးကြောသန့်စင်ပြီး ယခုနှစ်သစ်သည် ပြည်သူတို့ မျှော်လင့်တောင့်တသည့် တရားမျှတမှုနှင့် ကောင်းမွန်သော ပြောင်းလဲ ခြင်းများကို လက်ဝယ်ပိုင်ဆိုင် ဆုပ်ကိုင်နိုင်မည့် အောင်ပွဲနှစ် ဖြစ်ပါစေကြောင်း အလေးအနက် ဆန္ဒပြုအပ်ပါသည်။
၄။ အကြမ်းဖက်စစ်အာဏာရှင်များ၏ မတရားသော ဖိနှိပ်မှုများအောက်တွင် ကြံ့ကြံ့ခံ ရပ်တည်နေကြသည့် မိမိတို့၏ ခေါင်းဆောင်များဖြစ်ကြသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် မတရားသဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်လာရေးသည် မိမိတို့၏ အဓိက ဦးစားပေး လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပန်းတိုင်သို့ ရောက်ရှိရန်အတွက် မတရားဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ပြီး ပြည်သူ့ခေါင်းဆောင်များ ပြည်သူ့ထံသို့ ပြန်လည်ရောက်ရှိရေးအတွက် မိမိတို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ယနေ့ကဲ့သို့ နှစ်သစ်အခါသမယတွင် ခိုင်မာစွာ ကတိပြုအပ်ပါသည်။
၅။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်သူတို့ အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် အာဏာကိုစွဲကိုင်၍ တော်လှန်ရေးအင်အားစုအားလုံးနှင့်အတူ ညီညွတ်စွာ လက်တွဲကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်ရောက်ရှိသည်အထိ မယိုင်မလဲ ဆက်လက်ချီတက်သွားမည်ဖြစ်ပါသည်။ မိမိတို့ဆင်နွှဲနေသော ဤတော်လှန်ရေးသည် စနစ်ဟောင်းကို ဖျက်သိမ်းရုံသာမက လူမျိုးတိုင်း၊ နိုင်ငံသားတိုင်း တန်းတူညီမျှစွာဖြင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိသည့် အနာဂတ်သစ်ကို တည်ဆောက်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် နှစ်သစ်မှသည် အောင်ပွဲရသည်အထိ ပြည်သူတစ်ရပ်လုံးက မိမိတို့နဲ့အတူ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ပြည်သူသာလျှင် အဓိကဖြစ်သည့်အတွက် ပြည်သူတို့၏ စည်းလုံးမှုအင်အားဖြင့် အာဏာရှင်စနစ် အမှန်တစ်ကယ် နိဂုံးချုပ်ရမည်ဟု ယုံကြည် သောကြောင့် အမှန်တရားနှင့် တရားမျှတမှုတို့ အောင်ပွဲခံသည့် နှစ်သစ်ဖြစ်ပါစေကြောင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်လာပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။..."
Source/publisher:
Committee Representing Pyidaungsu Hluttaw
Date of Publication:
2026-04-17
Date of entry:
2026-04-17
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
1.59 MB
Resource Type:
text
Text quality:
- Good
