CRPH Announcement No.33/2021: ကြေညာချက် အမှတ် ( ၃၃/၂၀၂၁ )

Description: 

"ကြေညာချက် အမှတ် ( ၃၃/၂၀၂၁ ) ၁၃၈၃ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ဇူလိုင်လ (၁၇)ရက်၊ ၂၀၂၁ခုနှစ်။ ================== ၁။ မြန်မာပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းယူခြင်းနှင့် ကိုဗစ်ရောဂါကူးစက်မှုမြင့် တက်နေခြင်း ဆိုးကျိုးနှစ်ခုလုံးကို တစ်ပြိုင်တည်းတွေ့ကြုံခံစားနေရသည့်အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)အနေဖြင့် များစွာစိုးရိမ်နားလည်ခံစားရပါသည်။ ၂။ ယခုကာလတွင် အာဏာသိမ်းစစ်ကောင်စီသည် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်နေသူများကို ဥပဒေမဲ့ မတရားပုဒ်မတပ်ကာ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ''ပြည်သူမှ ပြည်သူသို့'' ထောက်ပံ့ ကူညီမှုများကို တားဆီးပိတ်ပင်ခြင်း၊ ကိုဗစ်ကူးစက်မှုခံစားနေရသော ပြည်သူများ၏ အောက်ဆီဂျင်ရှာဖွေရယူမှုများကို ပိတ်ဆို့ဖြတ်တောက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ကြားသိနေရပါသည်။ ၃။ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားသည့် အစိုးရအဖွဲ့၏ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်၍ ပြည်သူနှင့်အတူ လက်တွဲပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်ရေးနှင့် ကုသရေးအစီအမံများ အပါအဝင် ကိုဗစ်ပြန်လည် ကုစားရေးအစီအစဉ် (CERP) ကိုလည်း အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဆက်လက်အကောင် အထည်ဖော်နိုင်ခြင်း မရှိဘဲ၊ လျစ်လျူရှု ဖျက်သိမ်းခဲ့သည်ကို တွေ့ ရှိရပါသည်။ ၄။ ယခုအခါ အကျဉ်းထောင်များအပါအဝင် မြန်မာနိုင်ငံအနှံ့တွင် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိပြီး နေ့စဉ်သေဆုံးသူအရေအတွက်မှာလည်း အလွန်အမင်း မြင့်တက်လျက်ရှိသည်ကို စိုးရိမ်ဖွယ်ရာ တွေ့ရှိရပါသည်။ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံတစ်ဝှမ်းဖြစ်ပေါ်နေသော ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်ကာကွယ်တားဆီး ခြင်း၊ ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ ရောဂါကူးစက်ခံထားရသူများနှင့် သံသယလူနာများကို လုံလောက်သော ဆေးကုသ မှုပေးခြင်းတို့ကို မဖြစ်မနေ ဆောင်ရွက်ပေးရမည် ဖြစ်သည်။ ၅။ ကိုဗစ်တတိယလှိုင်းကြောင့် ပြည်သူလူထု အသက်ပေါင်းများစွာ သေဆုံးပျက်စီးနိုင်သည်အထိ အန္တရာယ်နှင့် ရင်ဆိုင် ကြုံတွေ့နေရချိန်တွင် အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံသားတိုင်းအတွက် လုံလောက်သော ဆေးကုသခွင့်နှင့်အတူ လိုအပ်သည့်ထောက်ပံ့ကူညီမှုများ စီမံဆောင်ရွက်ပေးရန် ပျက်ကွက်နေသည့်အပြင် ပြည်သူလူထု၏ ကိုယ်အားကိုယ်ကိုး စီမံဆောင်ရွက်မှုများကိုပါ ပိတ်ပင်တားဆီးမှုများ လုပ်ဆောင်နေခြင်းသည် နိုင်ငံသား အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်ပြီး မြန်မာပြည်သူများအပေါ် ကြီးလေးသော ရာဇဝတ်မှုကျူးလွန် ခြင်းဖြစ်ပါသည်။ အထက်ပါလုပ်ရပ်များကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။ ၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် စီးပွားရေး ပြန်လည်ကုစားရေးတို့အတွက် သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးနှင့် အမြန်ဆုံး လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပြီး မိမိတို့နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ပေးကြရန် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများအားလုံးကို လေးနက်စွာ တောင်းဆိုပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-07-17

Date of entry: 

2021-07-17

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

277.53 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: