အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်မြောက်နေ့သို့ ပေးပို့သောသဝဏ်လွှာ

Description: 

"၁။ ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒကိုအခြေခံ၍ စတင်ဖွဲ့စည်းခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ယနေ့အချိန်တွင် (၅) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ဤ (၅) နှစ်တာ တော်လှန်ရေးခရီးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးစိန်ခေါ်မှုများကြားမှ တော်လှန်ရေး၏ ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နိုင်ခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လေးစားဂုဏ်ယူကြောင်း ဖော်ပြအပ်ပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တော်လှန်ရေးခရီးလမ်းတစ်လျှောက် စိန်ခေါ်မှုအခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ကာ ပြည်သူ့အာဏာကို ပြည်သူ့ထံ ပြန်လည်အပ်နှံနိုင်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အခြားတော်လှန်ရေးအင်အားစုအသီးသီးတို့နှင့်အတူ စစ်ရေးနှင့် နိုင်ငံရေးဟန်ချက်ညီညီဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းသည် (၅) နှစ်တာကာလအတွင်း ရရှိခဲ့သော အကြီးမားဆုံးအောင်မြင်မှုများပင်ဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စိုးမိုးနယ်မြေများ၌ ပြည်သူ့အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်ခြင်းသည် နိုင်ငံတကာမျက်နှာစာ၌ အစိုးရတစ်ရပ်၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို အခိုင်အမာ သက်သေပြနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့သော ကြိုးပမ်းအားထုတ်မှုများသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက်သာမက အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်မာသော အုတ်မြစ်များ ချနိုင်ခဲ့ခြင်းဖြစ်သည့်အတွက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ၃။ ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ပေါ်ပေါက်လာရေးအတွက် အင်အားစုအသီးသီးမှ ဘုံရည်မှန်းချက်တူညီသော အဖွဲ့အစည်းများကို ပေါင်းစည်းကာ အစပြုနိုင်ခဲ့သည့်အတွက် အထူးပင် လေးစားဂုဏ်ယူမိပါသည်။ ဤကောင်စီ ပေါ်ပေါက်လာခြင်းသည် တော်လှန်ရေးအင်အားစုများအကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို လက်တွေ့ကျကျ သက်သေပြလိုက်ခြင်းဖြစ်သကဲ့သို့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သော စုပေါင်းခေါင်းဆောင်မှု မဏ္ဍိုင်ကို ခိုင်မာစွာ တည်ဆောက်နိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ ၄။ စစ်အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက်ရာတွင် စစ်ရေးအရ ညီညွတ်ရုံသာမက နိုင်ငံရေးအရပါ တစ်သံတည်းထွက်ကာ ဟန်ချက်ညီညီ ဦးဆောင်နိုင်မည့် နိုင်ငံရေးဦးဆောင်မှုယန္တရားကို ဖော်ဆောင်နိုင်ခြင်းသည် တော်လှန်ရေး၏ အလှည့်အပြောင်းမှတ်တိုင်တစ်ခုဖြစ်ပြီး ပြည်သူလူထု မျှော်လင့်တောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီသို့ အရောက်လှမ်းနိုင်မည့် မဟာဗျူဟာမြောက် အောင်မြင်မှုပင်ဖြစ်ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အနေဖြင့် ကျန်ရှိနေသော အခြားသော တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ အားလုံးနှင့်လည်း ပိုမိုစုစည်းညီညွတ်သော နိုင်ငံရေးပေါင်းစည်းမှုများကို ဆက်လက်ဖော်ဆောင်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါသည်။ ၅။ မိမိတို့ တော်လှန်ရေးအင်အားစုအားလုံးသည် မတူကွဲပြားသော အင်အားစုများ ဖြစ်ကြသော်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဟူသော ဘုံရည်မှန်းချက်ပန်းတိုင်ကို မျက်နှာမူကာ ချီတက်နေကြခြင်းဖြစ်ပါသည်။ မိမိတို့၏ ညီညွတ်မှုအားမာန်သည်သာလျှင် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဆီသို့ အမြန်ဆုံး ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ ၆။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ပြည်သူ့ဆန္ဒကို ကိုယ်စားပြုသည့်အတွက် နိုင်ငံရေးအရ တရားဝင်မှုကိုပေးစွမ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရသည် ထိုတရားဝင်မှုကို အခြေခံ၍ အုပ်ချုပ်ရေးစွမ်းဆောင်ရည်ကို ဖော်ဆောင်ကာ ထိုမဏ္ဍိုင်နှစ်ရပ်အကြား အပြန်အလှန်ထိန်းကျောင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို လုပ်ဆောင်ရပါသည်။ လွှတ်တော်၏ နိုင်ငံရေးအရ ထိန်းကျောင်းမှုနှင့် အစိုးရ၏ လက်တွေ့အကောင်အထည်ဖော်မှုတို့ ဟန်ချက်ညီညီ ယှဉ်တွဲနေမှသာလျှင် တော်လှန်ရေးခရီးလမ်းသည် တည့်မတ်မှန်ကန်ပြီး လိုရာပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ ၇။ ထို့ကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်ရောက်ရှိသည်အထိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ မယိုင်မလဲ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မတူကွဲပြားသော အင်အားစုများအကြား အပြန်အလှန် ယုံကြည်လေးစားမှုကို အခြေခံ၍ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး၏ ခိုင်မာသော မဏ္ဍိုင်တစ်ခုအဖြစ် ဆက်လက်ဝင့်ထည်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."

Source/publisher: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2026-04-16

Date of entry: 

2026-04-16

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

2.01 MB

Resource Type: 

text

Text quality: 

    • Good